Healthy candidate ခွဲခြားမှုနဲ့ ဦးစားပေးမှု

NLD ပါတီက လာမယ့်ရွေးကောက်ပွဲမှာ ကျန်းမာရေးဆေးစစ်ပြီးအောင်သူတွေကိုသာ ကိုယ်စားလှယ်လောင်းဖြစ်ရမယ် ဆိုတဲ့ ပို့စ်အောက်မှာ ဆွေးနွေးတာတခုရှိတယ်။ အင်္ဂလိပ်လိုရေးပါတယ်။ အဲလိုခွဲခြားမှုမလုပ်သင့်ကြောင်း၊ HIV ရှိနေသူလည်း အကျိုးပြုတာတွေလုပ်နိုင်ကြောင်း စသဖြင့်ရေးပါတယ်။

မနေ့တုံးကလည်း တယောက်ကရေးလာပါတယ်။ အလုပ်လျှာက်တာမှာ (ဘီ) ပိုး (စီ) ပိုးရှိသူတွေကို လက်မခံတာ မတရားဘူးလို့ ဆိုပါတယ်။

အလုပ်ဌာနတွေမှာလည်း သူ့လိုအပ်ချက်နဲ့ သူ့စိုးရိမ်မှုတွေ ရှိကြပါတယ်။ သွေးလှူဘဏ်တို့ ဓါတ်ခွဲခန်းတို့မှာ အလုပ် လုပ်ရသူတွေမယ် သွေးကတဆင့် ကူးစက်ရောဂါ မရှိသင့်တာက လက်တွေ့ကျပါတယ်။ အမြတ်အစွန်းနဲ့ နာမည်အတွက် ကြည့်တဲ့ ကုမ္ပဏီတွေကလည်း ကူးစက်ရောဂါမရှိသူတွေကိုသာ ခန့်ထားတယ်လို့ ဂုဏ်တင်ချင်တာလည်း ဖြစ်နိုင်တယ်။

ဥပဒေက တားမထားသေးတာကိုလုပ်တာတော့ အပြစ်ဆိုရတာ ခက်ပါတယ်။

နေရာတိုင်းမှာ ကျား-မ ခွဲခြားမှု မပြုအပ်တာမျိုးလည်း အရေးကြီးပါတယ်။ ဒါပေမယ့် တက္ကသိုလ်ဝင်ခွင့် အမှတ်စာရင်းတွေ တင်ကြတာတွေ့တယ်။ ကျောင်းသူဆိုရင် အမှတ်ပိုများမှသာ ဝင်ခွင့်ပေးတာ တွေ့ရတယ်။ ဒီအချက်ကို ကျွန်တော်က သဘောမတူပါ။ လုပ်ထားသူတွေပေးတဲ့ ဆင်ခြေတော့ သိပ်မသိပါ။

အမေရိကန်နိုင်ငံရေးပါတီကြီးနှစ်ခုမှာ ကျား-မ ဦးစားပေးမှု မတူကြတပါ။ ရီပတ်ဘလီကန်မှာ အမျိုးသားက ဥက္ကဋ္ဌဖြစ်ရင် ဒုဥက္ကဋ္ဌနေရာကို အမျိုးသမီးပေးရတယ်။ ဒီအချက် ဒီမိုကရက်ထက်သာတယ်။ ဒါပေမယ့် ဒီမိုကရက်ပါတီက ဟယ်လရီ ကလင်တန်ဟာ အလားအလာရှိတဲ့ သမတလောင်းဖြစ်နေတယ်။ ရီပတ်ဘလီကင်က အမျိုးသမီးသမတလောင်း ဖြစ်မလာသေးပါ။ ပါတီမူဝါကို ကိုယ့်ပါတီသဘော ချနိုင်တယ်လို့ နားလည်ရမယ်။ မဲပေးသူတွေကနေ ကျား-မ ဖြစ်ဖြစ်၊ မသန်စွမ်းသူအရေးဖြစ်ဖြစ် မူဝါဒကိုကြည့်ပြီး မဲပေးကြလိမ့်မယ်။

ဒုက္ခိတလို့ခေါ်ခံရသူတွေကို ခွဲခြားမဆက်ဆံဘို့ နိုင်ငံတိုင်းလိုလိုမှာ သဘောတူပါတယ်။ ခွဲခြားဆက်ဆံတာနဲ့ နေရာ-တာဝန် ပေးတာတော့ မတူပါ။ ရောဂါတိုက်ဖျက်ရေးနဲ့လည်းမတူပါ။ NLD ပါတီဆေးစစ်တာထဲမှာ ဘယ်လိုရောဂါတွေပါသလည်း မသိသေးပါ။ လွှတ်တော်ထဲကို ဘီးတပ်ကုလားထိုင်နဲ့ မဝင်ရလို့တော့ မရှိပါ။

တချို့နိုင်ငံတွေမှာ လူကြိုက်များတဲ့ဆွဲခန့်တွေလည်း လုပ်ကြပါတယ်။ အခုတရက်နှစ်ရက်အတွင်း အိန္ဒိယ-မြန်မာနယ်စပ် သတင်းတွေကို သိကြမှာပါ။ အိန္ဒိယအစိုးရသစ်ရဲ့ ပြန်ကြားရေး အငယ်တန်းဝန်ကြီး (ရာသိုး) က ပြောတဲ့တာလည်း ပါတယ်။ R. Singh Rathore ဆိုတာ ၂ဝဝ၄ အိုလန်ပစ်မှာ သေနတ်ပစ် ငွေတံဆိပ်ရခဲ့သူဖြစ်တယ်။ စစ်တပ်ထဲကနေထွက်၊ (ဘီဂျေပီ) ပါတီထဲဝင်ပြီး၊ အခုတော့ အငယ်တန်းဝန်ကြီး ဖြစ်လာပါတယ်။ သူပြောတာက တကယ့်မြေပြင်အခြေအနေနဲ့ ကွဲလွဲပါတယ်။ သိတဲ့သူတွေက ရီကြတယ်။

ဒီနမူနာလေးတွေကနေ နိုင်ငံရေးပါတီတွေမှာ ခွဲခြားမှုနဲ့ ဦးစားပေးမှုတားခြင်း သင်ခန်းစာတချို့ရမယ်လို့ ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၆-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး