American အမေရိကန်

(၂ နှစ်ရှိပြီ ရေးထားတာ)

၁။ Christine Pay ဆရာက India ဆိုတဲ့နာမည်နဲ့ ဆုံစည်းကံပါတယ်ထင်ပါရဲ့ တချို့ဆို ဆရာနေခဲ့တဲ့ New Delhi, India နဲ့ USA Indianapolis, Indiana ကို ကွဲကွဲပြားပြားမသိကြသေးပါ။ ဆရာ့ကိုမေးရင် Indiana မှာပါ လို့ပြောတယ်ဆိုပြီး ကျမနဲ့ အငြင်းခုန်ဖြစ်ရပါသေးတယ်။ ဆရာအချိန်ရရင် အမေရိကန်အကြောင်းလေး ရေးပေးပါအုံးလား။ အမေရိကန် ဆိုတာနဲ့ လူဖြူနေတဲ့နိုင်ငံလို့ပဲ တချို့ကထင်နေကြလို့ပါ။ ကျေးဇူးတင်ပါတယ်။

၂။ Soe Sabai အမေရိကန်တွေဟာ လူမျိုးစွဲမရှိဘူးထင်ပါတယ်။ သူတို့ဟာ နိုင်ငံသားဖြစ်မှုကိုသာ အလေးထားကြတာ မဟုတ်ပါလား။

အမေရိကန် ဒါမှမဟုတ် အမေရိကန်လူမျိုးဆိုတာ အမေရိကန်ပြည်ထောင်စုနိုင်ငံသားတွေကိုခေါ်တယ်။ မူလလူမျိုးစု အစုံက လူတွေလာနေကြတယ်။ နိုင်ငံသားအဖြစ်ခံယူလိုက်တာနဲ့ အမေရိကန်ဖြစ်လာတယ်။ အင်္ဂလိပ်၊ ပြင်သစ်တို့လို လူမျိုးရယ်လို့ သတ်သတ်မှတ်မှတ်မရှိပါ။ ဌာနေအမေရိကန်တွေက ချွင်းချက်ဖြစ်တယ်။ ၅ ရာစုကတည်းက နေလာကြသူတွေဖြစ်တယ်။ သူတို့လဲ တခြားကနေရောက်လာကြသူတွေဖြစ်တယ်။

ခုနှစ် ၁၈ဝဝ ကျော်မှာ အမေရိကကနေ နယ်မြေချဲ့ထွင်တဲ့အခါ ပါလာတဲ့နေရာဒေသကလူတွေလည်း အလိုလို အမေရိကန်တွေဖြစ်လာကြတယ်။ သူတို့ဟာ ဟာဝိုင်ယီ၊ ပွါတိုရီကို၊ ဂူအမ် နဲ့ ဖိလစ်ပိုင်ကျွန်းတွေကဖြစ်တယ်။ မူရင်း လူမျိုးနွယ်စုတွေမတူကြပေမဲ့ အမေရိကန်ယဉ်ကျေးမှုဆိုတာရှိတယ်။ အနောက်တိုင်းယဉ်ကျေးမှုဆိုတာမှာလဲ မြောက်ပိုင်းနဲ့ အနောက်ပိုင်းဥရောပကနေ အချေချနေထိုင်သူတွေကြားမှာ ကွဲပြားခြားနားတယ်။

အာဖရိကကနေ လာသူတွေကလဲ ယဉ်ကျေးမှုတမျိုး၊ အာရှကလာသူတွေကလဲတမျိုးရှိတယ်။ အနောက်ဖက်ချဲ့ခြင်းခေါ်တဲ့ (ခရီယိုးလ်စ်) နဲ့ (လူဝီဆီယားနား) နဲ့ အနောက်တောင်က (ဟစ်ပဲနစ်) တွေပါလာတဲ့အခါ မက်ဆီကိုယဉ်ကျေးမှုပါ ရောနှောလာတယ်။ ၁၉ ရာစုနောက်ပိုင်းနဲ့ ၂ဝရာစုထဲမှာ ဥရောပ၊ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကလူတွေ အစုလိုက် အပြုံလိုက်ရောက်လာတဲ့အခါ၊ ယဉ်ကျေးမှုတွေရော ထွေးလာတယ်။

Cultural melting pot ယဉ်ကျေးမှုတွေ စုပေါင်းပျော်ဝင်နေတဲ့အိုးနဲ့တင်စားတယ်။ တခုချင်းသီးခြားစီမဟုတ်ဘဲ ပေါင်းစပ် ပျော်ဝင်ပြီး တခုတည်းလိုဖြစ်နေတာလို့ ဆိုလိုတာဖြစ်တယ်။ Pluralistic salad bowl အမျိုးစုံဆလဒ်ပန်းကန်လို့လည်း ခေါ်သေးတယ်။

အမေရိကန်ဖြစ်ပြီး အမေရိကားမှာ မနေကြသူပေါင်းက ၃ သန်းကနေ ၇ သန်းရှိတယ်။ အဲလိုမတူတာတွေ အားလုံးပေါင်း ထားတာကို အမေရိကန် (ဒိုင်ယာစပိုရာ) ပြန့်ကျဲထွက်ခွါအခြေချနေထိုင်သူများလို့ခေါ်တယ်။ မြန်မာလူမျိုးတွေ ပြည်တွင်းနဲ့ ကမ္ဘာ္ဘ့နိုင်ငံအနှံ့ ရောက်နေသူတွေပါစုပေါင်းတာကိုလည်း အဲလိုပဲခေါ်တယ်။

အမေရိကမှာ တရားဝင်နေထိုင်ခွင့်ရသူတိုင်းကို ဘာသွေးလည်း မရွေးပါ။ အသားရောင်ရောင်လည်း ဂရုစိုက်မနေပါ။ ဘာကိုးကွယ်သလဲ (တချို့ရုံးကိစ္စကလွဲရင်) မေးမနေပါ။ ကုန်ကုန်ပြောရရင် (တချို့ရုံးကိစ္စကလွဲရင်) လိင်ကိုတောင်မှ ထည့်ပြောစရာမလိုပါ။ အမေရိကမှာနေထိုင်ပြီး နိုင်ငံသားဖြစ်လာသူတိုင်းဟာ ဗမာဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အမေရိကန်ဖြစ်သွားတယ်။ ဘယ်နိုင်ငံက လာတာဖြစ်ဖြစ် အဲလိုနိုင်ငံသားဖြစ်သူတိုင်းဟာ အမေရိကန်သမတနဲ့ ဒုသမတကလွဲရင် ဘယ်ရာထူးတာဝန်မဆို အရည်အချင်းမီရင် လုပ်ခွင့်ရှိတယ်။

သမတသစ်လက်ထက်ကစပြီး ဟင်းပေါင်းအိုးကြီးမှာ ရေပေါ်ဆီသာဖုံးတော့မယ်။ ချဉ်ပေါင်ရွက်ဟင်းက အောက်ဆုံး။

ဒေါက်တာတင့်ဆွေ
၁၂-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး