Semen Leakage သုက်ရည်ထွက်ကျခြင်း

ဆရာရှင့် ကျမအိမ်ထောင်ကျတာ ၁ နှစ် ၈ လရှိပါပြီဆရာ။ ကျမအသက်က ၃၆ နှစ်ပြည့်ပါပြီ။ ဒါပေမယ့် ၃ လခွဲမှာ ကလေး ပျက်ကျသွားတယ်ဆရာ။ သူခွင့်တစ်လယူပြီး ပြန်လာပါတယ်ဆရာ။ ကျမက တားဆေးလဲ ထိုးမထားတော့ ကလေး ပြန်ရမယ်ပဲထင်နေတာဆရာ။ ဒါပေမယ့် ကျမကလေးမရဘူးဆရာ။ ကျမသတိထားမိတာက ဆက်ဆံပြီးတဲ့အခါတိုင်း အရည်တွေ ပြန်ထွက်တယ်ဆရာ။ အချိန်တိုင်းပဲဆရာ။ အသက်ကြီးပြီး ကလေးမရတော့မှာကို စိုးရိမ်မိပါတယ်ဆရာ။

လိင်ဆက်ဆံအပြီးမှာ မိန်းမအင်္ဂါအဝကနေ အရည်အနည်းနဲ့အများထွက်ပါတယ်။ ထွက်တာတွေက ဘာတွေလဲ။ ယောက်ျားသုက်ရည်၊ ဗဂျိုင်းနားအရည် နဲ့ တကယ်လို့ မိန်းမကလဲ ပြီးဆုံးမှု ဖြစ်တာဆိုရင် သူကနေ သပ်သပ် ထပ်ထွက်မဲ့အရည် (၃) မျိုးပါနိုင်တယ်။ တချို့ အမျိုးသမီးတွေက ပြီးဆုံးရင် ယောက်ျားတွေလို အရည်ပန်းထွက်တာမျိုး ရှိတယ်။ ရှားပါတယ်။ သိပ်ရှားတာလဲ ရှိသေးပြန်တယ်။ တချို့မိန်းမတွေ ဆီး (သေး) ပန်းထွက်တယ်။ အခြေအနေ တကြိမ်နဲ့တကြိမ်မတူပါ။ လိင်ဆက်ဆံတဲ့အချိန်ကြာမြင့်နေရင် စိုစွပ်မှုပိုများမယ်။ လိင်စိတ်ဖြစ်ပေါ်မှုများရင်လဲ အရည်ထွက်ထာ နှစ်ယောက်လုံးဆီကနေ များမယ်။ တယောက်ကသာများတာလဲရှိမယ်။ Orgasm ဖြစ်ကြတာမှာလဲ အပြင်း-အပျော့ တခါနဲ့တခါမတူကြပါ။

ဒီလိုဖြစ်တာ ကလေးမရတာကို ဖြစ်စေမယ်လို့တော့ ပြောမရပါ။ စိုးရိမ်တာ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ယောက်ျားကနေ လိင်မှုကိစ္စပြီးဆုံးလို့ ကျားအင်္ဂါထိပ်ဝကနေ အရှိန်နဲ့ထွက်လာတဲ့ သုက်ရေထဲမှာ သုက်ပိုးက ၅% သာ ပါတယ်။ သုက်ရည်တချို့က ဗဂျိုင်းနားထဲဝင်တယ်။ ဆက်ပြီး သားအိမ်အဝကနေ သားအိမ်ထဲကိုဝင်မယ်။ သုက်ပိုးက အလွန်မတန်လှုတ်ရှားတယ်။ သားအိမ်ထဲရောက်ရင်လဲ သားအိမ်အထက် ဘယ်-ညာကနေ ထွက်နေတဲ့ ပြွန်တွေဆီအထိ ဆက်အုံးမယ်။ ပြွန်တဖက်ထဲမှာသာ မ-မျိုးဥက ရှိနေမယ်။ သုက်တခါလွှတ်ရင် 200-600 million ပါတယ်။ သုက်ရည် လက်ဘက်ရည်ဇွန်း ၄ ပုံ ၁ ပုံထဲမှာ 100 million ပါနိုင်တာမို့ သန်းဂဏန်းရှိ သုက်ပိုးတွေ အထဲဝင်မှာ သေခြာတယ်။ မမျိုးဥဆီအထိ အောင်အောင်မြင်မြင်ရောက်မဲ့ သုက်အကောင်ရေ ၁ဝဝဝ လောက်ရှိပါတယ်။ သန္ဓေရဘို့ကတော့ ၁ ကောင်တည်းသာလိုတယ်။

ယောက်ျားက အရင်တကြိမ်ပြီးတုံးက မိန်းမအင်္ဂါထဲမှာသာ သုက်လွှတ်ထားခဲ့ပြီး ကြားထဲမှာ အမျိုးသမီးက ရေဆေးတာ မလုပ်လဲ နောက်တကြိမ်ထပ် ဆက်ဆံကြရင်လဲများနေမှာဘဲ။ စိုစွပ်ချင်လို့ အရည်တုသုံးရင်လဲ ဖြစ်နိုင်တယ်။
အမျိုးသမီးမှာ အဖြူဆင်းတဲ့ရောဂါရှိနေရင် စိုစွပ်မှုများနိုင်တယ်။ ကျားအင်္ဂါကို အတွင်းရောက်ရင် ထွက်ကျတာ သက်သာမယ်။

သုက်ရည်တွေ အထဲဝင်စေဘို့ ကျားအင်္ဂါ အတို-အရှည်က အရေးမပါသလို၊ သုက်လွှတ်ချိန်မှာ နက်သထက် နက်အောင် ထိုးထည့်ထားပေးဘို့လဲ မလိုလှပါ။ နည်းတခုက ဆက်ဆံအပြီး အမျိုးသမီးရဲ့တင်ပါးအောက်ကနေ အခုအခံတခု ၁၅-၂ဝ မိနစ်လောက် ထားပေးပါတဲ့။ တချို့ကလဲ သုက်လွှတ်အပြီး၊ အမျိုးသမီးက ခြေနှစ်ဖက်ကို အထက်ထောင်ထား၊ စက်ဘီးစီး လေ့ကျင့်ခန်းလုပ်သလို လုပ်ဘို့ အကြံပေးတယ်။

အမျိုးသမီးတွေရဲ့ သားအိမ်အနေအထား ၂ မျိုးရှိတယ်။ ဆေးစာမှာ အတိုကောက် RV နဲ့ AV လို့ ခေါ်တယ်။ သားအိမ်က သူ့ရှေ့က ဆီးအိမ်ဆီ ကောက်နေရင် AV သူ့နောက် အစာဟောင်းလမ်းဆီ ကောက်နေရင် RV လို့ သတ်မှတ်ထားတယ်။ နှစ်မျိုးလုံး (နောမယ်လ်) ဖြစ်ပါတယ်။ ကလေးရနိုင်တာအပါအဝင် ဘာကိုမှပြဿနာမပေးပါ။ သုက်ရည် အပြင်ထွက်ကျ စေဘို့ကိုလဲ သူ့အနေအထားက ဒုက္ခမပေးပါ။

Artificial insemination techniques ဆိုတာ ပုံမှန်နည်းတွေနဲ့ ကလေးမရနိုင်သေးသူတွေအတွက် အတုလုပ်ပြီး သုက်ရည်ကို ဆရာဝန်ကနေ သားအိမ်ထဲ ထည့်ပေးနည်းဖြစ်တယ်။ ဒီသဘောအတိုင်း ကိုယ့်ဖါသာလုပ်နည်းဟာလဲ အကြံကောင်းတခု ဖြစ်တယ်။ တခါသုံး-ဆေးထိုပြွန် တခုကို သုံးနိုင်ပါတယ်။ Orgasm ရပြီးလို့ ထွက်လာတဲ့ သုက်ရည်ဟာ ထွက်စမှာ ပျစ်ချွဲနေတယ်။ သုက်ရည်ကို သန့်တဲ့ခွက်ငယ်တခုမှာ ထည့်ထားရမယ်။ ၁၅-၂၅ မိနစ်ဆိုရင် အရေပျော်လာမယ်။ ဒါကို ဆေးထိုးပြွန်နဲ့ စုပ်ယူပြီး အပ်မပါဘဲ ဗဂျိုင်းနားထဲ သွင်းထည့်ပေးနိုင်တယ်။ အထဲကို ၃-၄ လက္မ ဝင်ရင် ရပါတယ်။ ဒီလိုလုပ်ရမဲ့နေ့ဟာ အမျိုးသမီးရဲ့ရာသီလ အလယ်ရက် ဖြစ်သင့်တယ်။ ရာသီ စဆင်းခဲ့တဲ့နေကနေ ရေတွက်ရင် ၈ ရက် ကနေ ၁၉ ရက်မြောက်နေ့အတွင်းဟာ ကိုယ်ဝန်အရနိုင်ဆုံးရက်တွေဖြစ်လို့ ဆက်ဆံသင့်တယ်။ ဒီနည်းကိုလဲ လုပ်နိုင်တယ်။

ကျွန်တော်ကိုယ်တိုင် တောနယ်တခုမှာ ကလေးမရနိုင်သေးတဲ့ စုံတွဲတွေအတွက် ကြိုးစားပေးခဲ့ဘူးတယ်။ MBBS တွေ သင်ရတဲ့ဆေးစာအုပ်မှာမပါ၊ (အင်တာနက်) လဲ မပေါ်သေးလို့၊ တီထွင်ကြံဆ နည်းလမ်းရလုပ်ပါတယ်။ သုက်ရည် ပျော်ချိန်အထိ အချိန်မစောင့်ပဲ သုက်ရည်ကို ဆေးထိုးတဲ့မိုးရေနဲ့ ရောလိုက်တယ်။ မဟုတ်ရင် စုပ်ယူဘို့သိပ်ခက်တယ်။ ပိုးသန့်ထားတဲ့ ရာဘာဆီးခြူပိုက် အနေတော်ကို ဆေးထိုးပိုက်ရဲ့ထိပ်မှာတပ်၊ သားအိမ်အဝအထဲထိ ထိုးသွင်းပြီး၊ သုက်ရည်တွေကို သားအိမ်ထဲအထိ သွင်းပေးနည်းလုပ်တယ်။ လူနာကို ခြေရင်းမြှင့်ပေးထားတဲ့ စမ်းသပ်ကုတင်မှာ ၁၅ မိနစ်လောက် ပက်လက်လှဲနေစေပါတယ်။ အားလုံးတော့မရပေမယ့် ကံကောင်းတဲ့စုံတွဲတတွဲက သားယောက်ျားလေး တယောက်ရလိုက်တယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ