Medications during pregnancy ကိုယ်ဝန်ဆောင်စဉ်သုံးနိုင်တဲ့ဆေးများ

၁။ ဆရာရှင့် မင်္ဂလာပါ။ ကျွန်မက အသက် ၃၅ နှစ်။ ကလေး (အသက် ၁နှစ် ၇လ) တယောက်အမေပါ။ နောက်ကိုယ်ဝန် ထပ်ရပါတယ်ရှင့်။ ယခုကိုယ်ဝန် ၅ လ ခွဲရှိပါပြီရှင့်။ ကိုယ်ဝန် ၆ ပတ်လောက်မှာ အအေးမိနှာစေးဖြစ်လို့ Decolgen extra strong တလုံး၊ နောက် ၇ နာရီအကြာမှာ Decolgen ရိုးရိုးတစ်လုံး (ကိုယ်ဝန်ရှိမှန်းမသိသေးပါ) သောက်မိပါတယ်ရှင့်။ နောက်တော့ကိုယ်ဝန်ရှိနေမှန်းသိမှ ကျွန်မ Google မှာ ရှာကြည့်တဲ့အခါ  Decolgen မှာ ပါဝင်တဲ့ phenylephrine က ကိုယ်ဝန်ဆောင်နဲ့ မသင့်တော်တဲ့အကြောင်း ဖတ်ရပါတယ်ရှင့်။ အဲလိုဖတ်ရပြီး စိုးရိမ်စိတ်နဲ့ တခါတလေ ညအိပ်မပျော်ပါဆရာ။ ကျွန်မ ဗိုက်ထဲက ကလေးအတွက်ထိခိုက်နိုင်သလား သိချင်ပါတယ်ဆရာရှင့်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင့်။

ဆရာရှင် ကျမအသက် ၄၁ ပါ။ ကိုယ်ဝန်၅လရှိပါပြီ။ အ ခုနှာစေးပြီးချောင်းဆိုးနေလို့ပါရှင်။ ကိုယ်ဝန်မထိခိုက်အောင် ဘာဆေးသောက်ရပါ့မလဲရှင်။

ကိုယ်ဝန်ဆောင်စဉ်သုံးနိုင်တဲ့ဆေးများ
၁။ Prenatal vitamins ကိုယ်ဝန်ဆောင်အားဆေးများ

၂။ Allergy အလာဂျီ ခေါ် တခုခုနဲ့ မတည့်လို့ဖြစ်တာအတွက်သုံးနိုင်တဲ့ဆေးတွေ
• Benadryl (diphenhydramine)
• Claritin

၃။ Cold and Flu အအေးမိတုပ်ကွေးအတွက်သုံးနိုင်တဲ့ဆေးတွေ
• Tylenol (acetaminophen) ပါရာစီတမော။
• Saline nasal drops or spray
• Warm salt/water gargle

၎။ Constipation ဝမ်းချုပ်ခြင်းအတွက်သုံးနိုင်တဲ့ဆေးတွေ
• Colace
• Metamucil

၅။ First Aid Ointment ရှေးဦးသူနာပြုအတွက်သုံးနိုင်တဲ့ဆေးတွေ
• Bacitracin
• J&J First-Aid Cream
• Neosporin
• Polysporin

၆။ Rashes အရေပြားအနီပြင်ထခြင်းအတွက်သုံးနိုင်တဲ့ ခရင်မ်နဲ့လိမ်းဆေးတွေ
• Benadryl cream
• Caladryl lotion or cream
• Hydrocortisone cream or ointment
• Oatmeal bath (Aveeno)

၇။ Antibiotics ယေဘုယျသုံးနိုင်တဲ့ ပဋိဇီဝဆေးများ
• Amoxicillin
• Ampicillin
• Clindamycin
• Erythromycin
• Penicillin
• Nitrofurantoin

၈။ မသုံးသင့်တဲ့ ပဋိဇီဝဆေးများ
• Tetracyclines
• Doxycycline
• Minocycline
• Trimethoprim and sulfamethoxazole (Septrin)

၉။ Antihistamines (အင်တီဟစ်တမင်း) ဆေးများ
လူသိများတဲ့ (ဘာမီတွန်) ဆိုတာ (အင်တီဟစ်စတမင်း) ဆေးဖြစ်တယ်။ အရင်ပေါ်ဆေးတွေက ကိုယ်ဝန်ဆိုရင် ပိုပြီးစိတ်ချနိုင်တယ်လို့ ပြောလို့ရတယ်။ နောက်ဆေးတွေက ပေါ်တာသိပ်မကြာသေးတော့ လေ့လာမှု နည်းသေးလို့ ယှဉ်ပြောရတာသာ ဖြစ်ပါတယ်။ စိတ်ချရရတယ်ဆိုပေမဲ့ တန်ဆေး၊ လွန်ဘေးဆိုသလို များသွားရင် အထဲကကလေးကို ထိခိုက်စေမလား သတိထားရတယ်။ နို့ထဲကိုလဲ နည်းနည်းလေးသာရောက်လာလို့ ကလေး နို့တိုက်နေတုံးလဲ သောက်နိုင်တယ်။ ဆေးက အိပ်ချင်တာကိုတော့ သိထားရမယ်။ စိုးရိမ်ချက်သာဖြစ်ပြီး တကယ်တန်း ကလေးမှာ ရောဂါရစေတာ မရှိသေးပါ။ သတိပေးချက်တခုက ကိုယ်ဝန် ၃ ပါတ်ကနေ ၁၁ ပါတ်အတွင်းမှာ သတိနဲ့သုံးပါတဲ့။

ပဌမမျိုးဆက်ဆေးတွေက Brompheniramine, Chlorpheniramine, Dimenhydrinate, Diphenhydramine, Doxylamine, Hydroxyzine, and Pheniramine တွေဖြစ်တယ်။ Doxylamine နဲ့ Dimenhydrinate တွေကို အအန်ပျောက်ဆေး၊ ကားမူးပျောက်ဆေးအဖြစ် သုံးတယ်။

ဒုတိယမျိုးဆက်ဆေးတွေကတော့ Cetirizine, Desloratadine, Fexofenadine, and Loratadine တွေဖြစ်တယ်။ သုတေသနတွေလုပ်တယ်။ Cetirizine နဲ့ Fexofenadine တွေကို ကိုယ်ဝန်တွေသုံးတော့ မလိုလားအပ်တာတွေ မဖြစ်တာတွေ့ရတယ်။ Loratadine နဲ့ Desloratadine တွေကိုလေ့လာတော့ အများအားဖြင့် စိတ်ချရတာတွေ့တယ်။ Hypospadias ခေါ် ယောက်ျားလေးတွေ မွေးရာပါ ဆီးထွက်ပေါက်နေရာမမှန်တာ နည်းနည်း အဖြစ်ပိုများတာတွေ့ရတယ်။

၁ဝ။ Pain Medicines ကိုယ်ဝန်နဲ့ အနာသက်သာဆေးများ
ကိုယ်ဝန်ဆောင်နေရင် ဆေးသောက်တာသတိထားကြဘို့ ကောင်းတယ်။ အထူးသဖြင့် ပဌမ ၃ လအတွင်း။ အအေးမိတာ၊ တော်တော်တန်တန် နာတာ-ကိုက်တာက ဆေးလဲမလိုပါ။ ဆေးသောက်ရပြီဆိုရင်လဲ ဆေးထိရောက်မှုအတွက် အနည်းဆုံးလိုအပ်ချက်နဲ့ အတိုဆုံးရက်သာသုံးသင့်တယ်။ အစိုးရိမ်ကြီးစရာတော့ မဟုတ်ပါ။ အကျိုးနဲ့အပြစ် ချင့်ချိန်ရင် အကျိုးကပိုပါတယ်။

Paracetamol (ပါရာစီတမော) ဆေးကို နာတာ၊ ကိုက်ခဲတာ နဲ့ ကိုယ်ပူကျဘို့သုံးတယ်။ ကိုယ်ဝန်နုနုရင့်ရင့်သုံးပေမဲ့ စိတ်ချရတယ်။ ဆေးအဆကိုတော့ သတိထားတာ မမှားဘူး။

Ibuprofen (အိုဘူပရိုဖင်) ဆေးကလဲ နာတာ၊ ကိုက်ခဲတာ နဲ့ ကိုယ်ပူကျဘို့သုံးတယ်။ (ပါရာစီတမော) လိုတာ့ စိတ်မချသင့်ဘူး။ ကိုယ်ဝန် ၆ လအထိအတွက်။ တတိယ ၃ လမှာတော့ မသောက်ဘဲနေတာ ကောင်းတယ်။ ကိုယ်ဝန် ပဌမ ၃ လ (၁-၁၃ ပါတ်) အတွင်းသောက်သူတွေကိုလေ့လာတော့ ကိုယ်ဝန်ပျက်ရသူ အရေအတွက် ပိုများတာ သိထားရတယ်။ ဒုတိယ ၃ လ (၁၄-၂၇ ပါတ်) အတွင်းမှာ စိတ်ချနိုင်တယ်။ တတိယ ၃ လ (၂၈-၄ဝ ပါတ်) အတွင်း ရှောင်နိုင်ရင် ကောင်းတယ်။ တချို့မှာ သွေးဖိအားများရာကနေ ကလေးအဆုပ်ကိုသက်ရောက်တာ၊ မွေးဖွါးရတာ အချိန်ပိုကြတာ၊ ရေမြွာရည်နည်းတာတွေ တွေ့ရတယ်။

တိုင်းရင်းဆေးတွေနဲ့ ဟာဗယ်ဆေးအများစုကို ဆေးသုတေသနမပြည့်စုံလို့ အတိအကျမပြောနိုင်ပါ။ အခြေခံအချက်တခုက ဘယ်ဆေးမှ ၁ဝဝ% စိတ်ချရတယ်လို့တော့မရှိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး