Female lock-up room သုံးညတာအိပ်ခဲ့ရတဲ့အခန်း
ကျွန်တော်တို့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က NLD အဖွဲ့ဟာ လွန်ခဲ့တဲ့ (၂၆) နှစ်တိတိ ၂၁-၁၂-၁၉၉ဝ နေ့မှာ အိန္ဒိယ-မြန်မာ နယ်စပ်ကို ကျော်ဖြတ်ခဲ့ကြပါတယ်။ အရင်ဆုံး နယ်စပ်ရဲဌာနကို သတင်းပို့တော့ မီဇိုရမ်ပြည်နယ်၊ စိုင်ဟားမြို့ကိုပို့ပါတယ်။
ပုံထဲပါ ရဲအချုပ်ခန်းထဲမှာ တဖွဲ့လုံး ၃ ညအိပ်ကြရတယ်။ ကျား-အချုပ်ခန်းနဲ့ မ-အချုပ်ခန်း ကြိုက်တာရွေးဆိုတော့ ရှူနံ့သက်သာလောက်မယ့် မ-အချုပ်ခန်းကို ရွေးလိုက်ကြတယ်။ လူဆန့်အောင် ကန့်လန့်သာအိပ်ရတယ်။ ဒါပေမဲ့ အခန်းအနံကတိုတော့ ခြေထောက်တွေက ဆန့်မရကြလို့ နံရံမှာ ထောင်အိပ်ကြရတယ်။ နေ့ခင်းတွေမှာတော့ အပြင်မှာ နေချင်သလိုနေလို့ရပါတယ်။ စိုင်ဟားမြို့လေးက မြန်မာပြည်က ဟားခါးလိုပဲ အတော်ကိုအေးပါတယ်။ တိမ်တွေကို ကိုယ့်အောက်မှာ မြင်နေရတယ်။
အိန္ဒိယထောက်လှမ်းရေးအရာရှိတွေ အိုက်ဇောမြို့ကသာမက ဒေလီကပါဆင်းလာပြီး မေးစရာစစ်စရာတွေလုပ်တယ်။ ကျွန်တော်က အိမ်ကို စာပြန်ပို့ဘို့ ရေးထားတဲ့စာရွက်ထိပ်မှာ IST လို့ရေးတာကိုဘာလည်းမေးတယ်။ India standard time ပါလို့ ဘာသာပြန် ပေးလိုက်တယ်။ ISI ဆိုတာက အိန္ဒိယရဲ့ရန်သူ ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့နာမည်။ အဲတာကိုသိချင်တာကိုးလို့ နောက်ကြာမှသာ ကျွန်တော်ကသိလာတယ်။
သုံးရက်ကြာစစ်ဆေးမေးမြန်းပြီးတော့ တနင်္ဂနွေနေ့မှာပဲ ခရိုင်တရားသူကြီးက ကျွန်တော့်ကို သူ့အိမ်ကိုခေါ်ပြီး စီရင်ချက်ချတယ်။ စီရင်ချက်က ဒီလူတွေကို မြန်မာပြည်က နိုင်ငံရေးမိုးလေဝသ မကောင်းမချင်း အတင်းပြန်မပို့ရတဲ့။ လက်ဖက်ရည်လည်း တိုက်ပါတယ်။ ကိုယ့်နိုင်ငံမှာ ကောင်းကောင်းသာသောက်လာတဲ့ ကျွန်တော်က မီဇိုးလက်ဖက်ရည်ကို သောက်မရပါ။ အလွန်ပေါ့တယ်။
စိုင်ဟားမြို့နယ်ဆရာဝန်ကြီးကနေ ကျွန်တော်လည်းမြန်မာဆရာဝန်မှန်းသိလို့ ၂၄-၁၂-၁၉၉ဝ နေ့ ခရစ္စမတ်အကြိုနေ့ လူတွေအားလုံးဝိုင်းစုဝေးပြီးစားသောက်တဲ့ ထမင်းစားပွဲကိုဖိတ်တယ်။ မီးကင်ထားတဲ့ဝက်သား အတုံးကြီးကြီးတွေကို ရေလုံပြုပ်တယ်။ မီဇိုးငရုပ်သီးတောင့် (မိုးမျှော်ငရုပ်နဲ့ဆင်တယ်) ကို ဂျင်းနဲ့ထောင်းတယ်။ ချဉ်ရည် (ချဉ်ပေါင်ရွက်တော့ မဟုတ်ပါ) ကို ဝါးကျည်ထောက်နဲ့ သောက်ရတယ်။ စားလို့ကောင်းလိုက်ကြတာ ဘာပြောကောင်းမလည်း။ ဆရာဝန်ဖြစ်လို့ ခရစ္စမတ်ရိုးရာညစာ စားရတာပါ။
ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂ဝ၁၆

Comments
Post a Comment