Dehiscence After Surgery ခွဲပြီးလူနာ ဗိုက်ပွင့်ထွက်ခြင်း

မင်္ဂလာပါဆရာ ဒီနေ့ ဆရာ့ facebook Page မှာ ခွဲစိတ်ချုပ်ကြိုးများအကြောင်း ဖတ်လိုက် ရပါတယ်ရှင့်။ သမီးအမေက အသက် ၅၄ နှစ်၊ ကလေး ၄ ယောက်မိခင်။ အစာအိမ်အနာဖြင့် ၂၃-၁ဝ-၂ဝ၁၆ တွင် ဆုံးပါးခဲ့ပါတယ်။ ခွဲစိပ်တာလဲ အောင်မြင်ခဲ့ပါတယ်ရှင့်။ အနာချုပိရိုးက ၈ လက်မလောက်ရှိပါတယ်ရှင့်။ ချုပ်ရိုးကို သမီးတို့မြင်နေကြပုံစံမျိုး ဖြင့်ချုပ်ထားခြင်း မဟုတ်ပါဘူးရှင့်။ (မမြင်ဖူးတာလဲ ဖြစ်နိုင်ပါသည်။) အောက်ဖော်ပြပါပုံတွေထဲက Staples ပုံစံချုပ်ထားတာတွေ့ရပါတယ်။ ခွဲစိပ်ပြီး ၃ ရက်အကြာမှာ ဆေးရုံမှ ဆင်းခိုင်းသောကြောင့် ဆင်းခဲ့ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှ့ သို့ ကားဖြင့်ဆင်းခဲ့ပါတယ်။ အိမ်ရောက်သော် ချောင်းဆိုးသောကြောင့် ချုပ်ရိုးနဲနဲပွင့်ခဲ့ပါတယ်။ နောက်နေ့ နံနက်တွင်ဆေးရုံပြန်တတ်ခဲ့ပါတယ်။ လူနာကုတင်မှာပင် ချုပ်ရိုးကို အားလုံးပြန်ဖွင့်ပြီး အတွင်းချုပ်ရိုးပြေ မပြေ ကို ၂ ပါတ်ခန့် ဒီတိုင်းထားပြီး (ဆေးထည့်ပေးပြီး ပတ်တီးအုပ်/နေ့စဉ်) စောင့်ကြည့်နေခဲ့ပါတယ်။ ၂ ပတ်မြောက်နေ့တွင် အနာကိုပိုးဝင်ကာ ပိုးအဆိပ်တတ်ပြီး ဆုံးပါးခဲ့ရပါတယ်။ သမီးစိတ်ထဲတွင် ချုပ်ရိုးကို ကြိုးဖြင့်ချုပ်ခဲ့လျှင် ဒီလိုအဖြစ်မျိုး ဖြစ်မည်မထင်ပါ။ (ဆေးပညာ အတတ်ပညာမရှိသောကြောင့်) သမီးအယူအဆမှားရင် ကြိုပီးတောင်းပန်ပါတယ်ရှင့်။ မဖြစ်သင့်ပဲ ဖြစ်ခဲ့သည်ဟု ထင်ပါသည်။ ဒီအဖြစ်အပျက်ပေါ်တွင် ဆရာ၏နှစ်သိမ့်စကားနှင့် အမြင်ကို ပြောပြစေလိုပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။

ဆောရီး။ ဆရာတို့ခေတ်မှာ အပ်ခြည်ကြိုးနဲ့သာချုပ်ခဲ့ရတယ်။ ပိုးကြီး၊ နိုင်လွန်ကြိုးတောင်ရှားတယ်။ ဆရာကတော့ (ကော်တွန်) ခြည်ကြိုးကိုကြိုက်တယ်။ နောက်ပိုင်းမှာ ပိုပြီးဆန်းတာ ကောင်းတာတွေကိုသုံးလာတယ်။ တခြား တိုင်းပြည်တွေမှာလည်း အဲလိုပဲ။ ခွဲစိတ်မှုတိုင်းမှာ နောက်ဆက်တွဲ သတိထားစရာတွေဖြစ်တယ်။ အခုလို ချုပ်ရိုးတခုလုံး ပွင့်ထွက်တာလည်း အပါအဝင်ဖြစ်တယ်။ ပိုးဝင်တာနဲ့ သွေးထွက်တာတွေလည်းပါတယ်။

ကျွန်တော် ခွဲပေးရသူတွေထဲမှာ ဗိုက်ပွင့်ထွက်တာ ၂-၃ ယောက်ကြုံခဲ့ရတယ်။ တောနယ်မှာသာတာဝန်ကျတာ များတယ်။ ပဌမဆုံးဖြစ်တဲ့လူနာကို မမေ့ပါ။ မြို့သာမှာ။ ကျွန်တော်က ငယ်သေးတယ်။ အတွေ့အကြုံနည်းသေးတယ်။ ချုပ်ရိုးအကုန်ပွင့်ပြီး အူတွေထွက်လာတယ်။ ချက်ချင်း ပြန်ခွဲစိတ်ဘို့ပြင်ရတယ်။ တောနယ်မှာ ခွဲစိတ်ခန်း အဆင်သင့်ပြင်ထားဘို့မပြောနဲ့ ခွဲခန်းဆိုတာ (အိုပီဒီ) ပြင်ပလူနာကြည့်တဲ့နေရာကိုရှင်း၊ တံခါးမကြီးကိုပိတ်ပြီး ခွဲစိတ်ခန်း လုပ်ရတာ။ လျှပ်စစ်မီးကမရှိ။ စေတနာကောင်းတဲ့ ဆီစက်ပိုင် (ဦးလှသောင်း + ဒေါ်ကောင်းလှ) က ဆီစက်လည်ပေးလို့ မီးရတယ်။

လူနာကို ခွဲခန်းတင်ပြီး အကုန်ပြန်ချုပ်ရတယ်။ အဲလိုလူနာကို ထုံးစံဗိုက်ပိတ်နည်းလို လေးထပ် တထပ်ပြီးတထပ် မချုပ်ရပါ။ လေးထပ်လုံးတပါတည်း အပ်ကောက်ကြီးကြီးနဲ့ အပ်ခြည်ကြိုး၂ ပင်ပူးနဲ့ ချုပ်ရတယ်။ ချုပ်ရိုးကြားထဲမှာ အားဖြည့်ချုပ်ရိုး ထပ်ချုပ်ရသေးတယ်။ ချက်ချင်းဆိုသလိုချုပ်လို့ ပိုးမဝင်လိုက်ပါ။ တောမှာ ကွန်ကရစ်ခင်းမရှိတဲ့ မြေကြီးပေါ်မှာ ချိနဲ့နဲ့ သစ်သားကုတင်တွေပေါ်မှာပဲ လူနာတွေကနေကြရတာ။ (အိုင်စီယူ) ဆိုတာ မကြားဘူးသေးတဲ့ခေတ်မှာပေါ့။ တချို့ခွဲစိတ်ဆရာဝန်တွေကတော့ တထပ်ချင်းချုပ်နည်းသုံးပါတယ်။ သမားရိုးကျပိတ်နည်းကိုတော့ အားဖြည့်ရပါမယ်။

လူနာကံကောင်းတယ်။ ဆရာဝန်လည်း ကံကောင်းခဲ့တယ်။ လူနာက သတ္တိပါကောင်းတယ်။ မိတ်ဆွေတွေက ရီစရာပြောကြတယ်။့ ဆိုတဲ့သူ ဗိုက်ထဲကအူတွေကို လက်နဲ့ပွေ့ထားပြီး ဆရာ ကျွန်တော် ဘာမှမဖြစ်ပါဘူးနော်တဲ့။

ခွဲစိတ်ကုသပြီး ဗိုက်ပွင့်ထွက်တာကို Dehiscence လို့ခေါ်တယ်။ ပွင့်တာ သေးသေးလေးဖြစ်ပေမဲ့ နဲ့ အထဲကရှိသမျှက အပြင်ထွက်ဘို့လုပ်မယ်။ အပြင်ကလည်း ဝင်ချင်တာအကုန်ဝင်စရာအန္တရာယ်ရှိလာတယ်။ အရေးပေါ်ခွဲစိတ်ပညာတခု ဖြစ်တယ်။ ပြန်ချုပ်ရမယ်။ အပေါ်မှာ (ရှိရင်) ကပ်စကာပလာစတာကောင်းကောင်းနဲ့ ကပ်ပေးထားရမယ်။ ကျွန်တော်တို့ခေတ်မှာ steri-strips မပေါ်သေးပါ။

Evisceration After Surgery ဆိုတာက ပွင့်ထွက်နဲ့ချုပ်ရိုးကနေ အထဲကကလီစာတွေ အပြင်ထွက်တာကိုခေါ်တယ်။ အဖြစ်နည်းတော့ နည်းပါတယ်။ ပွင့်တာနဲ့ သေးသေး ကြီးကြီး တခုလုံးဖြစ်ဖြစ် ပိုးသန့်နည်းနဲ့ အနာကို ဖုံးအုပ်ပေးရမယ်။ အရေးပေါ်ကုသနည်းလာရမယ်။ ချုပ်ရိုးအကုန်ပွင့်ထွက်လို့ ဗိုက်ထဲက အင်္ဂါအစိတ်အပိုင်းတွေ ထွက်တာကို စိုထိုင်းတဲ့ ပိုးသန့်ပြီးအဝန်တဲ့ဖုံးထားပေးရမယ်။ ပေါင်းအိုးထဲမှာ ပိုးသန့်ပေးထားတဲ့အဝတ်ကို ပြောတာ ဖြစ်တယ်။ အဲဒီအဝတ်ခြောက်ကို ပိုးသန့်ပြီးသားရေဆွတ်ပြီး သုံးရတယ်။ ဘာမှမရှိရင် ဖွပ်လျှော်ပြီးသားအဝတ်စကို ရေနွေးထဲစိမ်ပြီး အပူချိန်အနေတော် (၉၈့၆ အက်ဖ်ထက်မနည်း) ကိုသုံးပါ။

ဝမ်းဗိုက်ကိုခွဲစိတ်ရင် အထပ်လိုက်ခွဲတယ်။ ပြန်ပိတ်ရင်လည်း အဲဒီအတိုင်းအထပ်လိုက် တလွှာခြင်းချုပ်ပေးရတယ်။ အတွင်းဆုံးက အတွင်းဗိုက်ဖုံးလွာခေါ် ပယ်ရီတိုနီယမ်၊ နောက် ကြွက်သားနောက်အရွတ်ပြား။ အဲတာက ဗိုက်ကိုထိန်းရာမှာ အရေးကြီးတယ်။ အဲတာပွင့်ရင် ဗိုက်ပွင့်မယ်။ နောက် ဗယ်လီကြွက်သား။ အဲတာအားမကောင်းသူတွေက ဗိုက်စူကြတယ်။ နောက် အဆီလွှာနဲ့ နောက်ဆုံးက အရေပြား။

အနာတိုင်းမှာ ခွဲစိတ်တာဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတာဖြစ်ဖြစ် ပြန်ကျက်တဲ့ဖြစ်စဉ်လာတယ်။ အနာမကျက်မီ အသားနုတက်တယ်လို့ခေါ်တယ်။ အဲတာကို granulating tissue လို့ခေါ်တယ်။ ဒီအဆင့်မှာ နဂိုတစ်ရှူးတွေလို အားမကောင်းသေးပါ။ မခိုင်မာသေးပါ။ ပွင့်ထွက်နိုင်သေးတယ်။ ချုပ်ရိုးအဆင်မပြေဖြစ်လို့စူတာရှိ မရှိ ခွဲပြီး ၂ ပတ်မှာ သတိထားကြည့်ရတယ်။ တစိတ်တပိုင်းသာဖြစ်တာကို Incisional hernia ချုပ်ရိုးအူကျွံတယ်လို့ခေါ်တယ်။

ဘာလို့ဖြစ်သလဲ။ ခွဲပြီးစမှာ နှာချေတာ၊ ချောင်းဆိုးတာ၊ အလေးအပင်မတာ၊ ကိုယ်အနေအထား အားစိုက် ပြုပြင်တာတွေကနေ ဆက်ဖြစ်တယ်။ ဝမ်းညှစ်ရတာကလည်းဖြစ်တယ်။ နောက်တချက်က အာဟာရဓါတ်နည်းခြင်း။ လူနာဟာ ရောဂါရှိနေခဲ့လို့ အစားအသောက် မစားနိုင်တာ၊ မစားပဲနေခိုင်းတာ၊ အရင်ကတည်းက အစားရွေးလွန်းတာ တွေကနေ အာဟာရဓါတ်နည်းနိုင်တယ်။ တတိယအချက်က ပိုးဝင်ခြင်း။ ပိုးဝင်ရင် အနာကျက်ဖြစ်စဉ်ကို နှေးစေတယ်။ အားကောင်းမှုကို နည်းစေတယ်။ ခန္ဓာကိုယ်က ပိုးကိုတိုက်ထုတ်ရေးကိုအာရုံစိုက်နေရလို့ အနာကျက်ဘို့ကို ဦးစားမပေးနိုင်ဖြစ်ရတယ်။ နောက်တချက်က လူနာကအဝလွန်ခြင်း။ ဗိုက်ခေါက်ထူလို့ ခွဲကတည်းက အဆီလွှာကို အထူကြီးခွဲရတယ်။ ပြန်ချုပ်ရင် တချို့ဆို အဆီပြင်ကို တထပ်မကချုပ်ပေးရတယ်။

ကာကွယ်နည်း
မခွဲမီနဲ့ ခွဲပြီး အအေးမိတာ၊ ချောင်းဆိုးတာ၊ အန်ချင်တာတွေ သတိထားပါ။ ရယ်မောတာလည်း ပါတယ်။ ဝမ်းမချုပ်အောင် ဝမ်းပျော့စေမဲ့အစားအသောက်စားသောက်ပါ။ လိုအပ်ရင် ဝမ်းပျော့ဆေးပေးမယ်။ ခွဲစိတ်နာကို စနစ်တကျဂရုပြုပါ။ လူတိုင်း အစားအသောက် (လုံလောက် + မျှတ) အောင်စားသောက်ပါ။ ခွဲပြီး မရီနဲ့၊ မငိုနဲ့။

မေးတဲ့သူမိခင် အဲလို ဘာကြောင့်ဖြစ်သလဲ။ အကြောင်းတခုမကရှိတယ်။ ချုပ်ရိုးမခိုင်လို့တော့ မဟုတ်ပါ။ နောက်ဆုံးတော့ ကံတရားပေါ့။ အဖြစ်အပျက်တိုင်းမှာ သင်္ခန်းစာယူနိုင်ရင် အကျိုးရပါတယ်။

Dr. တင့်ဆွေ
၂ဝ-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ