Own glimmer ကိုယ်ပိုင်အလင်းရောင်ရှိကြသူများ

ဒေါ်စုမွေးနေ့မှာ ကျွန်တော်အဖို့ ထူးဆန်းတာတခုကို သတိထားမိတယ်။

ကျွန်တော့်အသိုင်းအဝိုင်းကို အတန်းအစားခွဲခြားလိုက်ရင် ဆွေမျိုးအရင်းတွေ၊ ဝမ်းကွဲတွေ၊ ဟိုဖက်သည်ဖက်အမျိုးတွေ။ အတူတူကျောင်းနေခဲ့သူတွေ။ တရပ်တည်းတမြို့ထဲနေခဲ့သူတွေ၊ တဌာနတည်းလုပ်ခဲ့သူတွေ။ သူငယ်ချင်းရဲ့မိတ်ဆွေတွေ၊ သူတို့သားသမီးတွေနဲ့ သူတို့ဆွေမျိုးသားချင်းတွေ။ ဖေ့စ်ဘွတ်ဖရင်းတွေ။ ကျွန်တော့် ဆေးပညာအကူအညီယူသူတွေ။

၁၅ နှစ်တာ ဆရာဝန်လုပ်နေခဲ့တဲ့ ကျွန်တော်က အသက်တဝက်အရလောက်မှာ နိုင်ငံရေးထဲရောက်ပါတယ်။ နောက်ဆက်တွဲသက်ရောက်မှုတွေ ထင်ထင်ရှားရှားတွေ့ခဲ့ရတယ်။ တချို့တွေနဲ့ ဆက်ဆံရေးအပြောင်းအလဲကြီး ဖြစ်သွားခဲ့ရတယ်။ နိုင်ငံရေးအရောင်မတူလို့ဖြစ်ရတာက နည်းပါတယ်။ ရန်ရှာခံရမယ့်အန္တရာယ်ကြောင့် ကျွန်တော့်ဆီကနေ ရှဲသွားကြတာပါ။ တပြိုင်တည်းမှာ အရင်ကခပ်လှမ်းလှမ်းမှာနေခဲ့သူတချို့ဟာ အကူအညီပေးသူဖြစ်လာတယ်။ ခပ်စိမ်းစိမ်း နေသူတချို့က သက်တော်စောင့်လို တာဝန်ယူပေးတယ်။

အခုလို ရန်ရှာခံရမယ့်ဘေးဆိုတာက ဝေးလာတော့ ဆက်ဆံရေးသဘောတွေ ထပ်ပြောင်းလာတယ်။ တချို့တွေနဲ့ ပြန်ပြီး နီးစပ်လာပါတယ်။ သည်အကြောင်းအရာကို တခါကနည်းနည်းရေးဖြစ်ပါတယ်။ အခုရေးချင်တာက ထူးခြားမှုတခုပါ။

နိုင်ငံရေးလုပ်ခဲ့ရတာ ၂ နှစ်တောင်မှမကြာခင် အပြင်ထွက်ရတယ်။ အဲဒီ ၂ နှစ်ဆိုတာက တကယ်ကို ပြေးဟယ်လွှားဟယ်။ ကိုယ်နဲ့လိုင်းတူတွေဆိုတာ အနီးအနားကလူလောက်ကိုသာ သိနိုင်ခဲ့တယ်။ သူငယ်ချင်းအပေါင်းအသင်းတွေက ဘာရောင် ကြိုက်ကြသလည်း မသိနိုင်ခဲ့ပါ။ အမျိုးတွေတောင်မှာ မေးမကြည့်ပါ။ ကျွန်တော်ပါတီကိုမဲထည့်ဖို့လည်း တယောက်ကိုမှ မပြောမိပါ။

နိုင်ငံရေးမှာ ဘာအရောင်လည်းဆိုတာ ကနေ့တော့ ထင်ထင်ရှားရှားသိလာရတယ်။ ဒေါ်စုမွေးနေ့မှာ တင်ကြတဲ့ပို့စ်တွေ ဖတ်တော့ လား လာ့း့ ဆွေမျိုးအရင်းတွေ၊ ဝမ်းကွဲတွေ၊ ဟိုဖက်သည်ဖက်အမျိုးတွေ။ အတူတူကျောင်းနေခဲ့သူတွေ။ တရပ်တည်းတမြို့ထဲနေခဲ့သူတွေ၊ တဌာနတည်းလုပ်ခဲ့သူတွေ။ သူငယ်ချင်းရဲ့ မိတ်ဆွေတွေ၊ သူတို့သားသမီးတွေနဲ့ သူတို့ ဆွေမျိုးသားချင်းတွေ။ ဖေ့စ်ဘွတ်ဖရင်းတွေ။ ကျွန်တော့် ဆေးပညာအကူအညီယူသူတွေ။

သူတို့အားလုံးရဲ့ရွေးချယ်မှုမှာ ကျွန်တော့်နှုတ်နဲ့ ဆွဲဆောင်မှုကင်းကြတယ်။ ရှင်းကြတယ်။ ကိုယ်ပိုင်အလင်းရှိကြတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ