Masturbation မာစတာဘေးရှင်း

(မာစတာဘေးရှင်း) ဆိုတာ ကျားဖြစ်ဖြစ်၊ မ ဖြစ်ဖြစ်၊ တယောက်ထဲနဲ့ လိင်ဆန္ဒအရ သာယာမှုရှာတာပါ။ အမှန်က တယောက်ထဲ မဟုတ်တာ၊ ကျားရော၊ မ ပါ နှစ်ယောက်ပါပြီး၊ လိင်အင်္ဂါချင်း မထိစပ်ဘဲနဲ့ အဲလိုလုပ်တာလဲ အကြုံးဝင်ပါတယ်။ ငြင်းကြ၊ ခုန်ကြတာကတော့ လုပ်သင့်၊ မသင့်၊ အကြိမ်များသင့်၊ မများသင့်။ ကျန်းမာရေး ထိခိုက်လား၊ လူမှုရေး၊ ဘာသာရေးအထိ ဆွဲစဉ်းစားကြတာတွေ ဖြစ်ပါတယ်။

ပုံမှန်အလေ့အထတခု ဖြစ်တယ်လို့ ပြောရင် ငြင်းဘို့ ခက်ပါတယ်။ ပုံမှန်မဟုတ်ဘူး၊ လုပ်နေကြ မဟုတ်ဘူးလို့ သတ်မှတ်တာ မမှန်ပါ။ ဘယ်လောက် များများလုပ်ကြသလဲဆိုတာကို သုတေသနလုပ်တာတွေ ကြည့်ရင် သူများတိုင်းပြည်တွေမှာ ယောက်ျား ၉၅%၊ မိန်းမ ၆၅% လို့ ဖတ်ရတယ်။

ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် အရွယ်ငယ်ငယ်ကတည်းက လိင်စိတ်ဆိုတာ ပါနေကြပြီးသား ဖြစ်တယ်။ ကိုယ်ဝန် ရက်သတ္တပါတ် ၂ဝ ဆိုရင် အထဲက သန္ဓေသားမှာ မိန်းမကိုယ် နှုတ်ခမ်းသားအကြီးကိုတွေ့ရင် မိန်းကလေး ဖြစ်တယ်လို့ (အာလ်ထွာဆောင်း) နဲ့ ကောင်းကောင်း သိရတယ်။ တကယ်တော့ ၁၂ ပါတ်ကတည်းက အထီး-အမ ခွဲခြား ဖြစ်နေပါပြီ။ ဗိုက်ထဲမှာကတည်းက အီစထိုဂျင်နဲ့ ပရိုဂျက်စတီရုန်းဆိုတဲ့ လိင်ဟော်မုန်းတွေကို မိခင်ရဲ့ အချင်း ကနေရတယ်။ အရွယ်ရောက်ချိန်မှာ စိတ်လှုတ်ရှားမှု၊ လေ့လာမှုနဲ့ မှတ်သားမှုတွေက ဦးနှောက်မှာကို ထူးခြားလာပါတယ်။

ကလေးတွေ လိင်နဲ့ပတ်သက်ပြီး အသိတွေ ထူးလာလာတာက အရွယ်ရောက်ချိန်ထက်စောတယ်။ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေ ကောင်းကောင်း အလုပ်မလုပ်သေးခင်ကတည်းက စိတ်ပိုင်းဆိုင်ရာမှာ အနည်းနဲ့အများ၊ ဒီအသိစိတ်တွေ၊ အသိအမြင်တွေက တနေ့ထက် တနေ့၊ တိုးပွါး ရယူနေကြရတာ ဖြစ်တယ်။ လူကြီးမိဘတွေကနေ သား ညစ်ပတ်တာတွေ မပြောရဘူး။ သမီးထိုင်ရင် မိန်းကလေးလိုထိုင်စသဖြင့် ဆိုဆုံးမကြတယ်။ အဲဒီကတည်းက ကလေးတွေဟာ ဒါမျိုးတွေက မလုပ်ရမဲ့ဟာတွေ၊ သူများမမြင်အောင်၊ မကြားအောင်၊ သိုသိပ်ရမဲ့ အရာတွေလို့ ခွဲခြား သတ်မှတ် လာကြတယ်။

မိန်းကလေးနဲ့ ယောက်ျားလေး ကွာပါတယ်။ သူများလူမှုအသိုင်းအဝိုင်းကို အသာထားပြီး ဗမာ့လူမှုဘဝအတွက် ပမာထားရေးပါမယ်။ သမီးငယ်လေးတွေကို အဝတ်အစား လဲတာ၊ ရေချိုးပေးတာကအစ ယောက်ျားလေးတွေနဲ့ မတူဘဲ၊ ထူးပြီးဂရုတစိုက် တယုတယ လုပ်ပေးကြရပါတယ်။ အရွယ် ရလာတာနဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ များများလာတယ်။ ရရလာတဲ့ အသိညာတွေထဲမှာ လိင်ပညာကို မြင်ဆရာ၊ ကြားဆရာတွေ ဆီကရတာ အများဆုံး ဖြစ်မယ်ထင်တယ်။ ရသမျှ ဒီဘာသာရပ်ကို သိုသိပ်ရမဲ့ အရာတွေဆိုတဲ့ထဲ ထည့်လိုက်ပါတယ်။ ဖတ်စရာက ရှားလှသေးတယ်။ ရှိတာတွေကလဲ ပညာပေးသဘောက နည်းလွန်လွန်းတယ်။ လမ်းလွဲကို ဆွဲခေါ်တာတွေချည်း ဖြစ်နေတယ်။

အကြိမ်များလို့လဲ ရောဂါရတဲ့အထိ မဖြစ်နိုင်ပါ။ သိတဲ့အတိုင်း လိင်စိတ်ဟာ ကျေနပ်၊ အားရ၊ ပြီးစီးတဲ့အထိ ရောက်သွားရင် အားအင်တွေ ကုန်ခမ်းသွားသလို၊ ခြေကုန် လက်ပန်းကျ သွားတယ်။ (အင်နာဂျီ) အတော် ကုန်သွားတာပါ။ ဘယ်လောက်လဲလို့ အတိအကျတွက်ပြလို့ မမှန်နိုင်ဘူး။ အလိုဆန္ဒ ပြည့်ဝတာက တခါနဲ့တခါ အပြော့-အပြင်း မတူဘူး မဟုတ်လား။

လိင်ဆန္ဒပြည့်ဝခြင်းရဲ့ သက်ရှိ-ဓါတုဗေဒအရ အဲဒီအခါမှာ ဒီအချိန်မှာ ဦးနှောက်ကနေ ဓါတ်ပစ္စည်းတွေ တလှေကြီး ထုတ်လိုက်ပါသတဲ့။ Norepinephrine, Serotonin, Oxytocin, Vasopressin, Nitric oxide, and Prolactin တွေ ဖြစ်တယ်။ နောက်ဆုံး ဟော်မုန်းက အရေးပါတယ်။ Prolactin နဲနေရင် နောက်တကြိမ် စိတ်ဆန္ဒ ပြန်လာတာ မြန်တယ်။ အိပ်နေချိန်မှာ နဲနဲရှိတာ တွေ့တယ်။ ဒါ့ကြောင့် ယောက်ျားများဟာ ကိစ္စပြီးတာနဲ့ အိပ်ချင်လာကြတယ်။ နှစ်ယောက် ဆက်ဆံလို့ဖြစ်ဖြစ်၊ (မာစတာဘေးရှင်း) လုပ်လို့ဖြစ်ဖြစ်၊ ယောက်ျားများ သုက်လွှတ်ရင် အားအင် အတော် ကုန်ခမ်းစေတယ်။ ဒါပေမဲ့ အားယုတ်စေတယ်လို့တော့ ကောက်ချက် မချသင့်ဘူး။ အိပ်စက်ပြီးတာနဲ့ ပြန်အား ပြည့်လာတာဘဲ။ မနက် အိပ်ရာထချိန်မျိုးမှာ ဒီစိတ်အား ပိုများကြတယ် မဟုတ်လား။ Morning wood ခေါ်တယ်လို့ တနေရာမှာ သုံးခဲ့ပါတယ်။

(မာစတာဘေးရှင်း) ကို လူမှုရေးဒေါင့်က အကဲဖြတ်သူတွေ တယောက်နဲ့ တယောက် တူမှာ မဟုတ်ဘူး။ ကိုယ်နဲ့ မတူလို့ သူမှားတယ် ပြောတာလဲ မမှန်နိုင်ဘူး။ ဘာသာရေးဒေါင့်က ပြောကြတာလဲ တမျိုးနဲ့တမျိုး တူမှာ မဟုတ်ပါ။ ဇာတ်ထဲမှာ ရသေ့ကြီး၊ သမင်မ၊ မေဓါဝီ၊ ဆိုတာရှိတယ်။ သုက်က တမင် ထွက်အောင် မလုပ်တာတောင်မှ အလိုလို ထွက်တတ်တာမျိုး ဖြစ်တယ်။ လူပျိုဖြစ်စ ယောက်ျားလေးတွေမှာ ပိုဖြစ်ပါတယ်။ အသက်ကြီးသူတွေမှာလဲ အိပ်မက်ပြီး၊ သုက်လွှတ်မိတာ ဖြစ်တာပါဘဲ။ အဖြစ်မများချင်ရင် စိတ်ကိုနိုးဆွစေတာတွေ နည်းပါစေ။ တဦးထဲဖြစ်ဖြစ်၊ အဖေါ်နဲ့ဖြစ်ဖြစ် သုက်လွှတ်နေကြအချိန်မှာ သုက်မလွှတ်ရရင် အလိုလိုထွက်လာတတ်တယ်။

ဆေးပညာအရ လိင်စိတ်ဖြစ်ပေါ်လာတာက ပုံမှန်ပါ။ စိတ်ပြင်းထံတာကို ဖြေဖျောက်ဘို့ နည်းတနည်းဖြစ်တယ်။ တဖက်လှည့်နဲ့ပြောရရင် ဝေဒနာကို ကုစားရာရောက်ပါတယ်။ တမင်တကာ မများ များအောင်လုပ်တာတော့ ဆင်ခြင်သင့်တယ်။

ဆရာဝန်တွေကနေ စိတ်ပိုင်းဆိုင်ရာမှာတော့ ပြောကြဘို့ သင့်တယ်။ တကယ်လို့ (မာစတာဘေးရှင်း) လုပ်အပြီး၊ သူများတွေက မလုပ်သင့်ဘူး၊ ဘာညာ၊ ပြောတာ ကြားဘူးထားလို့ ကိုယ့်ကိုယ်ကို အပြစ်လုပ်မိလေခြင်းလို့ဖြစ်တတ်တယ်။ ဒါ မဖြစ်သင့်ဘူး။ တချို့ဆွေးနွေးသူတွေက ငယ်တုံးတော့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး၊ ကြီးရင် ခါးကုန်းမယ်၊ စိတ် မတည်မငြိမ်ဖြစ်မယ်၊ မျက်စိကန်းမယ်၊ လက်ဖဝါးမှာ အမွှေးပေါက်မယ်ဆိုပြီးရေးတာတွေ့ရတယ်။ လုံးဝမှားပါတယ်။

အကောင်းဖက်ကနေ ရေးသူများလဲရှိတယ်။ ကြွက်သားနာတာ သက်သာစေတယ်။ (အင်မြူး) စနစ်ကို နိုးဆွပေးတယ်။ (ဟော်မုန်း) စနစ်ကို တိုးတက်စေတယ်။ အိပ်မပျော်တာကို ကုစားတယ်။ အိပ်နေရင်း သုက်လွှတ်တာ မဖြစ်စေနိုင်ဘူး။ Pubococcygeal ကြွက်သား လေ့ကျင်ခန်း လုပ်တာဖြစ်လို့ ကျားအင်္ဂါကို သန်မာစေတယ်။ စိတ်တင်းအားတွေ လျော့ချပေးရာ ရောက်တယ်။ ၂ဝဝ၃ ခုနှစ်တုံးက ယောက်ျား ၁ဝ၇၉ ယောက်ကို သုတေသန လုပ်တော့ (ပရောစတိတ်-ကင်ဆာ) ကိုတောင် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

အဲလို တယောက်ထဲနဲ့ တိတ်တဆိတ် စိတ်ဖြေဖျောက်တာဟာ လူမှုရေး၊ ဘာသာရေး၊ ဥပဒေတွေက တားမြစ်တာတွေကို ဖေါက်ဖျက်ချက်တာ မဟုတ်လို့ အပြစ်ကင်းတယ်ထင်ပါတယ်။ Fun ဆိုပြီး၊ ကဲတာတွေကတော့ အပြစ်မလွတ်ပါ။

အိမ်ထောင်ရက်သား ကျပြီးနောက်၊ ကွဲသွားလို့၊ တယောက်က ဆုံးပါးသွားလို့၊ ကံစီမံတာနဲ့ မုဆိုးဘို၊ မုဆိုးမ၊ တခုလပ်တွေ ဖြစ်လာရင် အများအားဖြင့် ပြန်ပြီး အိမ်ထောင်မပြုသ၍ ဒီစိတ်မျိုး ဖြေဖျောက်တာ အနည်းနဲ့ အများ လိုတတ်ပါတယ်။ နည်းလမ်းကတော့ (မာစတာဘေးရှင်း) ဘဲ ဖြစ်ပါတယ်။ အပျော်အပါး လိုက်စားတယ်လို့ အလွယ်ပြောလေ့ရှိတဲ့ နည်းမျိုးက သိတဲ့အတိုင်း ခုခေတ်မှာ ကူးစက်ရောဂါတွေက (ဆစ်ဖလစ်) ခေတ်ထက် ကြောက်စရာကောင်းလှတယ်။ (မာစတာဘေးရှင်း) ကြောင့် လိင်ကတဆင့်ကူးစက်ရောဂါမရပါ။ တခုတော့ ရှိတယ်။ Toy ဆိုတာတွေ သွားသုံးရင် သန့်ဘို့တော့ လိုမယ်။

အဲလို (ဆိုလို) လုပ်ပြီးရင် အားအင်ကုန်သွားတာက ပုံမှန်လိင်ဆက်ဆံအပြီး အားကုန်တာနဲ့ မထူးလှပါ။ ပြိုင်ပွဲရောက်ရင် အားကစားသမားတွေ အဖေါ်နဲ့အတူ မနေရတဲ့ စည်းကမ်းထားသလိုမျိုး လိုက်နာရမှာပေါ့။ ဒါတောင် ဒီလိုရှောင်ဘို့ မလိုပါဘူး ဆိုသူတွေကလဲ မနည်းတာ တွေ့ရတယ်။ ပိုတိကျတာကတော့ လိင်ဆက်ဆံပြီးရင် တက်စတိုစတီရုန်း ပိုများလာလို့ ပိုပြီး ကြမ်းတယ်လို့ ၁၉၉၉ မှာ အီတလီသုတေသီတွေက ဆိုခဲ့ပါတယ်။

၂ဝဝ၃ ခုနှစ်မှာ သြစတြေးလျ လေ့လာမှုတခုအရ ယောက်ျားတွေမှာ အာသာဖြေလို့ ဆီးကျိတ်-ကင်ဆာ ဖြစ်တာ နည်းတယ်လို့ တွေ့ရတယ်။ အသက်နဲ့ ဆိုင်တယ်။ ၂ဝ-၄ဝ အရွယ်တွေမှာ သုက်လွှတ်ကြိမ်ရေများရင် ကင်ဆာဖြစ်မှာ ပိုစေနိုင်ပြီး အသက် ၅ဝ ကျော်မှ သုက်ပိုလွှတ်တာက ကင်ဆာဖြစ်မှာကို နည်းစေတယ်လို့ ၂ဝဝ၈ သုတေသနက ဆိုတယ်။

မိန်းကလေးတွေမှာလဲ အနည်းနဲ့အများ ရှိတာပါဘဲ။ သူတို့က ယောက်ျားလေး တွေထက် သဘာဝအရ စိတ်ကို ချိုးနှိမ်နိုင်စွမ်း ကြီးတယ်။ သိုသိပ်မှု ပိုအားကောင်းကြတယ်။ ဒီအလေ့အထ နည်းပါး ကြတယ်။ တချို့ဆို ကြားတောင် မကြားဘူးဘူး။ အကောင်းမြင်သူတွေကတော့ပြောတယ် ရာသီလာတုံးနာတာတွေတောင် သက်သာစေတယ်လို့။ ဒါကိုဖတ်ပြီး လုပ်သာလုပ်ကြပါလို့ အကြံပေးတာ မဟုတ်ပါခင်ဗျား။

Female Masturbation အမျိုးသမီးများ ဖါသာ-အာသာဖြေခြင်းကိုလဲ ဖတ်နိုင်ပါတယ်။

Dr. တင့်ဆွေ
၁-၁-၂ဝ၁ဝ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး