The Outlaw အမောင် ဝါးရမ်းပြေး

Zarni Thantzin မြန်မာမှာ လူတော်တွေ တော်တော်များများက နိုင်ငံခြားကိုထွက်ခွာသွားခါနီးမှာ အမြဲလိုလို ညွှန်းဆိုတတ်တဲ့ ဆရာမင်းသုဝဏ်ရဲ့ ကဗျာတပုဒ်ပါ။ ခရီးမတ်တတ်၊ လမ်းခုလတ်တွင် ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍ အားနာခဲ့ကြောင်း ပြောပါလေ။ တကယ်တမ်းပြန်တွေးကြည့်မယ်ဆိုရင် ကမ္ဘာဟာ ရွာတရွာပါ။ ကမ္ဘာပေါ်က ဘယ်နေရာမှာ ရောက်နေနေ၊ ကိုယ့်ရွာသားဟာ ကိုယ့်ရွာသားပါပဲ။ ကိုယ့်ကိုယ်ကို ငါက ဘယ်ရွာသားကွလို့ ဟစ်ကြွေးတာမျိုးကိုလည်း သဘောမကျပါ။ ဆရာကကော ကိုယ့်ကိုယ်ကို ကိုယ်လွတ်ရှောင်ခွာ ထွက်ကာသွားသူရယ်လို့ သတ်မှတ်ထားပါသလားဆရာ။

မေးလို့ စဉ်းစားဖြစ်တာ ကျေးဇူးတင်တယ်။ ကျွန်တော်ဟာ ကိုယ်လွတ်ရှောင်ခွာ ထွက်ကာသွားသူ အစစ်ဖြစ်ပါတယ်။ ၁၉၉ဝ ခုနှစ် နိုဝင်္ဘာလ (၂၇) ရက်ညမှာ အိမ်ကိုလာဖမ်းပါတယ်။ ထွက်ပြေးတယ်။ ပြည်တွင်းထဲမှာ ရှောင်ပုန်းနေတယ်။ နောက်ဆုံး တိုင်းပြည်ကနေ ထွက်ပြေးဘို့ ဆုံးဖြတ်ချက်ချပြီး ထွက်ပြေးလိုက်တာ အခုထိပါပဲ။ ထွက်သာမပြေးရင် ကနေ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ တမှုတည်း။ အလုပ်ကြမ်းနဲ့ ထောင် (၂၅) နှစ်ကျခံရပါမယ်။

ဆရာမင်းသုဝဏ်ရဲ့ သူ့မှာတမ်းကဗျာထဲကလိုလားမေးလို့ အထပ်ထပ်စဉ်းစားနေတာ ၃-၄ နာရီရှိပြီ။ ခရီးမတ်တတ်၊ လမ်းခုလတ်တွင် ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍ အားနာခဲ့ကြောင်း ပြောပါလေ။ ငါ့ကော့

အလွန်ကောင်းတဲ့ ကဗျာ၊ နှစ်ခြိုက်စရာ စာ၊ ကြည့်ကောင်တဲ့ ရုပ်ရှင်၊ နားစွဲလှတဲ့ သီချင်းတွေအပြီးမှာ ကိုယ့်ကိုယ်ကို ဇာတ်လိုက်နေရာယူတတ်ကြတယ်။ ငယ်သူတိုင်းပါ။ ကျွန်တော်လည်းပါခဲ့တယ်။ တချို့က ကြီးတောင့်ကြီးမှ ကိုယ့်ကိုယ်ကို ဇာတ်လိုက်ပဲ ထင်နေကြတယ်။

ကျွန်တော်ကတော့ မဲပေးတာယူ၊ မဲပေးသူထားခဲ့၊ ငါတာဝန်ကျေရဲ့လားလို့ ကိုယ့်ကိုယ်ကိုသာ ပြန်မေးပါတယ်။ အမောင်ပြောက်ကျားကတော့ စကားသုံးခွန်း ဖြေသွားချိန်ရပါသေးတယ်။ ကျွန်တော် ထွက်မပြေးခင်မှာ ဇနီးတယောက်တည်းကိုသာ မှာချိန်ယူခဲ့ရပါတယ်။ မိဘကိုမှာချိန် မရှိခဲ့ပါ။ တိုင်းပြည်ကိုမှာစရာ ထူးမရှိပါ။

မဲပေးခဲ့သူတွေကို အားနာတယ်လို့သုံးတာထက် သင့်တော်တာ ရှိသေးလား။ ရှိရင် အဲတာပါပဲ။ ကျွန်တော် ချေဂွေဗားရား မဟုတ်ပါ။ ရဲဘော်သုံးကျိပ်ဝင် မဟုတ်။ ဝါးရမ်းပြေးသာ အမှန်ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၁၂-၂ဝ၁၆
ည ၁၁ နာရီ၊ ၂၇ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး