Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ

ကျား-မ ဆက်ဆံရေးကိုပါထည့်ရေးရလို့ ကန်တော့ပါ။

ဆရာရှင့် သမီးအသက်က ၂၇ နှစ်ပါ။ အိမ်ထောင်ကျတာ ၁လကျော်ရှိပါပြီရှင့်။ သမီးမှာ ဆီးအောင့်ပြီး ညဘက်ကိုလဲ အိပ်မရအောင်ဖြစ်နေပါတယ်ရှင့်။ ဘယ်လိုဆေးမျိုးသောက်ရမလဲ ညွှန်ပေးပါရှင့်။

(ဟန်းနီးမွန်း) က တသက်မှာတခါ ပျော်ကြရတဲ့နေ့ဖြစ်တယ်။ ပျော်ရတာနဲ့ ငိုရတာတွဲတတ်တယ်။ ဆရာဝန်နဲ့ဆိုင်မှာက ဆီးအောင့်တာ။ အဖြစ်များလှတယ်။ လိင်အင်္ဂါ၊ လက်ချောင်း၊ ကရိယာပစ္စည်းတွေကနေ ရောဂါပိုးဝင်နိုင်တယ်။ (ကွန်ဒွမ်)၊ ချောဆီ၊ ထုံဆေး၊ သုတ်ပိုးသေဆေးတွေကတော့ ဆေးမတည့်တာသာ ဖြစ်စေနိုင်တယ်။ ပိုဆိုးမှာက စအိုရော (ဗဂျိုင်းနား) ရောသုံးလို့ ဖြစ်တယ်။ သတို့သမီးကိုယ်တိုင် တရားခံဖြစ်နိုင်သေးတယ်။ မ-အင်္ဂါကို ရေဆေးရင်းနဲ့ လက်ကို ရှေ့ပြန်-နောက်ပြန်လုပ်တာကနေ ဖြစ်စေနိုင်တယ်။ လက်ကို ရှေ့ကနေ နောက်ဆီကိုသာ တလမ်းသွားလုပ်ပါ။ အိမ်ထောင်ကျကာစမှ မဟုတ်ဘူး၊ နောင်လဲ ဆီးအောင့်တာ ထပ်ထပ်ဖြစ်နိုင်သေးလို့ ဒီနည်းကိုသာ သုံးပါ။

တရားခံအစစ်က ဗက်တီးရီးယား။ (အီး ကိုလိုင်) ဖြစ်တယ်။ ပိုးဝင်လာပြီး၊ ၁-၂ ရက်ဆိုရင် လက္ခဏာတွေပြတယ်။ ဆီးသွားရတာ ပူလောင်၊ နာကျင်နေမယ်။ ဆီးခဏခဏလဲ သွားချင်နေမယ်၊ သွားချင်လာရင်လဲ ရေချိုးခန်း တန်းပြေးမှ မဟုတ်ရင် တစက်တစက် လမ်းမှာထွက်မယ်။ ကြာတော့ ဆီးကထွက်စရာ မရှိတော့ဘူး။ ဆီးထဲမှာ အနယ်ပါနေမယ်။ အနံ့လဲဆိုးလာမယ်။ တခါတလေ ဆီးထဲမှာသွေးပါမယ်။

အဖြစ်များလွန်းလို့ လူတိုင်းဖြစ်တာပဲလို့လွယ်လွယ်ပြောတတ်ကြတာ အားပေးရာကျပေမယ့် အန္တရာယ်လွယ်ထားရာ ရောက်မယ်။ အတူနေတာ ပဌမဆုံးအကြိမ်မှာသာမကပါ၊ အတူမနေတာကြာပြီးနောက် ပြန်ဆက်ဆံတာကနေလည်း ဖြစ်စေနိုင်တယ်။

ဆီးလမ်းပိုးဝင်ခြင်းအတွက် ပဋိဇီဝဆေးတွေ
• Co-trimoxazole = Septrin (Trimethoprim 160 mg + Sulfamethoxazole 800 mg) တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ၊ ဒါမှမဟုတ်
• Amoxacilin 500 mg တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ၊ ဒါမှမဟုတ်
• Ciprofloxacin 500 mg တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ၊ ဒါမှမဟုတ်
• Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ်၊ ၇ ရက် သောက်ပါ။
• ပိုးသေဆေးတွေကို ဖြစ်မှမဟုတ်ဘဲ ကြိုတင် ကာကွယ်တဲ့အနေနဲ့ သောက်နိုင်ပါတယ်။

နာတာသက်သာဘို့ အများဆုံးသုံးကြတာက Pyridium (Phenazopyridine hydrochloride) ဆေးပြား၊ တခါသောက် 200 mg ကို တနေ့ ၃ ကြိမ်၊ ၂ ရက်။ Spasmogin နဲ့ Buscopan ဆေးတွေလဲ သုံးနိုင်တယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။ ဆီးကအက်စစ်ဓါတ်များနေရင် ပိုးကကြိုက်တယ်။ ဒါ့ကြောင့် အက်စစ်ဓါတ်နည်းအောင် ရေအများကြီးသောက်တာအပြင် Cystopurin (Potassium citrate) ဆေးပါသောက်သင့်တယ်။ လေနာအတွက်ပေးတဲ့ အက်စစ်ပျယ်ဆေးတွေကလည်း ကောင်းတယ်။ Magnesium hydroxide တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊

ဆီးအောင့်လို့ သောက်ရတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက သိပ်ဆိုးတာတွေတော့ မဟုတ်ပါ။ သောက်ဖူးလို့ ဘေးထွက်ဆိုးကျိုးခံနိုင်ရင် သောက်တာ သောက်ပါ။ လူတိုင်းမှာ ဖြစ်ကြတာ မဟုတ်ပါ။ လူတွေအများကြီးကို သုတေသန လုပ်ထားတာမို့ များနေတာပါ။
• Co-trimoxazole = Septrin (Trimethoprim + Sulfamethoxazole) ရဲ့ဘေးထွက်ဆိုးကျိုးများ = ခေါင်းကိုက်၊ အနီပြင်ထွက်၊ ဝမ်းပျက်၊ ပျို့-အန်၊ မှိုပိုးဝင်တတ်၊ ပိုတက်ဆီယမ်များစေ၊ ဆိုဒီယမ်နည်းစေ၊ သကြားဓါတ်နည်းစေ၊ အစားပျက်၊ လျှာနာ၊ ခေါင်းမူး၊ စိတ်ကျ၊ ချောင်းဆိုး၊ ကြွက်သားနာ၊ တက်၊ ကျောက်ကပ်-အသည်းထိခိုက်၊ အရေပြား အဖူးပေါက်၊ (ဆာလ်ဖာ) နဲ့ မတည့်သူ မသောက်ရ။
• Nitrofurantoin ရဲ့ဘေးထွက်ဆိုးကျိုးများ = ဝမ်းအရည်သွား၊ အသက်ရှူမဝ၊ ရင်ပတ်အောင့်၊ ကိုယ်ပူ၊ ကိုက်ခဲ၊ ပိန်၊ ခြေဖျား လက်ဖျားထုံ၊ အသားဝါ၊ အစားပျက်၊ ဆီးနီ၊ ဗိုက်နာ၊ အားနဲ၊ အရေပြားနီ-ဖြူ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ မျက်စိ ကြည့်မကောင်း၊ အစာမကျေ၊ အန်၊ ဝမ်းပျက်၊ ဆီးနီ၊ မွေးလမ်းကြောင်းယား၊ အဖြူဆင်း၊
• Doxycycline ရဲ့ဘေးထွက်ဆိုးကျိုးများ = ခေါင်းကိုက်၊ ခေါင်းမူး၊ မျက်စိကြည့်မကောင်း၊ ကိုယ်ပူ၊ ချမ်း၊ အရေပြားနီ၊ ဆီးနဲ၊ အသားအရေ ဖြူဖျော့၊ အားယုတ်၊ ဗိုက်နာ၊ ပျို့-အန်၊ အစားပျက်၊ အသားဝါ၊ သွေးယို၊ လျှာနာ၊
• Amoxacilin ရဲ့ဘေးထွက်ဆိုးကျိုးများ = အရေပြား အနီပြင်ထွက်၊ ယား၊ အသက်ရှူခက်၊ ဆီးနီ၊ တက်၊ ဝမ်းအရည်သွား၊ ဆီးသွားရခက်၊ သွေးယို၊ အားယုတ်၊ ဆီး-အသားအရေ-မျက်လုံးဝါ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဗိုက်အောင့်၊ အိပ်မရ။

ဆီးအောင့်လို့ ခဏခဏသွားရ၊ ကြာတော့ ဆီးကမရှိတာမို့ မထွက်လာ၊ ဒါကို အရပ်ထဲမှာ ဆီးဆေးဆိုပြီး ဆီးအတင်းသွားစေတဲ့ဆေးမျိုး အသောက်ခိုင်းတတ်တာ လုံးဝမှားပါတယ်။ Lasix လိုဆေးတွေက ကိုယ်ရောင်တာ၊ သွေးတိုးတာတွေမှာသာ သုံးရတာဖြစ်တယ်။ ဆီးအောင့်တာမှာ မသောက်ရပါ။ ပိုဆိုးစေတယ်။

နာရင် အဝတ်ကို ရေခပ်နွေးနွေးဆွတ်ပြီး အုပ်ပေးပါ။ အတူမနေခင်နဲ့ နေပြီးတိုင်း ဆီးသွားပေးပါ။ ရေ-အရည် အများကြီးသောက်ပါ။ Cranberry juice ဖျော်ရည်ကို ညွှန်းတယ်။ လိမ္မော်၊ သံပရာ၊ ကမ္ဗလာ၊ ငှက်ပျောသီး၊ ဖရဲသီး၊ အာလူး၊ ပဲတောင့်ရှည် ကောင်းပါတယ်။ ဒါပေမယ့် အသား၊ ငါး၊ ဥ၊ အစေ့အဆံ၊ ပြောင်း-ပြောင်းဖူး၊ စပျစ်သီးခြောက်၊ ဘယ်ရီသီး၊ ကော်ဖီ၊ ချဉ်တဲ့ (ခရင်မ်)၊ ဝိုင်၊ ဒိန်ချဉ် (ရောဂတ်) တွေက အက်စစ်များစေလို့ လျှော့ရ-ရှောင်ရမယ်။

Urinary Tract Infection ဆီးလမ်းကြောင်း ပိုးဝင်ခြင်း http://doctortintswe.blogspot.com/2014/11/urinary-tract-infection_18.html
Urinary Tract Infection (2) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၂) http://doctortintswe.blogspot.com/2014/11/urinary-tract-infection.html
Urinary Tract Infection (1) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၁) http://doctortintswe.blogspot.com/2015/03/urinary-tract-infection.html
Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ http://doctortintswe.blogspot.com/2015/04/honeymoon-cystitis.html
Acidic Urine ဆီး အက်စစ်ဓါတ်များနေခြင်း http://doctortintswe.blogspot.com/2015/05/acidic-urine.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး