Surgery ABC ခွဲစိတ်ပညာ သူငယ်တန်းဖတ်စာ (၁)

ဆရာ့ MBBS ရပြီးရင် အနည်းဆုံးကျွမ်းကျင်ဖို့လိုနေတဲ့ operative procedure ခွဲစိတ်နည်းအဆင့်တွေ ဘယ်နှစ်ခုလောက်ရှိမလဲ။ တကယ်နှဖူးတွေ့ဒူးတွေ့ referral လုပ်မရတဲ့ case မျိုးတွေပေါ့။ ဥပမာ emergency cesarean section ဗိုက်ခွဲကလေးမွေးတာလိုမျိုးက ရှောင်မရဘူး။ ပစ္စည်းရှိရင် လုပ်တတ်ရမှာပဲ အဲလိုမျိုး ဘယ်နှစ်ခုလောက် ရှိနိုင်မလဲဆရာ။

ခွဲစိတ်ပညာ လက်တွေ့ကို မရေးဖြစ်သေးပါ။ လူသစ်များသို့ပေးစာ (၃) မှာလို အင်္ဂလိပ်စာကို ဘယ်လို အပတ်တကုပ် လုပ်ခဲ့သလဲစာမျိုးလို ခွဲစိတ်ပညာအတွက်ပါ ရေးတော့ရေးချင်တယ်။ စကားပြောရင် နားထောင်တဲ့ပရိသတ်ကို သိရသလို စာရေးရင်လည်း စာဖတ်သူရဲ့ ရေချိန်ကို မှန်းဆရတယ်။ စိတ်ဝင်စားသူဖြစ်တာနဲ့ တတ်တော့တယ်။ တော်တော့မယ်။
ကျွန်တော့်ဆေးခန်းလေးမှာ လာကူကြမယ့် ဒုက္ခသည်ထဲက ဆရာလေး ဆရာမလေးတွေသင်ဘို့ ဆေးစာတွေကို ဘာသာပြန်ရာကနေ ဆေးပညာစာတွေ စရေးရတယ်။ သူတို့တတွေက အလွန်ဆုံးမှ ဆယ်တန်းလောက်သာ ပညာ အခြေခံရှိကြတယ်။ ဗမာစကားကိုလည်း မရေလည်ကြဘူး။ အဲတော့ စာကိုချိန်ဆရေးရတယ်။ နောက်တော့မှ မေးခွန်းတွေကိုဖြေရာကနေ စာတွေပိုရေးတဲ့အခါ ပညာပိုင်းဆန်အောင် ထပ်ဖြည့်လာရတယ်။ ဆေးလောကကလူတွေလည်း ဖတ်တယ်ဆိုတာနဲ့ ဆေးသုတေသနတွေကိုပါထည့်ရေးရာကနေ အခုရေးနေတဲ့အဆင့် ရောက်လာတာပါ။

ခွဲစိတ်ပညာကို စာနဲ့ရေးရတာက အလွန်ကိုခက်ခဲလိမ့်မယ် ထင်နေတယ်။ အဆင့်တွေပါမယ်။ လေ့လာနည်းတွေပါမယ်။ ကြံရဖန်ရတာတွေပါမယ်။ ဥပမာ တေးဂီတမှာ (ဒို-ရေ-မီ-ဖါ) လိုမျိုး၊ ဓါတုဗေးမှာ (အဲလီမင့်) နဲ့ (ဗယ်လင်စီ) လိုမျိုး၊ အခြေခံတော့ မပါလို့မရဘူးပေါ့။

ခွဲစိတ်ဓါးကိုင်တာကနေ စပြောပါမယ်။ ခွဲစိတ်ပညာသင်ရိုးမှာ ပုံနဲ့ပါပါတယ်။ ခွဲစိတ်ဓါး လက်ထဲရောက်ရင်တော့ ဇွန်းခက်ရင်းနဲ့ စပြီးထမင်းစားသင်တဲ့သူလိုနေမှာပေါ့။ ကြာတော့လည်း တူကိုပါ ကျွမ်းကျမ်းကျင်ကျင် ကိုင်နိုင်လာမှာပါ။ ဗိုက်လိုနေရာခွဲတဲ့အခါ ဓါးအသွားဖက်ကို အထက်ထားပြီး မျဉ်းကြောင်းရာပေးရတယ် မဟုတ်လား။ ဒါမှ ပြန်ဗိုက်ပိတ်တဲ့အခါ တဖက်အရေပြားနဲ့ ကျန်တဖက် တည့်တည့်ကျမှာ။ အထူးသဖြင့် အူကျတာနဲ့ အူအတက်ခွဲတာမျိုး တစောင်းခွဲရတဲ့အခါ အဲတာမျိုးမလုပ်လို့မဖြစ်ဖူး။ အဲလိုဓါးဦးနဲ့ မခွဲခင်မျဉ်းဆွဲရတာတောင်မှ စခွဲရသူတွေက ဓါးကိုချိန်ဆဘို့ ခက်တတ်တယ်။ နက်သွားရင် အဆီပြင်ထိ ရောက်မယ်။ ဖေါ့လွန်းရင် မျဉ်းမထင်ဘူး။ နှစ်ခါပြန်လုပ်ရင် မျဉ်းနှစ်ကြောင်း ဖြစ်သွားမယ်။ ဓါးရာတိုင်းက အမာရွတ်ဖြစ်တယ်။ ကိုယ့်လက်ရာ မကျန်လေကောင်းလေ။

အမျိုးသမီးရင်သားကို ခွဲစိတ်ရတာမျိုး၊ ယောက်ျား-မိန်းမ မျက်နှာမှာခွဲရတာမျိုး၊ စတဲ့ ထူးခြားတဲ့အခြေအနေတွေမှာ ဓါးရာကအစ၊ အောက်ထဲမှာ ဖြတ်တာတောက်တာ ကိုင်တာတွယ်တာမှာ သတိထားပေးရမယ်။ ခွဲစိတ်ကရိယာတွေ အကောင်းဆုံးဖြစ်ဘို့လိုသလို ဆရာဝန်လက်တွေဟာလည်း အကောင်းဆုံးဖြစ်ရလိမ့်မယ်။ ကျန်ရစ်မဲ့ အမာရွတ် သက်သာအောင် အရေပြားစင်းကြောင်းလိုက်ခွဲရတဲ့ စည်းမျဉ်းလိုက်နိုင်သလောက် လိုက်ရတယ်။ လက်ဝါးမှာတော့ လက္ခဏာမျဉ်းကြောင်းတွေနဲ့ အပြိုင်ဖြစ်ရတာအပြင် သီးသန့်လိုက်နာရမဲ့ သတ်မှတ်ချက်တွေရှိတယ်။ ရင်သားမှာလည်း ထူးခြားတဲ့ စည်းကမ်းလေးတွေရှိတယ်။ တချို့ အကျိတ်ကို ချုပ်ရိုးမသိသာစေအောင်ခွဲနိုင်တယ်။ အရောင်ရင့် အဝိုင်းအနားသတ်မှာ ဓါးရာပေးပြီး အတွင်းကို လိုက်နှိုက်ရှာရတယ်။ နို့ထွက်ပြွန်လေးတွေကို ကန့်လန့်ဖြတ်မခွဲမိစေရ။ အောက်နားရှိတာဆိုရင် နို့အုံအောက်ခြေကနေခွဲရင် ရှေ့တည့်တည့်ကကြည့်တဲ့သူက အမာရွတ်ကို မမြင်နိုင်ပါ။

ကြိုးချည်နည်းက မှန်ရမယ်။ မြန်ရမယ်။ အားအားရှိတိုင်း လေ့ကျင်နေရတယ်။ ဒရစ်ဆက်ကြိုးအဟောင်းနဲ့ လေ့ကျင့်ကြ့တယ်။ လက်ကိုမှောက်လျှက် တခါချည်၊ ပက်လက်တခါချည်ရတယ်။ ကြာတော့ မြန်လာပါတယ်။ ချုပ်နေရင်းချည်တာမှာတော့ အပ်ကိုင်တဲ့ (နီးယ်လ် ဟိုလ်ဒါ) နဲ့ချည်တာကောင်းတယ်။ မြန်တယ်။ ကြိုးစအတိုက တလှည့်စီ ဟိုဖက်ရောက်လိုက် သည်ဖက်ရောက်လိုက်နေမှသာ ချည်နည်းမှန်တယ်။ သင်ပေးရတာလည်း လွယ်တယ်။

ကတ်ကြေးကိုင်တာလည်းပညာ။ အတွင်းထဲမှာသာသုံးရတဲ့ (မေယို) ကပ်ကြေးကို ကြိုးဖြတ်ရာမှာ မသုံးရတာကို ဥပဒေလို လိုက်နာရတယ်။ ကြိုးဖြတ်ရင် လက်တဖက်က ကတ်ကြေးကိုင်၊ အဖျားမှာ နည်းနည်းသာဟထား။ ကျန်လက်ဝါးပေါ်မှာ ကတ်ကြေးကို အပြားလိုက်တင်၊ ဖြတ်မယ့်ကြိုးဆီကို ကတ်ကြေးသွားတဖက်နဲ့ထိကပ်ထားရင်း ကြိုးအထုံးထိဆွဲချပြီး တိကနည်း ဖြတ်ရတယ်။ သွေးကြောခြည်တဲ့ အပ်ခြည်ကြိုးတွေကိုဖြတ်ချင်ရင် ကတ်ကြေးကို အောက်ချမထားရဘူး။ လက်မဖက်က ကတ်ကြေးကွင်းကို မဖြုတ်ပဲ ကတ်ကြေးကို လက်ဝါးထဲမှာ ဝှက်ထားရတယ်။ ကောင်းဘွိုင်ဇာတ်ကားထဲမှာ ခြောက်လုံးပြူး လှည့်ကိုင်သလိုပေါ့။ ဆေးထည့်တဲ့အခါ ပတ်တီး၊ ပလာစတာ ကိုက်ရတာမှာလည်း ကတ်ကြေးကို အောက်ချမထားပဲ အဲဒီနည်းသုံးရတယ်။

သွေးကြောညှပ် (ဖေါ့ဆက်ပ်) ကို ညှပ်တာရော ဖြုတ်တာပါ။ ပညာပါရတယ်။ အရွယ်အစားစုံကို ကျင့်ထားရမယ်။ လက်နှစ်ဖက်နဲ့ ဖြုတ်တတ်ရမှာဖြစ်သလို လက်တဖက်တည်းနဲ့ လည်းဖြုတ်တတ်ရမယ်။ အရေးရယ်အကြောင်းရယ်မှာ အဲလိုလုပ်မှရတတ်တယ်။

ဆက်ရေးပါအုံးမယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကို အဝေးကနေ မာန်လျှော့ ကန်တော့လိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၁၂-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)