ဤခရီး နီးသလား
ဒေါ်အောင်ဆန်းစုကြည်ရဲ့ပထမဆုံး တရုပ်ပြည်ခရီးစဉ်ဟာ ဇွန် ၁ဝ ကနေ ၁၄ ရက်အထိ၊ ၅ ရက်ကြာပါမယ်။ တရုပ် ကွန်မြူနစ်ပါတီကနေ ဖိတ်ကြားတာဖြစ်ပါတယ်။ ပါတီချင်းဆက်ဆံရေးလို့ တရုပ်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်က ဆိုပါတယ်။ ဒီလိုဖိတ်တယ်ဆိုတာ သံတမန်ရေး (ပရိုတိုကောလ်) အရ ဖြစ်ပါတယ်။ ဒေါ်စုအိန္ဒိယကို လာလည်တုံးကလည်း ကွန်ကရက်ပါတီဥက္ကဋ္ဌ (ဆိုနီယာဂန္ဒီ) ကနေဖိတ်ကြားတာဖြစ်ပြီး အိန္ဒိယအစိုးရက အစစအကုန်လုပ်ပေးခဲ့ပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်မှာ ဒေါ်စု တရုပ်ပြည်ကိုသွားရင် အရေးပါတယ်။ မသွားရလည်း အရေးပါတယ်လို့ လွန်ခဲ့တဲ့ တနှစ်ကတည်းက ဆွေးနွေးခဲ့ပါတယ်။ ဒေါ်စုကို တရုပ်ကနေကြိုဆိုသင့်တဲ့ အချက်သုံးချက်ရှိပါတယ်။
ပဌမအချက်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်တိုးပြီးဆက်သွယ်မှုဟာ တရုပ်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတာနဲ့ ပွင့်လင်းမှုရှိတာကို ပြရာကျတယ်။ တရုပ် ၁၈ ကြိမ်မြောက် ကွန်ကရက်မှာပြောခဲ့တာက တရုပ်အနေနဲ့ လမ်းကြောင်းပေါ်မှာ ယုံကြည်မှုရှိတယ် ဆိုတာကို ပြဘို့လိုတယ်။ သံတမန်ရေးနယ်ပယ်မှာ တရုပ်ရဲ့ပြုပြင်ပြောင်းလဲရေး အတွေ့အကြုံတွေဟာ နှစ် (၃ဝ) ကြာ ပြည့်ဝလာနေပါပြီဖြစ်လို့ သံတမန်ရေးအရပြည့်ဝမှုကို ထုတ်ဖေါ်ပြသဘို့ လုံလောက်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှုတ်ထွေးမှုအနေအထားကို ရင်ဆိုင်ပြီး တရုပ်အနေနဲ့ နိုင်ငံခြားရေးပေါ်လစီမှာ ပြုသာပြင်သာမှုရှိဘို့နဲ့ သက်ဝင်နေရပါမယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုးပြီးဆက်သွယ်မှုကနေ တရုပ်ဟာ နိုင်ငံတကာ ပင်မရေစီးနဲ့ ပေါင်းစပ်လို့မရသေးတဲ့ ကျရှုံးနေတဲ့ နိုင်ငံတွေနဲ့သာ ဆက်ဆံနိုင်တဲ့အဆင့်သာရှိတယ်လို့ အနောက်နိုင်ငံတွေကမြင်ထားတာကို အားနည်းသွားစေမှာလည်း ဖြစ်ပါတယ်။ တရုပ်ကနေ ဒေါ်အောင်ဆန်းစုကြည်ကိုလက်ခံလိုက်တာနဲ့ တရုပ်ကို ဘီလူးသဘက်လို မြင်တတ်တဲ့အနောက်တိုင်းမီဒီယာမှာလဲ စကားပြောမထွက်အောင် ဖြစ်သွားစေနိုင်ပါသေးတယ်။ တချိန်တည်းမှာ ဒေသတွင်း နိုင်ငံတွေကနေ တရုပ်ရဲ့ အရှေ့တောင်အာရှပေါ်လစီဟာ ပွင့်လင်းမှုနဲ့ ပါဝင်နိုင်စွမ်းပါ ရှိတယ်လို့ မြင်လာစေပါအုံးမယ်။ အဲလိုလိုကနေ နှစ်ဦးနှစ်ဘက်ဆက်ဆံရေးမှာ တရုပ်အတွက် ပုံလွှာသစ်ဖြစ်လာစေပါမယ်။
ဒုတိယအချက်
ဒေါ်စုနဲ့ဆက်ဆံရေးကနေ တရုပ်ရဲ့မြန်မာပြည်ထဲကအကျိုးစီးပွါးတွေကိုလဲ ပိုပြီးကောင်းစေနိုင်ပါတယ်။ ငြင်းခုန်မှုတွေ ရှိပါတယ်။ တရုပ်ဟာ လက်ရှိပေါ်လစီအတိုင်းပဲ သူတပါးပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ပဲနဲ့ အုပ်ချုပ်နေသူတွေကို တဖက်သတ် ဆက်ဆံဘို့သာ လုပ်သင့်တယ်လို့။ ဒါပေမဲ့ အမျိုးသားအကျိုးစီးပွါးဟာ ပေါ့သေးသေးမဟုတ်ပါ။ ကနေ့ မြန်မာဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကလို ပြုပြင်ပြောင်းလဲတာကို ကြောက်မနေတော့ပါ။ မြန်မာဟာ နိုင်ငံတကာ ဒဏ်ခတ် အရေးယူမှုတွေနဲ့လဲ မလူးသာမလွန့်သာ အခြေအနေမှာမရှိတော့ပါ။ အဲသည်တုံးကတော့ တရုပ်ကိုသာ သံတမန်ရေးအရ ဆက်ဆံစရာရှိခဲ့တာပါ။ ၂ဝ၁၁ တုံးက မြန်မာဟာ လူထုသဘောထားအမြင်ကပ်ကိုသုံးပြီး တရုပ်ရဲ့ ရေအားလျှပ်စစ်ပါဝါ ပရောဂျက်ကို ရပ်နားလိုက်ခဲ့ပါတယ်။ ကနေ့တော့ သံတန်ရေးကပ်ကိုသုံးနေပါပြီ။ အဲတာက အနောက်ကမ္ဘာရဲ့ ချီးမြှောက်မှုနဲ့ အာရုံစိုက်မှုကို ရချင်လို့ဖြစ်ပါတယ်။
မြန်မာရဲ့ပြုပြင်ပြောင်းလဲမှုဟာ နောက်ကြောင်းပြန်စရာမရှိဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံအင်အားစုမှာ အာဏာရဘို့ဆိုတာ အချိန်စကားသာ ပြောစရာရှိပါတယ်။ အတိုက်အခံနဲ့ ဆက်ဆံရေးကို စောစောထူထောင်ထားခြင်း အားဖြင့် တရုပ်အဖို့ ယဉ်ကြည်မှု အခြေခံအုတ်မြစ်ကို စောစောစီးစီးချထားနိုင်ပါလိမ့်မယ်။ အဲတာဟာ တရုပ် အကျိုးစီးပွါးတွေကို ကာကွယ်ဘို့ နောက်အလွှာတလွှာ တိုးရာကျပါမယ်။
တတိယအချက်
ဒေါ်စုဆီကို လက်ဆန့်တန်းခြင်းအားဖြင့် တရုပ်နေနဲ့ အနောက်နိုင်ငံတွေနဲ့ ပိုပြီးယှဉ်ပြီး အနိုင်ရစေမှာလဲဖြစ်ပါတယ်။ အခုဆိုရင် မြန်မာပြည်ဟာ ပွင့်လာပါပြီလို့သာပြောရပါမယ်။ အနောက်တိုင်းခေါင်းဆောင်တွေ အရင်က တခါးပိတ်ထားခဲ့တဲ့ မြန်မာပြည်ကို ပဌမဆုံးအကြိမ်အနေနဲ့ ထိပ်တန်းခေါင်းဆောင်တွေကို လာတွေ့နိုင်လာကြပြီဖြစ်ပါတယ်။ သူတို့ကို အာဏာရှင်တွေလို့ သတ်မှတ်ထားခဲ့တာမဟုတ်ပါလား။ အနောက်နိုင်ငံတွေကနေ မြန်မာရဲ့ လက်ရှိအစိုးရနဲ့ တံတားကူး ဆက်နိုင်လာပြီဆိုရင် တရုပ်အနေနဲ့ကော ဘာလို့ ဒေါ်စုနဲ့ ဆက်ဆံရေးမှာ သောကများနေစရာလိုတော့ပါသလဲ။ တရုပ်အနေနဲ့ ဒေါ်စုနဲ့ သူမရဲ့ပါတီကို အသုံးတဲ့သူအဖြစ် စဉ်းစားလာဘို့သာရှိပါတယ်။
တချိန်တည်းမှာ တရုပ်ဟာ ဒေါ်စုနဲ့ဆက်သွယ်ရေးကို တိုးမြှင့်အားကောင်းလာတာနဲ့အမျှ လက်ရှိအစိုးရကို သတိပေးနေတာကတော့ ပြုပြင်ပြောင်းလဲပါ၊ ဖွင့်ပေးပါ၊ အထူးသဖြင့် မြန်မာနဲ့အနောက်နိုင်ငံတွေ နီးစပ်မှုကနေ တရုပ်ရဲ့ မြန်မာပြည်မှာရှိတဲ့ အကျိုးစီးပွါးတွေကို ထိခိုက်မှုမဖြစ်စေပါနဲ့။ အဲလိုသာမဟုတ်ရင် တရုပ်အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် သူ့ရဲ့ပြင်ဆင်ထားခြင်းရဲ့ လွှမ်းမိုးနိုင်စွမ်းကို ပြသဘို့ဖြစ်ပါတယ်။
အမှန်ပြောရရင် အောင်ဆန်းစုကြည်ဟာ တရုပ်ဆန့်ကျင်ရေးသမား မဟုတ်သလို အလွန်အန္တရာယ်ရှိသူလဲမဟုတ်ပါ။ သူမဟာ အနောက်နိုင်ငံတွေရဲ့ သဘာဝမဟာမိတ်လို့တောင် ပြောမရပါ။ သူလိုအပ်တာ၊ ဆက်လုပ်နေတာနဲ့ လုပ်ပြီးခဲ့တာတွေဆိုတာ သူ့ဘဝတလျှောက်မှာ ပုံမှန်သာမန် ပြည်သူတယောက်လိုပဲ အခြေခံကျတဲ့ လိုအပ်ချက်တွေသာ ဖြစ်ပါတယ်။ သူတကယ်လိုချင်နေတာကတော့ သူရဲ့ ဖခင်လဲဖြစ်တဲ့ တိုင်းပြည်ဖခင်က မြင်ချင်လှတဲ့ လူသားဆန်တဲ့ စံနမူနာကောင်းတွေကို မျက်ဝါးထင်ထင် ဖြစ်ချင်တာသာ ဖြစ်ပါတယ်။ အဆင့်တဆင့်ကိုပြောရရင်လဲ ဒေါ်စုဟာ တရုပ်အစိုးရလုပ်နေတာကို ထင်ဟပ်နေသလိုပါပဲ။ နှစ်ဦးနှစ်ဖက် ပူးတွဲလုပ်ဆောင်ဘို့ရာ အကျိုးတူစီးပွါးဖြစ်ပါတယ်။
တကယ်လို့ တရုပ်ဟာ မိုင်ထောင်ချည်ဝေးတဲ့ ဆီးရီးယားအတိုက်အခံတွေဆီကို လက်ကမ်းနိုင်တယ်ဆိုရင် အိမ်နီးချင်း တိုင်းပြည်က အတိုက်အခံပါတီကို မျက်ကွယ်ပြုထားစရာ အကြောင်းမရှိပါ။ အဲတာဟာ တရုပ်ဘေးပတ်လည် လုံခြုံရေး အတွက်ပါ သက်ရောက်စေပါလိမ့်မယ်။ ဒေါ်စုနဲ့ဆက်ဆံရေး ပိုကောင်းအောင်လုပ်ခြင်းဟာ တရုပ်အဖို့ မြန်မာပြည်က အကျိုးစီးပွါးတွေ ထိန်းထားနိုင်ပါမယ်။ ဒေါ်စုနဲ့ဆက်ဆံရေး တိုးတက်အောင်လုပ်ခြင်းနဲ့သာ တရုပ်ရဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ တည်ငြိမ်ပြီး၊ ပုံမှန်ဖြစ်နေပါမယ်။
တရုပ်ပြည်ဟာ မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်တယ်။ အင်အားကြီးနိုင်ငံတခုဖြစ်တယ်။ တရုပ်-မြန်မာ နှစ်နိုင်ငံကြားမှာ နိုင်ငံရေး၊ စီးပွါးရေးနဲ့ လုံခြုံရေးရာတွေမှာ အလွန်အရေးပါတဲ့ ဆက်ဆံရေးတွေရှိနေတယ်။ ၁၉၈၈ စစ်တပ်ကအာဏာသိမ်းတော့ စစ်အစိုးရကို အသက်ဆက်ပေး၊ အားကောင်းမောင်းသန်လာအောင် လုပ်ပေးခဲ့တာကလည်း တရုပ်ဖြစ်တယ်။ တရုပ်အတွက်လည်း အကျိုးစီးပွါး အတော်ကြီးဖြစ်ထွန်းစေခဲ့တယ်။ စစ်အစိုးရကို ကုလလုံခြုံရေးကောင်စီကနေထိုင်ပြီး ခုခံကာကွယ် ရပ်ခံပေးခဲ့တယ်။ အပြန်အလှန်အားဖြင့် မြန်မာပြည်က သယံဇာတရင်းမြစ်တွေ လိုချင်သလောက် သိမ်းပိုက်ခွင့်ပေါင်း မြောက်များစွာ တရုပ်ကရသွားတယ်။
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကနေ လွတ်လာပြီးကတည်းက အနောက်ဖက်တံခါးပါပွင့်လာချိန်မှာ ချိန်ခွင်လျှာ ညှိတာတွေဖြစ်လာပြီး၊ နောက်ပိုင်းမှာ တရုပ်အတွက် အဆင်မချောတာတွေဖြစ်လာတယ်။ မြစ်ဆုံရေကာတာအရေး တန့်သွားစေတာ တရုပ်အထိနာတယ်။ လူထုလှုပ်ရှားမှုနောက်မှာ အမေရိကန်ပါသလား တရုပ်ကသံသယရှိတယ်။
မြန်မာအစိုးရကိုယ်တိုင်က အနောက်ဖက်ကို ပိုယိမ်းချင်လာတယ်။ တန်ပြန်တဲ့အနေနဲ့ တရုပ်-မြန်မာနယ်စပ်မှာ ပြင်းထံ ရှည်ကြာတဲ့ တိုက်ပွဲတွေဖြစ်လာတယ်။ အမေရိကန်ကိုတွဲချင်တာ သူတို့ချည်းမရနိုင်မှန်းသိလို့ ငွေပေးပြီးပွဲစားငှားတာအထိ လုပ်လာတယ်။ ဆက်ပြီး တရုပ်က ဒေါ်စုကို လာလည်ဘို့ဖိတ်လိုက်ပါပြီ။ တရုပ်အစိုးရဟာ နဝတစစ်အစိုးရလက်ထက် နောက်ပိုင်းကတည်းက အတိုက်အခံလို့ပြောကြတဲ့ ဒီမိုကရေစီအင်အားစုနဲ့ အဆင့်တချို့မှာ ဆက်ဆံရေးလုပ်လာပါတယ်။ မေးသင့်တဲ့လူဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန့်ရဲ့လူလားဆိုတဲ့အမေးကို အမြဲမေးပါတယ်။ အဲလိုနဲ့ တရုပ်ကဖိတ်စာပို့တာ နောက်ကျခဲ့တယ်လို့ ထင်ပါတယ်။
ဒေါ်စု တရုပ်ပြည်ကို ဘယ်တော့သွားမလည်း တကမ္ဘာလုံးကစောင့်ကြည့်နေခဲ့တာ ကြာပြီ။ ကျွန်တော် ဒေလီမှာနေစဉ်က တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့တွေ့တော့ ဒေါ်အောင်ဆန်းစုကြည် တရုပ်ပြည်ကိုသွားရင် တရုပ်တက္ကသိုလ်မှာ မိန့်ခွန်းပြောသင့်တယ်လို့ အကြံပြုခဲ့တာကို အမှတ်ရမိပါတယ်။ အိုဘားမားလည်း ရန်ကုန်တက္ကသိုလ်မှာ မင်္ဂလာပါမြန်မာ လုပ်သွားသေးတယ်မဟုတ်ပါလား။ ဤခရီး မဝေးပါ။ သို့သော် စိတ်သွားတိုင်းကိုယ်ပါဘို့တော့ လိုပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment