Beauty of Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား

၁။ Jun 11th, 12:51am ဆရာရှင့် ဆရာရေးတဲ့ Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလားကို ဖတ်ချင်လို့ရှာတာ မတွေ့လို့ပါ။ ကျေးဇူးပြုပြီး link ပေးလို့ရမလားရှင့်။ ဆရာ့စာတွေဖတ်ရတာ ဗဟုသုတအများကြီးရလို့ ကျေးဇူးအများကြီး တင်ပါတယ်ဆရာ။

၂။ Mon, Dec 5, 2011 at 12:04 PM မ-အင်္ဂါ ဘေးနှုတ်ခမ်းသားဆိုတာလေးတွေကို သေးအောင် ဘယ်လိုလုပ်ရင် ရမလဲလို့ပါရှင့်။ အကယ်လို့များ နှုတ်ခမ်းသားတွေ သေးလို့မရရင် Clitoris ကိုကော ကြီးအောင်လုပ်လို့ရလား သိချင်ပါတယ်။

မိန်းမကိုယ် (မ-အင်္ဂါ) ကို Vulva (ဗာလ်ဗာ) လို့ အင်္ဂလိပ်လိုဆေးစာနဲ့ ခေါ်ပါတယ်။ Vagina (ဗဂျိုင်းနား) လို့ခေါ်တာ မမှန်ပါ။ မိန်းမကိုယ်ဟာ မိန်းကလေး တယောက်နဲ့ တယောက် အရွယ်အစား၊ ပုံပန်းနဲ့ အရောင်တွေ မတူကြပါ။ အများဆုံး အသားရောင်အတိုင်းရှိကြပေမဲ့ မဟုတ်တာလဲရှိတယ်။ အရေပြားမဟုတ်တဲ့ အတွင်းသားတွေရဲ့ အရောင်ကတော့ ပန်းရောင်၊ ပန်းညိုရောင်ဖြစ်တယ်။ မိန်းမကိုယ်ဟာ လိင်အရေးကို လုပ်ပေးနိုင်တယ်။ အသေအခြာ နှိုးဆွပေးရင် သာယာမှုကို ဖြစ်စေတဲ့ အာရုံကြောတွေအများကြီးရှိတယ်။ Vulva ခေါ်တာထဲမှာ Urethra ဆီးထွက်ပေါက်လဲ ရှိတာမို့ ဆီးသွားတဲ့တာဝန်ကိုပါ ထမ်းဆောင်ပေးတယ်။

အမျိုးသမီးတယောက်ကို လိုအပ်လို့ Vaginal examination (VE) မွေးလမ်းကြောင်း စမ်းသပ်ခြင်း စစ်ဆေးတဲ့အခါ မျက်စိနဲ့မြင်ရမှာတွေကို ခန္ဓာဗေဒအရ အခေါ်တွေပြောရရင် -
• Mons pubis ဆီးခုံ၊
• Labia majora နှုတ်ခမ်းသားအကြီး၊
• Labia minora နှုတ်ခမ်းသားအသေး၊
• Clitoris မ-အစိ၊
• Vestibular bulbs မ-အစိအခြေ၊
• Vulval vestibule မ-အင်္ဂါအတွင်းပိုင်းဧရိယာ၊
• Vestibular greater gland အရည်ထွက် (ဂလင်း) အကြီး၊
• Vestibular lesser gland အရည်ထွက် (ဂလင်း) အသေး၊ နဲ့
• Vaginal opening (ဗဂျိုင်းနား) အဝ၊

Mons pubis ဆီးခုံဆိုတာမှာ အောက်ခံအရိုးပေါ်မှာ အဆီတွေ စုဝေးနေလို့ အိအိဖေါင်ဖေါင်းလေးနေတယ်။ သူကနေမှ နှုတ်ခမ်းသားအကြီးအဖြစ် အောက်ကိုဆင်းလာပြီး အောက်ပိုင်းက စအိုအတက်နားမှာ ပြန်ဆုံကြတယ်။ ဆုံတဲ့နေရာကို Perineum ခေါ်တယ်။ ကလေးကို မွေးလမ်းကြောင်းကနေဖွါးရင် ဒီနေရာမှာ စုပ်ပြဲတာဖြစ်ဖြစ် တမင်တကာချဲ့ပေး-ပြန်ချုပ်ပေးရတာဖြစ်ဖြစ် လုပ်ရတယ်။ အရွယ်ရောက်ချိန်ကစပြီး ဒီနေရာနဲ့ နှုတ်ခမ်းသားအကြီးနေရာတွေမှာ အမွှေးပေါက်လာတယ်။ အမွှေးနုနုလေးတွေကနေ ရင့်သန်လာတယ်။ ကွေးကောက်လာတယ်။ တချို့မှာ အရွယ်ရလာတောင်မှ အမွှေးကနည်းလွန်းလှပြီး တချို့မှာ များသန်လို့ အောက်အထိဆက်ပေါက်မယ်။ ပေါင်အထိလဲ ပေါက်နိုင်တယ်။ အမွှေးရဲ့ အရောင်၊ အထူ-အပါး၊ အနု-အကြမ်း၊ အဖြောင့်-အကောက် မတူကြဘူး။

Clitoris မ-အစိ ကတော့ ထိပ်ဆုံး အလည်တည့်တည့်မှာ ရှိတယ်။ နှုတ်ခမ်းသား အသေးစားနဲ့ နှစ်ခုဆုံရာနေရာကို Frenulum clitoridis (ဖရင်ညူလန်) ခေါ်တယ်။ ယေဘုယျ ပဲစေ့လောက်လို့ ပြောကြပေမဲ့ အရွယ်အစား သိသိသာသာ မတူကြပါ။ အာရုံကြောတွေက ထိရင် အလွန်သိလွယ်တယ်။ Glans penis ယောက်ျားအင်္ဂါထိပ်ဖျားနဲ့ အတူတူဘဲ။ ဖုံးနေတဲ့ ချိတ်သဘောဖြစ်နေတာကို Clitoral hood ခေါ်တယ်။ ကျားအင်္ဂါထိပ်က အရေပြားသဘောဖြစ်လို့ Prepuce လို့လည်း ခေါ်တယ်။ Clitoris အစိကို ဖုံးပေးတယ်။ လုံအောင် မဖုံးနိုင်တာမျိုးလဲ ရှိတယ်။

Labia majora အကြီးနှုတ်ခမ်းဟာ သာမန်အရေပြားလိုဘဲ။ Keratinized stratified squamous epithelium (ကရတင်) ပါတဲ့ အရေပြား၊ အမွှေးပေါက်အိတ်တွေနဲ့ (အပိုခရိုင်း) အိတ်နဲ့ ချွေးထွက်အိတ်တွေပါတယ်။ Labia minora အသေးနှုတ်ခမ်းဟာ အရေပြားနဲ့ လုံးဝမတူဘူး။ Nonkeratinized stratified squamous epithelium (ကရတင်) မပါတဲ့ အရေပြားအမျိုးအစားဖြစ်တယ်။ တချို့မှာ မသိသာဘူး။ တချို့မှာ အလွန်ကို သိသာတယ်။ နှုတ်ခမ်းသားအသေးစားဟာ အကြီးစားရဲ့ အတွင်းမှာ အသားနုလိုရှိတယ်။ အရွယ်အစား၊ ပုံပန်း၊ အရောင်ဆိုတာ အတော်မတူကြဘူး။ မအင်္ဂါ-နှုတ်ခမ်းသား အကြီးစားဟာ အဆီများပြီး၊ အသေးစားဟာ သွေးကြောများတယ်။ အသေးစားမှာ ချွေးထွက် (ဂလင်း) တွေရော အာရုံကြောတွေ များလို့ ထိရင် သိပ်ခံစားမှုများတယ်။ အမွှေးမပေါက်ဘူး။

Labia minora မအင်္ဂါ နှုတ်ခမ်းသား အသေးတွေဟာ Vaginal opening (ဗဂျိုင်းနား) ပေါက်ရဲ့ ဘေးတဖက်စီမှာ၊ Labia majora မ-အင်္ဂါ-နှုတ်ခမ်းသား အကြီးတွေရဲ့အတွင်းမှာရှိတယ်။ အရွယ်အစား၊ အရောင် နဲ့ ပုံပန်း တယောက်နဲ့ တယောက် မတူကြပါ။ မအင်္ဂါ-နှုတ်ခမ်းသား အသေးစားက ၂ ပိုင်းရှိတယ်။ Adipose tissue အဆီ (တစ်ရှူး) ဖြစ်တဲ့ ဘယ်နဲ့ညာနှစ်ခုကို ဆက်ပေးထားတာလေးက Vulva မိန်းမကိုယ်ရဲ့ အထက်ဆုံးမှာ ရှိတယ်။ ပဌမအပိုင်းဟာ Clitoris (ကလိုက်တောရစ်) အပေါ်ကို ဖုံးနေတယ်။ ကျားအင်္ဂါထိပ်ဖျားနဲ့ ဆင်တူတယ်။ နာမည်လဲတူတယ် Prepuce of the clitoris လို့ ခေါ်တယ်။ ခပ်ကောက်ကောက် လေးနေလို့ Clitoral hood လို့ ခေါ်တာ များတယ်။ ချိတ်လိုနေတယ်။ ဒုတိယအပိုင်းကတော့ Clitoris အောက်မှာ ကန့်လန့်စင်း Fourchette (Labial frenulum) ခေါ်တယ်။

Vulvo-vaginal folds မအင်္ဂါ အနီးတဝှိုက်မှာ Connective တွယ်ဆက်နဲ့ Erectile tissue ထကြွစေနိုင်တဲ့ (တစ်ရှူး) တွေဟာ ယောက်ျားလိင်အင်္ဂါထဲမှာရှိတဲ့ Corpus spongiosum penis နဲ့ အလားတူဖြစ်တယ်။ Sexual arousal လိင်စိတ်ဖြစ်ပေါ်လာချိန် ဒီနေရာမှာ စိုစွပ်-ဖေါင်းကြွလာတယ်။ ၂-၃ ဆ အထိ ပိုကြီးလာတယ်။ ဆီးသွားချိန်မှာလဲ ဆီးထွက်တာကို ဘေးနေရာမစိုစေအောင် လုပ်ပေးသေးတယ်။

Clitoris မ-အစိကနေ အောက်ဖက်-ဘေးဘက်-နောက်ဖက်-ခပ်စောင်းစောင်း ဆင်းသွားတယ်။ အောက်အဆုံးနေရာမှာ နှစ်ခုက ကန့်လန့်ဆက်နေတာကို Fourchette လို့ ခေါ်တယ်။ ကလေးမွေးဘူးရင်၊ အတင်းဆွဲဆန့်တာခံရရင် ဒီနေရာ စုပ်ပြဲသွားတော့မယ်။ လိင်ဆက်ဆံမှု ကောင်းကောင်းရှိဘူးရင်လဲ စုတ်ပြဲပြီး အပျိုမဟုတ်တော့တာကို သိသာစေတယ်။ အဓမ္မလိင်ဆက်ဆံခံရသူတွေမှာ စုပ်ပြဲသွားလို့ သွေးယိုတာကို တခါတလေ ချုပ်ပေးရတတ်တယ်။

အထက်နေရာမှာတော့ မ-နှုတ်ခမ်းသား အသေးနှစ်ခုဟာ နှစ်ပိုင်းလိုရှိတယ်။ (၁) အပေါ်ပိုင်းတွေက Clitoris အစိ အထက်မှာ ဆုံကြမယ်။ တချို့ အရွယ်အစားမငယ်ရင် Glans clitoridis မ-အစိခေါင်းကို ဖုံးအုပ်နေပြီး ခေါက်ထားသလို ရှိနေမယ်။ အပေါ်ကနေမိုးထားနေမယ်။ Preputium clitoridis လို့ခေါ်တယ်။ (၂) အောက်ပိုင်းတွေက Glans clitoridis မ-အစိခေါင်းရဲ့ အောက်မှာ ပေါင်းဆုံပြီး Frenulum clitoridis လို့ ခေါ်တာ ဖြစ်လာတယ်။

Labia stretching မ-အင်္ဂါ နှုတ်ခမ်းသားတွေကို ဆွဲဆန့်ခြင်း
မိန်းကလေးတွေရဲ့ မအင်္ဂါ-နှုတ်ခမ်းသား အသေးကို ပိုရှည်လာစေအောင် လုပ်ပေးနည်းကို (ရဝမ်ဒါ) စတဲ့နိုင်ငံတွေမှာ လုပ်တယ်။ လက်နဲ့ ဆန့်ပေးတာရော အလေးဆွဲပြီး လုပ်ပေးတာရော ရှိတယ်။ လိင်အရေးမှာ ကဲစေဘို့၊ Orgasm (အော်ဂဇင်) ရစေဘို့၊ Female ejaculation ပြီးတဲ့အချိန်မှာ အရည်ပန်းထွက်တာ ဖြစ်စေဘို့၊ ကျားမ နှစ်ယောက်စလုံးမှာ သာယာမှု ပိုစေဘို့ ရည်ရွယ်တယ်။ မအင်္ဂါ-နှုတ်ခမ်းသား အသေးတဖက်က ပိုတိုနေသူတွေကိုလဲ ဘက်ညီအောင် လုပ်တာလဲ ရှိတယ်။ သူတို့ဆီမှာ မိန်းကလေးတွေ အရွယ်ရောက်တည်းကနေ မ-နှုတ်ခမ်းသား အသေးကို ဆွဲဆွဲ ပေးတတ်အောင် မိန်းမကြီးတွေကနေ သင်ပေးတယ်။ ဆေးတမျိုးကိုလဲ လိမ်းကြစေတယ်။ သုတအဖြစ်သာရေးတာပါ။ လုပ်ဖို့မလိုအပ်ပါ။

ဆေးပညာအလိုအရ မအင်္ဂါ-နှုတ်ခမ်းသား အသေးဟာ ဘယ်အရွယ်အစားက ကောင်းတယ်၊ မကောင်းဘူးဆိုတာ မရှိပါ။ လိုတာထက် ပိုကြီးနေရင် အတွင်းခံ (ဇစ်ပ်) တပ်တာမှာ ခက်သူတွေရှိတယ်။ အတွင်းခံ တထပ်သာဝတ်ထားတာကို သူများမြင်ရင် မလှသလိုနေမယ်။ စက်ဘီးစီးတာ ပြေးတဲ့အခါမှာလဲ ဆီးစပ်နေရာမှာ နာတတ်တယ်။ ဆီးသွားရာမှာ စိုနိုင်တယ်။ လိင်ဆက်ဆံရင် နာတတ်တယ်။

မတ်တပ်ရပ်နေတဲ့ အနေအထားမှာ ဘယ်လိုနေသလဲဆိုတာ ပိုအရေးကြီးတယ်။ ခွဲစိတ်ပြုပြင်မဲ့ အမျိုးသမီးရဲ့ မ-အင်္ဂါ ဆေးမစားမီပုံကို ကြည့်ရင် ကာယကံရှင်က အလိုမကျဘူး ဆိုတာလဲ မှန်တယ်။ အတော်ကို သိသိသာသာ တွဲကျ-ရှည်လျှားနေတာတွေ ရှိတယ်။ ၂ဝဝ၄ ခုနှစ် ဗြိတိန်မှာ အသက် ၁၈ ကနေ ၅ဝ ရှိ အမျိုးသမီး ၅ဝ ကို လေ့လာမှုတခု လုပ်ခဲ့တယ်။
- Clitoral length မ-အစိ အရှည် = 5 မှ 35 (ပျမ်းမျှ = 19.1 mm)
- Clitoral glans width မ-အစိ အကျယ် = 3 မှ 10 (ပျမ်းမျှ = 5.5 mm)
- Clitoris to urethra မ-အစိကနေ ဆီးပေါက်အထိ = 16 မှ 45 (ပျမ်းမျှ = 28.5 mm)
- Labia majora length မ-နှုတ်ခမ်းသား အကြီး အရှည် = 7.0 မှ 12.0 (ပျမ်းမျှ = 9.3 mm)
- Labia minora length မ-နှုတ်ခမ်းသား အသေး အရှည် = 20 မှ 100 (ပျမ်းမျှ = 60.6 mm)
- Labia minora width မ-နှုတ်ခမ်းသား အသေး အကျယ် = 7 မှ 50 (ပျမ်းမျှ = 21.8 mm)
- Vaginal length ဗဂျိုင်းနား အရှည် = 6.5 မှ 12.5 (ပျမ်းမျှ = 9.6 cm)

မနှုတ်ခမ်းသားအသေး သိပ်ကြီးနေသူတွေကို Labiaplasty ခွဲစိတ်ပြုပြင်နည်း လုပ်နိုင်တယ်။ ဒီနည်းကို အရင်ကတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကနေ တားမြစ်ထားရာကနေ ဖြုတ်လိုက်ပါပြီ။ မလုပ်သင့်တဲ့ Mutilation ခေါ်တဲ့ မိန်းကလေး လိင်အင်္ဂါကို လှီးဖြတ်ပေးတာကို တားမြစ်တုံးက ထည့်ထားခဲ့တာ ဖြစ်တယ်။ Labial stretching ကိုတော့ အပြစ်လို့ မသတ်မှတ်တော့ပါ။ ကာယကံရှင်ကနေ လုပ်ချင်တယ်ဆိုရင် လုပ်နိုင်ပါတယ်။ စိတ်တိုင်းကျ အရွယ်အစားကို တိုင်ပင် ဆွေးနွေးပြီး အကောင်းဆုံးကို ဆုံးဖြတ်လုပ်ပေးနိုင်ပါတယ်။

အမျိုးသမီးတယောက်ဘဝမှာ Labia minora ဟာ အရွယ်-ပုံစံပြောင်းလာတတ်တယ်။ Hypertrophied ပိုကြီးလာတာ ဖြစ်ပါတယ်။ Sexual intercourse လိင်ဆက်ဆံတာ၊ Masturbation ဖါသာအာသာဖြေတာ၊ Childbirth ကလေးကို မွေးလမ်းကနေ မွေးရတာ၊ Lymphatic congestion ရောင်တာ၊ Chronic dermatitis နာတာရှည် အရေပြားနာရှိတာ၊ Urinary incontinence ဆီးမထိန်းနိုင်တာတွေကြောင့် အဲလိုဖြစ်စေမယ်။ Genital piercing မ-အင်္ဂါနေရာမှာ ကွင်းတွေ တပ်ဆင်တာကြောင့်လဲ ဖြစ်နိုင်တယ်။

Labiaplasty (Labioplasty) ခွဲစိတ်ပြုပြင်နည်း
မအင်္ဂါ-နှုတ်ခမ်းသား အသေး သိပ်ကြီးနေတာကို ပလပ်စတစ်-ခွဲစိတ်နည်းနဲ့ လုပ်ပါတယ်။

(၁) Defect and Deformity ပုံသဏ္ဌာန်မမှန်လို့ ခွဲစိတ်ခြင်း၊
• Vaginal atresia မွေးကတည်းက (ဗဂျိုင်းနား) လမ်းကြောင်း မပါလာတာ၊
• Müllerian agenesis သားအိမ်၊ သားအိမ်ပြွန်တွေ ပုံမှန်မဟုတ်တာ၊
• Intersex conditions ယောက်ျားလိုရော မိန်းမလိုပါ အင်္ဂါနှစ်မျိုးဖြစ်နေတာ၊
• Exterior cosmetic refinement of the vulvo-vaginal complex ကလေးမွေးရလို့ဖြစ်ဖြစ်၊ ထိခိုက်မိလို့ဖြစ်ဖြစ် မ-အင်္ဂါတ၀ှိုက်မှာ စုတ်ပြဲသွားတာ၊
• Male-to-female sexual reassignment ယောက်ျားလိုကနေ မိန်းမလိုပီပြင်စေအောင် လုပ်ရာမှာလဲ ဒီအဆင့်ပါ ပါရတယ်။ Neovagina ဆိုတဲ့ နဂိုက မရှိသေးတဲ့ နှုတ်ခမ်းသားအတု လုပ်ပေးရတာမျိုး ဖြစ်တယ်။

(၂) Cosmetic refinement ပုံသဏ္ဌာန်မကြိုက်လို့ ပိုလှစေအောင် ခွဲစိတ်နိုင်တယ်။

အရွယ်ရောက်ပြီးသူကိုသာ ခွဲစိတ်ပေးသင့်တယ်။ ထုံးစံအတိုင်း ကိုယ်ဝန်ဆောင်နေချိန်၊ ရာသီလာနေချိန်မှာ ခွဲစိတ်တာကို မလုပ်သင့်သေးဘူး။ မျိုးပွါးလမ်းမှာ ရောဂါပိုးဝင်တာနဲ့ ကင်ဆာရှိနေသူတွေကို မခွဲသင့်ဘူး။

မအင်္ဂါ-နှုတ်ခမ်းသား သေးအောင် ခွဲစိတ်နည်းတွေ အမျိုးမျိုးရှိတယ်။ Cosmetic gynecologists အလှအပမီးယပ်အထူးကု ဆရာဝန်တွေကနေ လုပ်ပေးတာက အကောင်းဆုံး ဖြစ်တယ်။
(၁) Edge resection technique အစွန်း-အနား ဖြတ်တောက်နည်း၊
(၂) Central wedge resection technique အလည်ပိုင်း တရိဂံပုံ ဖြတ်တောက်နည်း၊
(၃) De-epithelialization technique (ဒီအပီသီရယ်လိုက်ဇေးရှင်း) နည်း၊
(၄) Labiaplasty with clitoral unhooding နှုတ်ခမ်းသာပြင်နည်းရော အပေါ်က ချိတ်လိုနေရာ ပြုပြင်တာပါ ပေါင်းနည်း၊
(၅) Laser labiaplasty technique (လေဆာ) နည်း။

တချို့အမျိုးသမီးတွေဟာ အလှအပအတွက်မှာ အတော်ကို ကဲပါတယ်။ ရင်အတု၊ တင်အတုတွေက ဘာဟုတ်သေးလည်း။ Hymenoplasty အပျိုမှေး အတုပြန်လုပ်တယ်။ မိန်းမကိုယ် အသစ်ပြန်ချုပ်တယ်။ တကယ့် အပျိုပေါက်လေးလိုနေအောင် ပြန်ပြီး ငယ်ရုပ်ဆင်ချင်လို့ မိန်းမကိုယ်ကိုလဲ အဲလို ဖြစ်ချင်ကြတာဖြစ်တယ်။

The retrospective study Labiaplasty of the Labia minora: Patients’ Indications for Pursuing Surgery (2008) လေ့လာမှုအရ အမျိုးသမီး ၁၃၁ ယောက်မှာ -
• ၃၂% ဟာ Functional impairment နေရထိုင်ရတာမှာ ပြဿနာရှိလို့ ခွဲစိတ်တယ်။
• ၃၁% ဟာ Functional impairment နေရထိုင်ရတာမှာ ပြဿနာရှိလို့ရော Aesthetic reasons အလှအပအတွက်ရော ကြောင့် ခွဲစိတ်တယ်။
• ၃၇% ဟာ Aesthetic correction လှချင်လွန်းလို့အတွက်သာ ခွဲစိတ်တယ်။

၁၉၉၉ လေ့လာမှုအရ အဲဒီလို ခွဲစိတ်ကုသခံခဲ့သူ အမျိုးသမီး ၁၆၃ ယောက်မှာ ၉၃% က ကျေနပ်ကြတယ်။ အမေရိကားက Feminist မိန်းမသည်သာ ဦးထိပ်မှာအဖွဲ့အစည်း New View Campaign ကတော့ အဲလို ခွဲစိတ်ပြုပြင်တာကို ကန့်ကွက်တယ်။ မသဘာဝလိင်မှုရေးရာကို ဆေးပညာကစွက်ဖက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတိုင်း ကတော့ သဘောမတူကြပါ။

တွဲဖတ်နိုင်တဲ့စာတွေ
1. Virginity loss definitions အပျိုရည်ပျက်ခြင်း အဓိပ္ပါယ်ဖွင့်ဆိုချက်များ
2. Virginity medicine Ad အပျိုစစ်နဲ့ ဆေးအစစ်
3. Virginity test အပျိုစစ် မစစ် စစ်ဆေးခြင်း
4. Virginity fraud အပျိုရည်ပျက်ခြင်း
5. Virginity (1) အပျို တကယ်စစ်ပါတယ် (၁)
6. Virginity (2) အပျို တကယ်စစ်ပါတယ် (၂)
7. Virginity (3) လူပျိုစစ်တယ် ပြောတာဘဲ
8. Vulva မိန်းမကိုယ်

Vulva မိန်းမကိုယ် http://doctortintswe.blogspot.com/2014/11/vulva.html

Dr. တင့်ဆွေ
၅-၁၂-၂ဝ၁၁
၁၁-၆-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး