Emergency contraception side effects အရေးပေါ်တားဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ

(ကန်တော့ပါ)

အရေးပေါ်ကိုယ်ဝန်တားဆေးတွေက သောက်သုံးဖန်များရင် ဘယ်လိုဆိုးကျိုးမျိုးတွေဖြစ်လာစေနိုင်ပါသလဲဆရာ။ ဒီအမေးမျိုးကို ခဏခဏဖြေရပါတယ်။ အရေးပေါ်ကို ပဲလှော်လိုစားသူများလို့ ရေးထားဘူးပါတယ်။ Ecee-2 အီးဇီးတူး ယဉ်ကျေးမှုလို့ ဂျာနယ်မှာရေးတာ ဖတ်ရတယ်။ ကျွန်တော်ကတော့ (မ) ယဉ်ကျေးမှုလို့ပြောချင်တယ်။

အရေးပေါ်တားဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ -
၅ဝ% လောက်မှာ ပျို့တယ်။ ၂ဝ% က အန်တယ်။ ရှားတာတွေကတော့ သားအိမ်ပြင်ပ ကိုယ်ဝန်တည်ခြင်း၊ ခြေထောက်ထဲက သွေးပြန်ကြောတွေ ပိတ်ပြီးရောင်ခြင်း၊ အဆုပ်သွေးကြောပိတ်၊ နှလုံးသွေးကြောပိတ်၊ ဦးနှောက်သွေးကြောပိတ်၊ အသည်းထိခိုက်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ရောဂါ နဲ့ သွေးတိုးရောဂါတွေ ဖြစ်တယ်။

အရေးပေါ်တားဆေးတွေကို မကြာခဏသုံးရင် သက်ရောက်မှုတွေသိအောင် ၁၉၉၈ ခုနှစ်ထဲမှာ အမျိုးသမီးပေါင်း ၁ဝ၈၃ ယောက်ကို အုပ်စု ၂ ခုခွဲပြီး စမ်းခဲ့တယ်။ ဒီအမျိုးသမီးတွေဟာ အရေးပေါ်တားဆေး သုံးသူတွေနဲ့ သားအိမ်ခြစ်နည်းနဲ့ ကိုယ်ဝန်ဖျက်ဘူးခဲ့သူတွေ ဖြစ်တယ်။ ပညာရေးအခြေခံလဲ မညံ့ကြသူတွေ ဖြစ်တယ်။ အဖြေတွေကို အမျိုးသမီးပေါင်း ၁ဝ၇၁ ယောက်ဆီကနေရတယ်။ ၅၄၉ ယောက်က အိမ်မှာတင် အရေးပေါ်တားဆေး သောက်ကြသူတွေဖြစ်ပြီး၊ သူတို့ထဲက ၄၇% ဟာ ၂ နှစ်အတွင်းမှာ တကြိမ်မက အရေးပေါ်တားဆေး သောက်ခဲ့သူတွေဖြစ်တယ်။ ၅၅၂ ယောက် ကတော့ ဆရာဝန်လက်မှတ်နဲ့သာ အရေးပေါ်တားဆေးသောက်သူတွေဖြစ်ပြီး ၂၇% က ၂ နှစ်အတွင်း တကြိမ်မက အရေးပေါ်တားဆေး သောက်ကြသူတွေဖြစ်တယ်။

အုပ်စု နှစ်စုလုံးထဲက ၁ဝ% ဟာ တကြိမ်မက အရေးပေါ်တားဆေးသောက်တယ်။ ပဌမအုပ်စုထဲက ၂၈ ယောက် (၅%) က ကိုယ်ဝန်ရတယ်။ ဒုတိယအုပ်စုထဲက ၃၃ ယောက် (၆%) ကိုယ်ဝန်ရတယ်။ ပဌမအုပ်စုထဲက ၈ ယောက်နဲ့ ဒုတိယအုပ်စု ထဲက ၄ ယောက်ဟာ အရေးပေါ်တားဆေး သောက်ရဲ့သားနဲ့ ကိုယ်ဝန်ရသွားတယ်။ ဒါပေမဲ့ ကိုယ်ဝန်တွေ အကုန်လုံးကို ဖျက်လိုက်ကြတယ်။

မိသားစုစီမံကိန်းအတွက် စနစ်တကျတဲ့နည်းတွေ အဆင့်သင့်တာကို ရွေးသုံးပါ။ ပြောင်းလို့လဲရပါတယ်။ ပြောင်းဘို့လဲ လိုတယ်။ တားဆေး-တားနည်းပေါင်း (၁၈) မျိုးကို တခုချင်းစီအတွက်ရေးထားပါတယ်။ အရေးပေါ်တားဆေးကို အရေးပေါ်အတွက်သာ သုံးသင့်ပါတယ်။ ရာသီပြောင်းသွားမယ်။ ဟော်မုန်းတွေ ပြောင်းမယ်။ ဘာတွေဖြစ်နိုင်သလဲ သုတေသန မပြည့်စုံပါ။ အပျိုတော့ ပြန်မဖြစ်ပါ။

မြန်မာပြည်လိုနိုင်ငံတွေမှာသာ အရေးပေါ်တားဆေးကို ခဏခဏသောက်နေကြတယ်။ သူများနိုင်ငံတွေမှာ အဲလို ခဏခဏမသောက်ကြပါ။ မြန်မာပြည်မှာ သုတေသနလုပ်လို့လည်း မရဘူး။ မေးကြတဲ့အရေအတွက် အတော်ကြီး များတယ်။ ဖြစ်တာတွေ ရေးပြတာတွေ အမျိုးမျိုးသိရတယ်။ တန်းစီရေးတာက သုတေသနမဆန်လို့ ကောက်ချက်ဆွဲဘို့ မသင့်ပါ။

Ecee 2 Culture အီးဇီးတူး မယဉ်ကျေးမှု https://doctortintswe.blogspot.com/2014/12/ecee-2-culture.html
Amor အရေးပေါ် မယဉ်ကျေးမှု http://doctortintswe.blogspot.com/2016/07/amor.html

ဒေါက်တာတင့်ဆွေ
၎-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး