Ecee 2 Culture အီးဇီးတူး မယဉ်ကျေးမှု

(ကန်တော့ပါ)

၁။ ဒေါက်တာရှင့် ကျွန်မ အသက် ၂၀ ပါ။ Ecee2 သောက်ထားတာ တရက်ရှိပါပြီ။ သွေးစစ် ဓာတ်မှန်ရိုက်လျှင် ecee2 သောက်ထားတာနဲ့ ecee2 ရဲ့ ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပါသလားရှင့်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်နှစ်ရက် လောက် ခံရမလဲရှင့်။

၂။ ကန်တော့ပါဆရာ သမီးတခုလောက်မေးချင်လို့ပါဆရာ။ တားဆေး ezee 2 သုံးလေးကြိမ်လောက် သောက်တာ နောက်ပိုင်း ကိုယ်ဝန်မရမှာ စိုးရိမ်ရလားဟင် ဆရာ။

၃။ အသက်၂၁ မိန်းကလေးပါဆရာ။ ဖြစ်နေတာက Ecee2 နှစ်ကြိမ်သောက်ဘူးပါတယ်။ ပထမလက ပန်းဝတ်မူန် သွေးသန့်ဆေးသောက်တာ ရာသီတကြိမ်ပဲလာပါ။ အခုလကျ သွေးသန့်ဆေးတွေအများကြီးသောက်လိုက်တာ ထပ်လာတယ်ဆရာ။ အဲ့ဒါ ကိုယ်ဝန်ရှိနိုင်သေးလား သိပရစေဆရာ။ ဖြေပေးပါနော်။

၎။ အသက်က ၃၄ ပါဆရာ။ အမျိုးသမီးပါ။ အရေးပေါ်တားဆေး ကို တလအတွင်းမှာ သုံးခါသောက်ခဲ့မိတယ်ဆရာ။ အဲလိုသောက်ခဲ့ခြင်းကြောင့် ဒီလ ဓမ္မတာမလာခင်မှာ ခါးအောင့်ခြင်း ဗိုက်အောင့်ခြင်းဆိုတဲ့ လက္ခဏာတွေမရှိပဲ ဒီနေ့ မနက်မှာ ဓမ္မတာလာခဲ့ပါတယ်။ အဲတာ ပုံမှန်သဘာဝအတိုင်းဖြစ်ခြင်း မဟုတ်ပဲ ဒီလို ဘာလက္ခာမှမပြခဲ့လို့ စိတ်ပူနေရလို့ပါဆရာ။ အဲလိုဘာကြောင့်ဖြစ်ပြီး အရေးပေါ် တားဆေးတွေ သောက်ခဲ့မိလို့များလား ဆိုတာရယ် ဘာတွေဆက်ဖြစ်လာနိုင်လည်းဆိုတာလေးကို သိခွင့်ပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

၅။ မင်္ဂလာပါဆရာ ကျွန်မ အသက် ၂၇နှစ်ပါ။ အိမ်ထောင်သက် ၃ နှစ်ပါ။ အိမ်ထောင်သက် ၂ နှစ်နီးပါးလောက်မှာ ကလေးရဖူးပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ၂ ပါတ်သားလောက်မှာ ဖျက်ချခဲ့ရပါတယ်။ အရင် ကလေး မရခင်တုန်းက ယောက်ျားကလဲ နယ်ဝေးမှာအလုပ်နဲ့ဆိုတော့ eazy 2 ကို ၁ လမှာ ၂ ခါလောက် သောက်ဖြစ်ပါတယ်။ ကလေးရတုန်းကလဲ ၁ လုံးသောက်တာနောက်ကျသွားလို့ရတယ်ထင်ပါတယ်။ ကလေးဖျက်ပြီး (၁ နှစ်အတွင်းမှာတော့) ၁ လခွဲခြားပြီး နောက်ထပ် ၆ လနီးပါး။ အဲ့ဒီတားဆေးကိုပဲ သောက်ထားတာရှိပါတယ်။ နောက်ထပ် ၅ လကိုတော့ ဘာဆေးမှ မသုံးပါ။ ခုကလေးလိုချင်လို့ ခုထိမရသေးဘူးဆရာ။ အဲ့ဒါဆေးအရှိန်ကြောင့်လား မသိဘူးဆရာ။ ခုကလေးယူဖို့ ဘယ်လို ပြင်ဆင်သင့်လဲ၊ ဘာတွေလိုအပ်လဲ ကူညီဖြေကြားပေးပါဆရာရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

၆။ ဆရာ Ecee2 ဆေးကို boy မှားသောက်မိရင် ဘာဖြစ်လာနိုင်လည်းဆရာ။

၇။ အမျိုးသမီးတယောက်က မေးပါတယ်။ သူ့အမျိုးသားကို Ecee 2 အီးဇီး-တူး သောက်စေချင်တာတဲ့။

ဒါတွေက နမူနာမေးခွန်းတွေ။ နေ့တိုင်း အဲလိုမေးတာတွေလာတယ်။ ကိုယ်ဝန်တားဆေး Ecee 2 မြန်မာပြည်က ဆေးဈေးကွက်မှာ အလွန်ဟော့ပုံရပါတယ်။ အရေးပေါ်ကိုယ်ဝန်တားဆေး ဖြစ်ပါတယ်။ အရေးပေါ်ဆိုတာ သွားရည်စာလို မဟုတ်ပါ။

အတူနေပြီး ၇၂ နာရီအတွင်းသောက်ရင် စိတ်အချရဆုံး ဖြစ်တယ်။ WHO အဆိုအရ နာရီ ၁၂ဝ အထိလည်းရတယ်။ ပဌမ ၁ ပြားနောက် ၁၂ နာရီမှာ ဒုတိယဆေးသောက်ရတယ်။ ၂ ပြားလုံးတခါတည်းလည်းရတယ်။ ဘေးထွက်ဆိုးကျိုးခံနိုင်ရည် မတူကြပါ။ ဆေးတိုင်း ဆေးသောက်ပြီး ၂ နာရီအတွင်း အန်ရင် ဆေးထပ်သောက်ရတယ်။

Ecee 2 အပြင် တခြားနာမည်တွေနဲ့ ရောင်းတယ်လို့ မေးခွန်းတွေအရ သိရတယ်။ အမေရိကမှာ Plan B, Morning-after pill ဆေးတွေဖြစ်တယ်။ Postinor ဆိုတာက Postinor-2, Postinor Duo နာမယ်တွေနဲ့ တချို့နိုင်ငံတွေမှာ ရှိတယ်။ ဆေးတွေက ခပ်ဆင်ဆင်တွေပါ။ ဆေးတကပ်မှာ ၂ လုံးပါတယ်။ Levonorgestrel 1.5 mg တလုံး တကြိမ်တည်း၊ ဒါမှမဟုတ် 750 μg စီနှစ်ခါခွဲ ၁၂ နာရီတခါ သောက်ရတယ်။

သူများတိုင်းပြည်တွေမှာ မေးလေ့မရှိတဲ့မေးခွန်းတွေ ရပါတယ်။ တခါသောက်ပြီး နောက်ဘယ်နှစ်နာရီအတွင်း အတူနေရင် ထပ်သောက်ဖို့ လို မလို။ အဲလိုမေးခွန်းမျိုးအတွက် ဆေးသုတေသနလုပ်ထားတာမရှိပါ။ ခဏခဏသောက်ရင် ဘာဖြစ်မလည်း။ သူများတိုင်းပြည်တွေမှာ အဲလိုခဏခဏ မသောက်ကြလို့ ဆေးသုတေသနမလုပ်ကြပါ။

ဘေးထွက်သက်ရောက်မှုများ = ပျို့-အန်ခြင်း၊ အားကုန်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားနာတင်းခြင်း၊ ကြားရက်သွေးဆင်းခြင်း၊ ဗိုက်အောက်ပိုင်းနာခြင်း။ ခံစားရတာတွေက တယောက်နဲ့တယောက် မတူကြပါ။

အရေးပေါ်တားဆေးသောက်ရင် ဟော်မုန်းတွေပြောင်းမယ်။ ရာသီပြောင်းမယ်။ တခါသောက် တခါပြောင်းမယ်။ ရေရှည် ဘာဖြစ်မလည်း မပြောနိုင်ပါ။ နောင်မှာ ကလေးမရတော့ မဖြစ်လောက်ပါ။ အခွင့်အလမ်းတော့ နည်းနိုင်တယ်။ ကင်ဆာ မဖြစ်လောက်ပါ။ သွေးဆင်းတာကို ရာသီလို့ပြောရင် မတိကျပါ။ ဟော်မုန်းပြောင်းလို့ သွေးဆင်းတာဖြစ်တယ်။

အဲလိုသုံးသူတွေမှာ လိင်ကတဆင့်ကူးစက်ရာဂါရတာ များကြတယ်။ ပွင့်လင်းမှုနည်းကြပြီး၊ အသက်ကငယ်ကြသေးတော့ ကျန်းမာရေးကို သိပ်ဂရုမစိုက်ချင်ကြသေးပါ။ အဖေါ်ကို သတ်သတ်မှတ်မထားသူတွေ၊ အဖေါ်တယောက်မက ထားသူတွေ မနည်းပါ။ ဆေးအတုကြောင့်နဲ့ ဆေးသောက်နည်းမမှန်လို့ ကိုယ်ဝန်ရသွားလို့ မေးလာတာတွေလည်း ရှိတယ်။ အိမ်ထောင်ကျပြီးသူတွေ အဲဒီနည်းကို မသုံးသင့်ကြပါ။ ဟန်းနီးမွန်းဆီးအောင့်ခြင်းရောဂါက အဲလို မိန်းကလေးတွေမှာပါ ဖြစ်တယ်။ အတက်ရပ်ဆေး၊ တီဘီဆေးနဲ့ HIV ဆေးတွေနဲ့ တွဲမသောက်သင့်ပါ။ သွေးကြောထုံးရောဂါရှိနေသူ၊ သွေးမခဲပြဿနာရှိနေသူတွေလည်း မသင့်ပါ။ ကိုယ်ဝန်ရှိနေသူနဲ့ ကိုယ်ဝန်ဆောင်ဘို့ စိတ်ကူးရှိသူတွေလည်း မသင့်ပါ။

အရေးပေါ်ကို ပဲလှော်လိုသဘေားထားသူလို့ ငေါ့မိပါသေးတယ်။ အပြစ်ချည်းသာပြောနေတာမဟုတ်ပါ။ စနစ်တကျ သုံးနိုင်တဲ့ ကိုယ်ဝန်တားနည်းတွေ အများကြီးရေးတင်ထားပါတယ်။ အရေးပေါ်ဆိုတာ ရည်ရွယ်မထားခြင်း၊ ကွန်ဒွမ် ပေါက်ပြဲခြင်း၊ မတော်မတရား ပြုခံရခြင်းတွေဖြစ်တယ်။

အရေးပေါ်တားဆေးကို သူများတိုင်းပြည်တွေမှာ မြန်မာပြည်လောက် လက်လွတ်စပယ် မသုံးကြပါ။  အီးဇီး-တူး သုတေသနကို မြန်မာပြည်မှာလုပ်ရင်ကောင်းမယ်။ အချိန်မရလို့သာ။ မေးခွန်းတွေကို ဆန်းစစ်မှုလုပ်ရင်တောင် သုတေသန အသေးစားတခုရနိုင်တယ်။ အဲလိုဆေးသောက်ပြီး ဘာဖြစ်တယ်ပြောကြတာတွေရှိတယ်။ အိမ်ထောင်ကျပြီးမှ စိုးရိမ်သူတွေ ရှိတယ်။ အတူနေသူနဲ့ မဟုတ်ပဲ အိမ်ထောင်ကျတော့ ပြဿနာဖြစ်လို့ မေးတာတွေရှိတယ်။ တချို့မှာ ကိုယ်ဝန်တော့မရ၊ လိင်ကတဆင့်ကူးစက်ရောဂါတွေ ရကြတယ်။ တချို့ ဆေးအတုနဲ့မိတယ်။ တချို့ ဆေးသောက်နည်းမမှန်။ သုတေသန မဟုတ်ရင် ခြောက်ပြောလို့မသင့်။ အာမခံလို့လည်းမရပါ။ ဆောရီး။

Emergency contraception side effects အရေးပေါ်တားဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ http://doctortintswe.blogspot.com/2017/04/emergency-contraception-side-effects.html
Amor အရေးပေါ် မယဉ်ကျေးမှု http://doctortintswe.blogspot.com/2016/07/amor.html

ဒေါက်တာတင့်ဆွေ
၎-၃-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ