Independence လွတ်လပ်ရေး

ဆရာ ကျွန်တော်တို့က ၁၉၈၈ မှမွေးတာဆိုတော့ သိပ်မသိဘူးဖြစ်နေတယ်။ လူကြီးတွေကလည်း သိပ်မပြောပြကြဘူးလေ။ ဆရာအခုလိုတင်တော့ ဘာဘဲဖြစ်ဖြစ်ဖတ်ဖြစ်တာပေါ့။ ကိုယ့်ဖာသာကိုယ်ဆိုရင် မဖတ်ဖြစ်လောက်ဘူး။ ကျေးဇူးပါဆရာ။

၁၉၈၈ နောက်ပိုင်းမှမွေးဖွါးကြသူတွေက လွတ်လပ်ရေးရစခေတ်ကို မမီလိုက်ကြသလို၊ ကျွန်တော်တို့လဲ ဂျပန့်ခေတ်ကို မမီခဲ့ကြပါ။ ဖက်ဆစ်ဂျပန်ခေတ်က ဆိုးဝါးရက်စက်မှုတွေကို လူကြီးသူမတွေဆီကနေ ကြားနာသိရှိခဲ့ရတယ်။ ကိုလိုနီခေတ်က ကြမ်းတမ်းခက်ထန်တာတွေလဲ နည်းနည်းသာ ကြားခဲ့ရတယ်။ အဲတော့ စာတွေဖတ်ကြရတယ်။

ဒါပေမဲ့ တပါတီစနစ်တက်လာတော့ စာတွေကိုပိတ်တယ်။ ပိုဆိုးတာက သူတို့အလိုကျ သမိုင်းတွေကို ပြင်ရေးတယ်။ သူတို့ သိစေချင်တာကိုသာ တဖက်သတ်ပြောတယ်၊ ရေးတယ်။ အမိန့်ပေးပြီး လိုက်နာစေခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံနေရာမှာ ဗိုလ်ချုပ်နေဝင်းပုံကို ချိတ်လာတယ်။ ၁၉၈၈ နောက်မှာ ဗိုလ်ချုပ်မှူးကြီးပုံကို ပြောင်းချိတ်ခိုင်းတယ်။ မကြာပါဘူး နောက်ဗိုလ်ချုပ်မှူးကြီးတပုံ ရောက်လာတယ်။ သူ့လက်ထက်ကစပြီး တပ်ထဲမှာ သစ္စာဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော့ ပျောက်ကွယ်သွားတော့တယ်။

တောင်သူလယ်သမားနေ့ကို ဇန္နဝါရီလ (၁) ရက်ကနေ စစ်အာဏာသိမ်းတဲ့ မတ်လ (၂) ကိုပြောင်းလိုက်တာကို မသိသူတွေများနေပြီ။ ခေတ်လူရွယ်တွေ တပါတီစနစ်နဲ့ စစ်အစိုးရခေတ်တွေရဲ့ ဆိုးဝါး ယုတ်မာမှုတွေကို သိအောင် လုပ်ကြစေချင်တယ်။ စာတွေဖတ်ကြပါ။ ဒါပေမဲ့ ရွေးဖတ်ကြပါ။ ဆန်းစစ်တတ်မှု အသိဉာဏ်နဲ့သာ ယူကြပါ။ အညာခံရတဲ့ခေတ်မျိုး ထပ်မဖြစ်၊ ဆက်မဖြစ်စေချင်တော့ပါ။

ခေတ်လူတွေမှာ ကံဆိုးကံကောင်းရှိတယ်။ စာတွေပြန်ရေးနိုင်လာလို့ ဖတ်ခွင့်ရလာတာကို အသုံးချသင့်ကြတယ်။ ဆိုရှယ်မီဒီယာမှာတော့ ဆန်ခါတင်တတ်ဘို့ လိုတယ်။ နိုင်ငံရေးသမားတွေကနေ လိုချင်တဲ့မှိုင်းတိုက်ဘို့ လုပ်ကြတယ်။ အခံနည်းသူတွေအဖို့ အကောင်းနဲ့အဆိုးကို အခွဲရခက်စေတယ်။

ပေးလိုတဲ့အကြံကတော့ မျက်စိနှစ်ဖက်လုံးနဲ့ ဖတ်ပါ။ လက်နှစ်ဖက်လုံးကို သုံးပါ။ တခုတည်းသောဦးနှောက်ကို သုံးပါ။ တခုတည်းသောနှလုံးသား မာပါစေ၊ ကောင်းပါစေ။

ဒေါက်တာတင့်ဆွေ
၁-၁-၂ဝ၁၆
၂၇-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ