Humor and Satire ရီစရာမှာ စေတနာပါမှ

Ant Bwe Kyaw မဆလ ခေတ်တုန်းကမှ ဆရာဦးထင်ဖတ် (ခေါ်) ဆရာ မောင်ထင်တို့ ဦးကိုယု (ခေါ်) မောင်ကိုယုတို့က သရော်စာ satire ရေးခဲ့ကြသေး။ အခုခေတ်မှာ ရေးမယ့်သူ ပီပီပြင်ပြင် မရှိ။

ဟာသဉာဏ်နဲ့ သရော်စာမတူပါ။ သရော်တာမှာ ဝေဖန်ကန့်ကွက်တာနဲ့ ရှုံ့ချတာပါတယ်။ ကျွန်တော် စာရေးတာမှာ တခါတခါ ဟာသလေးနှောတာကို သရော်စာမမြောက်ဘူးလို့ အပြောခံရဘူးတယ်။ ကျွန်တော်က သူများကို သရော်တာမျိုးကို မကြိုက်ပါ။ စစ်အုပ်စုကိုတောင်မှ ခပ်ထေ့ထေ့သာရေးတယ်။ ရေးပြီးရင် အားနာနေတတ်သေးတယ်။

သူများကို သရော်လို့၊ ရီစရာပြောလို့ ဘာအကျိုးရမလဲ ကြည့်သင့်တယ်။ ဖေ့စ်ဘွတ်မှာ သရောသလိုလိုတွေက များလွန်းတယ်။ ခနိုးခနဲ့ရေးတာ၊ အပုပ်ချတာ၊ မထိတတိကလိတာတွေကို ဘယ်သူရေးသလဲ ကြည့်တာနဲ့ ရယ်စေချင်တဲ့ စေတနာလား၊ ပြုပြင်စေလိုတဲ့ စိတ်ထားလား သိတယ်။

ရီစရာပြောကြတာမှာ အနှောင့်အသွားလွတ်တာမျိုးဆို ပိုကောင်းတယ်။ လူအများဖတ်နိုင်အောင်ပြောတာ၊ ရေးတာမျိုးဆိုရင် ချက်အောက်မရောက်ရပါ။ ရီစရာမှာ မယဉ်ကျေးရင် အောက်တန်းကျတယ်။

ကျွန်တော်က စာသင်ပေးရင်း မပျင်းရအောင်၊ မှတ်မိအောင်၊ တခြားအရာတွေနဲ့ ခေါင်းပူနေချိန်မှာ ပေါ့ပါးသွားအောင် ရီစရာသဘော ပြောလေ့ရှိတယ်။ ပညာဉာဏ်နည်းသူတွေကနေ မှားလုပ်၊ လွဲပြောတာကို ရီစရာလုပ်တာမျိုးက မသင့်ပါ။ စိတ်ဝေဒနာသယ်တွေနဲ့ဆိုင်တဲ့ ထိထိမိမိဖြစ်တဲ့ဟာသ အများကြီးရှိတယ်။ ငါကမှ နပိုလီယန်အစစ်ဆိုတဲ့ ဟာသကို ပြောဘူးပါတယ်။ စိတ်ဝေဒနာသည်တွေကို နှိမ်သလိုပြောတာ မကောင်းဘူးလို့ ယူဆလာပါတယ်။ တခြားရောဂါတွေလည်း အတူတူဘဲ။ ကိုယ်ဝန်ဆောင်နဲ့ မျိုးပွားလမ်းရောဂါစာတွေအောက်မှာ ကွန်မင့်ရေးတာတချို့ကို ဖျက်ရတယ်။ တချို့ကို ဘလော့လုပ်ရတယ်။

ကျွန်တော် မြန်မာစာမှာ ကံမကောင်းပါ။ ၁၉၉၁ ကတည်းက အတူနေရသူတွေက ဗမာစကားတတ်တဲ့သူနည်းလို့ စကားကို တမင်တကာ ချပြောရတယ်။ စာရေးရင် လျှော့ရေးရတယ်။ ကျွန်တော့်မြန်မာစာ မတိုးတက်ပါ။ ရီစရာသဘော ပြောပြီးရင်လည် ဘာသာကပြန်ပေးရသေးတော့ မရီရတဲ့အပြင် ရီတောင်ရီရသေးဆိုသလို။ ဆေးစာတွေသင်တဲ့အခါ ရီစရာထည့်ရင် ပိုမှတ်မိတယ်။ လက်အိတ်ကို အင်္ဂလိပ်လိုဘယ်လိုခေါ်လဲ။ Love ရှေ့ကနေ G ထည့်လိုက်ပါ။ တယောက်က မှန်ကြိုက်သူသီချင်းတင်တော့ မှန်ပဲကြိုက်နော်လို့ ရေးလိုက်တယ်။ ဗမာမဟုတ်တဲ့ဆရာမလေးတွေကို ဘီးကြိုက်ကို ပြောင်းပြန်ဖေါ်ပေးတာတောင် လိုက်မမီကြတော့ ခက်ရော။ သူထင်နေတာက ကြိုက်ဘီးတဲ့၊ ပြီးကြရော့။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ