William Tell သက်ပြင်းချသံ

ဦးခေါင်းပေါ်မှာ ပန်းသီးတလုံးတင်ထားပြီး မြားနဲ့ပစ်စေတဲ့ပုံပြင်တွေ ၄-၅ ခုရှိတယ်။ (ဝီလီယမ် တဲလ်) ပုံပြင်ကတော့ နာမည်အကြီးဆုံးပါ။ မူရင်းက ဂျာမန်ကဖြစ်ပါတယ်။ William Tell's feat ပုံပြင်လို့တွင်တယ်။ (ဝီလီယမ် တဲလ်) ကတော့ ၁၅ ရာစုကတည်းကပါ။ ၁၈ဝ၄ မှာ ပြဇာတ်ဖြစ်လာတယ်။ (တဲလ်) ဟာ သြစတြီးယန်း (ဗော့ခ်) ကို ဦးညွတ်အလေးပြုဘို့ ပျက်ကွက်လို့ သူ့ကို (အဲလ်ဗတ်ခ်ျ ဂက်စလာ) ကနေ ပြစ်ဒဏ်ပေးတယ်။ ပြစ်ဒဏ်ကတော့ (တဲလ်) ရဲ့သားဦးခေါင်းပေါ်မှာ ပန်းသီးတလုံးတင်ထားပြီး မြားနဲ့ ပန်းသီးကိုမှန်အောင်ပစ်ခိုင်းတယ်။ မြားတံကလည်း တချောင်းပဲ သုံးခွင့်ရှိတယ်။ လေးဆိုတာကတော့ ဒူးလေးဖြစ်တယ်။

အဲဒီနေ့ဟာ ၁၈-၁၁-၁၃ဝ၇ နေ့ဖြစ်တယ်။ ရင်တမမနဲ့စောင့်ကြည့်နေကြတဲ့ လူအုပ်ကြီးရှေ့မှာ (တဲလ်) ဟာ ပန်းသီးကို မှန်အောင်ပစ်နိုင်လိုက်ပါတယ်။

(တဲလ်) က မြားတံအပိုတချောင်းပါ ယူလာတယ်။ အဲတာကိုမေးတော့ သူ့အကျင့်မို့ပါလို့ လိမ်ညာဖြေမယ်လို့ စဉ်းစားသေးတယ်။ အမှန်ကိုပြောပြရင် ဒုက္ခမပေးပါလို့ အာမခံချက်ရမှ ပြောချလိုက်ပါတယ်။ သူ့မြားချက်က ပန်းသီးကို မထိမှန်ပဲ သူ့သားခေါင်းကိုသာထိမှန်သွားရင် ကျန်တဲ့မြားနဲ့ (အဲလ်ဗတ်ခ်ျ ဂက်စလာ) ကိုအသေပစ်ဖို့ပါတဲ့။

သူတို့သားအဖအပေါ်မှာ သနားစာနာစိတ်ရှိကြတဲ့ လူအုပ်ကြီးလိုပါပဲ မြန်မာပြည်ထဲက သက်ပြင်းချသံကို အစိုးရသစ် တက်လာတော့ ကြားလိုက်ရတယ်။ တော်သေးတယ်၊ ကျွန်တော်တို့မှာ မြားတချောင်းသာပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂ဝ၁၅
၂၇-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး