Breast Cancer Today ရင်သား-ကင်ဆာ အရင်ကနဲ့မတူပါ

မင်္ဂလာပါဆရာရှင့်။ ကျွန်မအသက် ၃၂ နှစ်ပါ။ အခုက့ မှာပါ။ ရင်ဘတ်မှာအကျိတ်လေးဖြစ်နေလို့ပါဆရာ။ ဆေးရုံမှာဓာတ်မှန်သွားရိုက်ပြီးပါပြီဆရာ။ ဒီနေ့မှာရက်ချိန်းပေးထားလို့ဆေးရုံကိုသွားပြပါတယ်။ ဆရာဝန်က ကင်ဆာမဟုတ်ဘူးလို့ပြောပါတယ်။ ဆေးလဲမပေးလိုက်ပါဘူး။ ခွဲဖို့လဲမလိုဘူးပြောပါတယ်ဆရာ။ ကျွန်မ မြန်မာပြည်ပြန်ရောက်ရင် ဆရာဝန်နဲ့ထပ်ပြသင့်ပါလားဆရာ။ ဘာဆက်လုပ်သင့်တယ်ဆိုတာ ဆရာအကြံပေးပါနော်။ ရိုသေလေးစားလျက်ပါဆရာ။ ဆေးရုံကဆရာဝန်က စက်တင်ဘာလမှထပ်လာဖို့ ရက်ချိန်းပေးလိုက်တယ်ဆရာ။ ဘာမှလဲမပြောဘူးဆရာ။ ကျေးဇူးပြုပြီး ပြန်ဖြေပေးပါနော်ဆရာ။ ဓာတ်မှန်အဖြေက BIRADS 3

မေးတဲ့သူ ရာသီ မသိ။ အိမ်ထောင်ရေး မသိပါ။ ကနေ့ အဲလိုအချက်အလက်မစုံဘဲမေးသူတွေ အတော်များတယ်။

ရင်သားကင်ဆာဟာ ဆရာဝန်တွေအဖို့ရော လူနာတွေအတွက်ပါ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကနဲ့ မတူတော့ပါ။ ပျောက်ကင်း-ချမ်းသာလာတဲ့နှုန်း မြင့်မားလာနေတယ်။ ကျန်းမာရေးအသိပိုရှိလာနဲ့ စောစောစီးစီးသိပြီး ထိရောက်တဲ့ကုသမှုတွေ ရှိလာတယ်။ ဒါတောင် အမေရိကန်အမျိုးသမီးပေါင်း ၂ သိန်းလောက် ရင်သားကင်ဆာနဲ့ နှစ်စဉ် ဆေးလာကုနေကြရသေးတယ်။

ရင်သားကင်ဆာမှာ ဘယ်လိုလက္ခဏာတွေရှိသလဲ
ဘာမှကို မခံစားရသူတွေ မနည်းဘူး။ တချို့က ရင်သားမှာ မနာတဲ့ အကျိတ်တွေ့တယ်။ တချို့မှာ ရင်သား အရွယ်အစား ပြောင်းလာတယ်။ တချို့ ချိုင်းနေရာ ဖေါင်းလာတယ်။ တချို့ နို့ကနေ တခုခုထွက်တယ်။ ရင်သားနာတာဟာ ကင်ဆာ မဟုတ်ဘို့ များတယ်။ Inflammatory Breast Cancer နို့နာနဲ့တူတဲ့ ရင်သားကင်ဆာဆိုတာ အတော်ရှားပါတယ်။ ကြီးလာတာ မြန်တယ်။ အကျိတ်သပ်သပ်ရယ်လို့ မတွေ့တတ်ဘူး။ အပေါ်ယံအရေပြားက ထူထဲ၊ ရဲလာမယ်။ လိမ်မော်ခွံနဲ့ ဆင်တယ်။

စောစောသိလေ ကောင်းလေဆိုတာ ရင်သားကင်ဆာမှာ သိပ်မှန်တယ်။ (မင်မိုဂရမ်) စစ်တာနဲ့သိနိုင်တယ်။ လက်နဲ့ စမ်းမတွေ့ခင်ကတည်းကနေ သိတယ်။ American Cancer Society ကနေ အသက် ၄ဝ ကျော်သူတိုင်း ဖြစ်နိုင်ခြေ အုပ်စုမှာပါနေရင် တနှစ်တခါ Mammograms (မင်မိုဂရမ်) ရိုက်ဘို့ အကြံပြုထားတယ်။ ၅ဝ-၇၄ နှစ်ရှိသူတိုင်း ၂ နှစ်တခါစစ်ဘို့ ပြောထားတယ်။

ရင်သားကို မင်မိုဂမ်ရိုက်ရင် BI-RADS assessment categories အဆင့်သတ်မှတ်မှုတွေခွဲထားတယ်။
0- incomplete မပြည့်စုံ၊
1-negative ကင်ဆာမရှိ၊
2-benign findings ကင်ဆာမဟုတ်တာရှိ၊
3-probably benign ကင်ဆာမဟုတ်လောက်တာဖြစ်နိုင်၊ (မေးတဲ့သူအဆင့်)
4-suspicious abnormality မူမမှန်ကိုသံသယရှိ၊
5-highly suspicious of malignancy ကင်ဆာလို့သံသယရှိ၊
6-known biopsy with proven malignancy ကင်ဆာ။

(အာလ်ထွာဆောင်း) ရိုက်ရင် Cysts (ဆစ်စ်) ခေါ်တဲ့ အထဲမှာ အရည်လိုဟာရှိနေတဲ့အိတ်ကို သိနိုင်တယ်။ ဒီလိုတွေ့တာ ကင်ဆာ မဟုတ်ပါ။ ရင်သားကင်ဆာ ဖြစ်နိုင်ဘို့ အလားအလာရှိသူတွေကို Mammogram routine screening ပုံမှန် ဆန်ကာတင်စစ်နည်း (မင်မိုဂရမ်) နဲ့အတူ MRI ပါရိုက်ရမယ်။

ကိုယ့်ဖါသာ စစ်ဆေးနည်းကလဲ အထောက်အကူပြုပါတယ်။ လတိုင်းစစ်နေသင့်တယ်။ စစ်ဆေးနည်းကို ဆရာဝန်ဆီကနေ လေ့လာသင်ယူထားပါ။ ကိုယ့်ဖါသာရှာလို့ မတွေ့ပေမဲ့ မရှိတာလို့တော့ မပြောနိုင်ပါ။ အကျိတ်စမ်းရရင် ပဌမဆုံးအချက်က အစိုးရိမ်မကြီးပါနဲ့။ ရင်သားအကျိတ် ၈ဝ% ဟာ ကင်ဆာမဟုတ်ပါ။ ဆရာဝန်ကိုတော့ပြပါ။ (ဆစ်စ်) အကျိတ်ဖြစ်နိုင်တယ်၊ လစဉ်လာ ရာသီခွင်ကြောင့် အပြောင်းအလဲ ဖြစ်နိုင်တယ်။ ကလေးနို့တိုက်နေတုံး အဆင်မသင့်တာလဲ ဖြစ်နိုင်တယ်။ အသားစ ထုတ်ယူစစ်ဆေးခြင်းက ရောဂါနာမည်ကို သေခြာစေမယ်။

Hormone-Sensitive Breast Cancer ဟော်မုန်းသက်ရောက်မှုရှိတဲ့ ရင်သားကင်ဆာ အမျိုးအစား
(အီစထိုဂျင်) နဲ့ (ပရိုဂျက်စတီရုံး) ဟော်မုန်း ၂ မျိုးရဲ့ သက်ရောက်မှုအရ အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ ရင်သားကင်ဆာ ဟုတ်-မဟုတ်ကို အသားစဖြတ်ယူစစ်ဆေးတာလုပ်ရင် သိစေမယ်။ Receptors ဆိုတာကို တွေ့ရမယ်။ Estrogen (ER-positive) ဒါမှမဟုတ် Progesterone (PR-positive) ဒါမှမဟုတ် ၂ မျိုးလုံး ဖြစ်နိုင်တယ်။ တချို့မှာ ၃ ပုံ ၁ ပုံမှာ ဘယ်ဟာမှ မပါဘူး။ ပါတာအတွက် ဟော်မုန်းဆေးတွေသုံးပြီး ကုသနိုင်တယ်။ ၂ဝ% နည်းပါး HER2 ခေါ်တဲ့ (ပရိုတင်း) တွေတွေ့ရတယ်။ ဒီလိုအမျိုးအစားကို HER2-positive လို့သတ်မှတ်မယ်။ ပြန့်ပွါးတာ မြန်တယ်။ ကုသမှု တနည်းသုံးရတယ်။

ရင်သားကင်ဆာ အဆင့်သတ်မှတ်မှု
ရင်သားကင်ဆာကို ရောဂါနာမည်တပ်ပြီးတာနဲ့ တဆက်ထဲလုပ်မှာက ဘယ်အဆင့်ရောက်နေပြီလဲ။ ဆိုလိုတာက ဘယ်လောက်ကြီးနေလို့ ဘယ်အထိပြန့်နေပြီလဲ။ အဆင့် သုညကနေ လေးအထိ သတ်မှတ်တယ်။ ဒါကိုသိမှ ဘယ်လိုနည်း သုံးပြီးကုမလဲ ဆုံးဖြတ်ရတယ်။

ခွဲစိတ်ကုသနည်း အမျိုးမျိုးရှိတယ်။ Lumpectomy ဆိုတာ Breast-conservation surgery အကျိတ်ကိုသာထုတ်ပြစ်ပြီး ရင်သားကိုချန်ထားနည်း။ Mastectomy ရင်သားတခုလုံး ထုတ်ပြစ်နည်း။

ဓါတ်ကင်နည်းမှာ High-energy rays ပြင်းတဲ့ဓါတ်ရောင်ခြည်သုံးရတယ်။ ကင်ဆာ-ဆဲလ်တွေကိုသေစေမယ်။ ခွဲစိတ်ပြီးမှလဲလုပ်တယ်။ ဆေးပေးနည်းနဲ့လဲတွဲတယ်။

ဆေးပေးနည်းဆိုတာ တကိုယ်လုံးက ရှိသမျှ ကင်ဆာဆဲလ်တွေကို သတ်ပြစ်မယ်။ အကြောဆေး၊ စားဆေး နဲ့ ထိုးဆေးတွေရှိတယ်။ ခွဲပြီးမှလဲပေးတယ်။ နောက်ပိုင်းကျနေတဲ့ အဆင့်အတွက်လဲ ထိန်းနိုင်အောင် ပေးတယ်။ ဆံပင်ကျွတ်၊ ပျို့၊ အားယုတ်၊ ရောဂါပိုးဝင်ဆိုတဲ့ ဘေးထွက်-ဆိုးကျိုးတွေ ဖြစ်နိုင်တယ်။

ဟော်မုန်းပေးနည်းဆိုတာ ER-positive နဲ့ PR-positive breast cancer အမျိုးအစားတွေအတွက် ကောင်းတယ်။ ခွဲစိတ်ပြီးနောက် ပေးရတာများတယ်။ ရင်သားကင်ဆာဖြစ်ဘို့ အန္တရာယ်ရှိနိုင်သူတွေကိုလဲ ပေးနိုင်တယ်။

ပစ်မှတ်ဆေးပေးကုသနည်းမှာတော့ ဆေးသစ်တွေသုံးတယ်။ HER2-positive breast cancer အမျိုးအစားမှာ HER2 ပရိုတင်းတွေများနေတယ်။ ဒီဟာတွေကို ပစ်မှတ်ထားပြီး တားမဲ့ဆေးသုံးတယ်။ (ခီမို) ဆေးနဲ့ တွဲတတ်တယ်။

ရင်သားကင်ဆာ ဘယ်လောက်အသက်ရှင်မှာလဲက ဘယ်အခြေအနေမှာ စသိသလဲအပေါ်မှာ အများကြီးမူတည်တယ်။ American Cancer Society အလိုအရ အဆင့် (၁)မှာ စသိပြီး ဆေးကုရင် ၅ နှစ်သေခြာပေါက်ရှင်မှာ ရာနှုန်းပြည့်။ နောက်ကျမှသိလေလေ အသက်ရှင်နေနိုင်ဘို့ နှစ် နည်းလေလေ။ အဆင့် (၄) ကျမှသိရင် ၂ဝ% အထိသာရှိမယ်။ ကံကောင်းသူတွေ (ဆေးကုနည်းကောင်းရင်) ဒိထက် ရှည်ပါအုံးမယ်။

ကင်ဆာဆိုတာ ဆရာဝန်တွေပြောစရာမလိုအောင် ဆိုးတာတော့ သိနေကြပြီ။ အသေအခြာ၊ စောစော၊ စနစ်တကျ ကုသရင် အများကြီး ကောင်းစေမယ် ဆိုတာတော့ ပြောပါရစေ။ နေ့တဓူဝကိစ္စမျိုးတွေ အရင်လိုတော့ မလုပ်နိုင်၊ မလုပ်သင့်ပါ။ တကိုယ်တည်းလိုလို ခံစားရနိုင်တယ်။ မိတ်ဆွေတွေ အမျိုးတွေနဲ့ ပိုပြီးထိစပ်ဆက်ဆံပါ။ အားပေးမှုရယူပါ။ ဘဝတူအုပ်စုတွေမှာ ပါဝင်ပါ။

ရင်သားတခုလုံး ထုတ်လိုက်ရသူတွေက အတုပြန်လုပ်တဲ့ ခွဲစိတ်နည်းလုပ်နိုင်တယ်။ အရေပြား၊ ခွဲစိတ်ထုတ်ပြစ်လိုက်တဲ့ နို့သီး၊ နို့ (တစ်ရှူး) တွေ အစားလုပ်ပေးနည်းဖြစ်တယ်။ နို့အတုထည့်နည်း နဲ့ ကိုယ့်ခန္ဓာကိုယ် တခြားနေရာက (တစ်ရှူး) တွေယူပြီး အသစ်တည်ဆောက်နည်းလို့ ရှိတယ်။ ရင်သားထုတ်တဲ့အချိန်မှာ တခါတည်းလဲလုပ်တာရှိတယ်။ နောက်မှ အေးအေးဆေးဆေး လုပ်တာလဲရှိတယ်။ (သပ်သပ် ရေးထားပါတယ်။) ရင်သားပုံစံအတု သုံးနည်း။ ခွဲစိတ်စရာမလိုဘူး။ ကိုယ်လိုချင်သလို ဝတ်ဆင်နိုင်တယ်။

ရင်သားကင်ဆာ ဖြစ်စေနိုင်တဲ့ အလားအလာရှိသူတွေ
ကိုယ်အလေးချိန်များသူတွေ၊ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်သူတွေ၊ အရက်သေစာ သောက်စားသူတွေ၊ ကိုယ်ဝန်တားဆေး တချို့၊ သွေးဆုံးချိန်မှာ ဟော်မုန်းဆေးပေးကုသသူတွေ၊ ဒီလိုဆေးတွေကြောင့်ဖြစ်တာမျိုးက ဆေးဖြတ်လိုက်ရင် ဖြစ်နိုင်ခြေ အလားအလာလဲ ရပ်တန့်သွားမယ်။ ရင်သားကင်ဆာက လွန်မြောက်လာသူတွေရဲ့ အတွေ့အကြုံအရ လူနေမှုပုံစံ ပြုပြင်ခြင်းဟာ အများကြီးအထောက်အကူပြုတာ တွေ့ရတယ်။ သုတေသနတွေ ဆက်လုပ်နေပါတယ်။

ကျမကျမှ ဘာလို့ဖြစ်ရသလဲရှင်
ပဌမအချက်က မိန်းမဖြစ်နေလို့ပါ။ (ဆောရီး)။ ယောက်ျားတွေမှာ အဆ ၁ဝဝ နည်းကြတယ်။ အမျိုးသမီး အသက် ၅၅ နှစ် ကျော်သူတွေ။ အမေမှာ ဒါဖြစ်ဘူးတယ်ဆိုလို့ သိပ်မစိုးရိမ်ပါနဲ့။ မျိုးရိုးမလိုက်တာ ၈ဝ% ရှိတာလဲ သတိပြုပါ။
တချို့မှာ ရင်သားကင်ဆာ မျိုးဗီဇ ပါနေတယ်။ အဲဒီ မျိုးဗီဇတွေကို BRCA1 နဲ့ BRCA2 လို့ ခေါ်တယ်။ ဒါရှိနေသူတွေထဲက ၈ဝ% က ရင်သားကင်ဆာဖြစ်စေနိုင်တယ်။ မျိုးဗီဇအကြောင်း ဆရာဝန်တွေသိတာ နည်းသေးတယ်။ ကံတရားလို့ပြောတာ ဘယ်သူငြင်းနိုင်ပါသလဲ။

၁၁-၆-၂ဝ၁၂ နေ့ကလာတဲ့ ဆေးပညာသတင်းတခုက ရင်သားကင်ဆာ ဝေဒနာသည်တွေအတွက် အားတက်စရာ ဖြစ်ပါတယ်။ Perjeta ခေါ်တဲ့ ထိုးဆေးကို FDA ကနေ အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။ Perjeta ဆေးဟာ pertuzumab ဖြစ်တယ်။ ရင်သားကင်ဆာထဲက HER2-positive အမျိုးအစားအတွက် သုံးမှာဖြစ်ပါတယ်။

Dr. တင့်ဆွေ
၂၁-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး