Prison and jail health care အကျဉ်းသားကျန်းမာရေး

VOA ကနေ လက်ရှိအဖမ်းဆီးခံကျောင်းသားတွေရဲ့ ကျန်းမာရေး ဆွေးနွေးခွင့်ရပါတယ်။ အချိန်အရတိုတိုသာ ပြောချိန်ရခဲ့တယ်။

အကျဉ်းသားတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးရတဲ့ ဆရာဝန်တွေနဲ့ အကျဉ်းထာင်တာဝန်ရှိသူတွေကြားမှာ အပြန်အလှန် လွန်ဆွဲနေရမှုဆိုတာ တိုင်းပြည်တိုင်းမှာရှိတယ်။ အဆုံးမသတ်နိုင်တဲ့ အငြင်းပွါးမှုတခုလည်းဖြစ်တယ်။ ဒါ့ပြင် တရားစီရင်ရေးနဲ့ သမားကျင့်ဝတ်ကြားမှာ ဝိရောဓိဖြစ်နေတယ်။

ဆရာဝန်တွေဟာ ပညာပိုင်းဆိုင်ရာကျင့်ဝတ်ကို လိုက်နာကြရတယ်။ ဆုံးဖြတ်ချက်ချရာမှာ လူနာစောင့်တွေ ဖိအားနဲ့ ဆွဲအားတွေကို ပမာမထားပဲချမှတ်မှသာ မှန်ကန်တယ်။ စာနာစိတ်နဲ့ သနားစိတ်ကို မျှမျှတတထားကြရတယ်။ ရောဂါအမည်တပ်ဘို့ရာ စမ်းသပ်မှုနဲ့စစ်ဆေးမှုတွေလိုတယ်။ ထောင်ကိုသွားကြည့်ရတဲ့ဆရာတွေမှာ စစ်ဆေးမှုတွေလုပ်ဘို့ မဖြစ်နိုင်ကြဘူး။ ဆရာဝန်တွေအပေါ်မှာ အကျဉ်းထောင်အရာရှိတွေက တတ်စွမ်းသလောက် ဖိအားပေးကြတယ်။ လူနာ-ဆရာဝန်ဆက်ဆံရေးအပြင် အကျဉ်းထောင်-ဆရာဝန်ဆက်ဆံရေးဆိုတာပါရှိလာတယ်။

ထောင်မှာ ထားပေးတဲ့ဆေးဝါးတချို့ရှိပေမယ့် ဆရာဝန်ကညွှန်တဲ့အတိုင်း အကျဉ်းသားတွေ ဆေးမရနိုင်ကြတာကို ကျွန်တော်ကိုယ်တိုင် အလှည့်ကျထောင်ဆရာဝန်လုပ်ခဲ့ရဘူးလို့ပြောနိုင်တယ်။ ဆေးဆိုတာ တနေ့ ၁ ကြိမ်ကနေ ၄ နာရီတခါသောက်ရတာတွေရှိတယ်။ အကျဉ်းသားတွေမှာ အချိန်ကိုက်ဆေးသောက်ဘို့ အခက်အခဲတွေရှိကြတယ်။ နားနားနေနေနေဘို့ ဆရာဝန်ညွှန်တာကို အကျဉ်းသားလူနာက မခံစားရပါ။ လူမမာဓာတ်စာ ညွှန်းလို့ကတော့ မဖြစ်နိုင်ပါ။ အကျဉ်းထောင်တွင်း ပတ်ဝန်းကျင်ဟာ ကူးစက်ရောဂါတွေ စာရင်းချရေးရင် အရှည်ကြီး။ နေရောင်လုံလောက်အောင်မရလို့ ဗီတာမင် ဒီ နည်းကုန်ကျတယ်။ ဆေးရုံကို လွှဲပြောင်းပေးတဲ့အခါမှာလည်း လုံခြုံရေးအရ သီးသန့်ထားတယ်။ အဲဒီမှာ  နှိမ်ချပြီး ဆက်ဆံတာမျိုးရှိတယ်။ ရဲတွေ၊ ဆေးရုံဝန်ထမ်းတွေနဲ့ လူနာဧည့်တွေရဲ့ မျက်လုံးအကြည့်တွေက မတူကြဘူး။

အမျိုးသမီး (မိန်ကလေး) အကျဉ်းသူ (ထောင်ထဲတားမယ့်သူ) တွေကို ကိုယ်ဝန်ရှိ-မရှိစစ်တာလုပ်တဲ့သတင်း ကျောင်းသား အရေးအခင်းနဲ့အတူထွက်ခဲ့တယ်။ အကျဉ်းထောက်လက်စွဲအရစစ်ရတယ်လို့ ဖြေတာလည်း ကြားရတယ်။ အဲဒီသတင်းနဲ့ တချိန်တည်းလောက်မှာ အင်ဒိုနီးရှားရဲတပ်ဖွဲ့ထဲဝင်ချင် အပျိုစစ်ရမယ်ဆိုတဲ့သတင်းလည်းထွက်ခဲ့တယ်။ ဒါပေမယ့် HIV နဲ့ အသည်းရောင် (ဘီ) နဲ့ (စီ) ကော စစ်သလားမသိပါ။ သွေးကနေကူးစက်ရောဂါဆိုတာ အမျိုးသမီးတွေချည်းသာထားတဲ့ အကျဉ်းထောင်ထဲမှာ အချင်းချင်းကူးစက်နိုင်ပါတယ်။ လစဉ်ရာသီသွေးကြောင့်ပါ။ ရာသီအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသုံးအဆောင်တွေ ရကြမယ်လို့မထင်ပါ။

HIV/AIDS ရှိတဲ့ (ရှိနိုင်လောက်တဲ့) အမျိုးသမီးတွေ ဥပမာ ခန္ဓာကိုယ်ကိုအခကြေးငွေနဲ့လဲသူမျိုးတွေ ထောင်ထဲမှာ နေ့စဉ် မပြတ်ရှိတယ်။ အမေရိကမှာ ၂ဝဝ၇ ခုနှစ်တုံးက အမျိုးသမီးအကျဉ်းသူ ၁ဝဝဝဝ ရှိရင် ၄၃ ယောက်မှာ HIV ရှိတယ်။ လူဦးရေအကုန်ထဲမှာ ၁၇ ယောက်သာရှိတယ်။ နိုင်ငံရေးမှုနဲ့ တမင်တကာဆွဲထည့်ခံရတဲ့ အမျိုးသမီးတွေကို သူတို့နဲ့ အတူထားတယ်။ ကျွန်တော့်ဇနီးကို မုံရွာထောင်ထဲမှာ အဲလိုပဲထားခဲ့တယ်။ လွတ်လာတာနဲ့ ဆေးစစ်ရတော့တယ်။ မသိတဲ့သူတွေက နိုင်ငံရေးအကျဉ်းကျအမျိုးသမီးတွေကို ဒီအသက်မွေးမှုလုပ်သူလို့ အထင်ရောက်စေတယ်။ ထောင်ထဲမှာ စစ်ဆေးရင် ညကြီးသန်းကောင်မှာ နိုင်ငံရေးအကျဉ်းကျအမျိုးသမီးကို တယောက်ချင်းထုတ်စစ်တယ်။ အမျိုးသမီး ထောင်ဝန်ထမ်း တယောက်တလေထားပေမယ့် သံသယဖြစ်အောင် တမင်လုပ်ထားတာဖြစ်တယ်။

အကျဉ်းထောင်ထဲ မထည့်ခင်မှာရော အထဲရောက်တော့ရော ဖမ်းလာသူတွေမှန်သမျှကို အကြောင်းမဲ့ရိုက်နှက်တာ၊ နှိပ်စက်တာကို စစ်ဆေးတယ်အကြောင်းပြပြီးလုပ်တယ်။ လိုချင်တဲ့ထွက်ချက်ရအောင်လည်းလုပ်တယ်။ ငရဲနဲ့တင်စားတာ မလွန်ပါ။ မှုခင်းဆိုင်ရာဆေးပညာမှာသင်ရတဲ့ ရာဇသတ်ကြီးမှာတော့ ပြစ်မှုမြောက်ပါတယ်။

တမင်တကာ ထိခိုက်စေမှုဖြစ်ရင် ပုဒ်မ ၃၂၃ နဲ့ငြိပြီ။ အန္တရာယ်ရှိတဲ့လက်နက်ဆိုရင် ၃၂၄။ ပြင်းထံဒဏ်ရာဆိုရင် ၃၂၅။ အန္တရာယ်ရှိတဲ့လက်နက်နဲ့ ပြင်းထံဒဏ်ရာဆိုရင် ၃၂၆။ ထိခိုက်စေမှုဆိုတာ တဖက်သားကို ကိုယ်ခန္ဓာကို ထိခိုက်စေတာနဲ့ နာကျင်စေတာဖြစ်တယ်။ ရောဂါရစေတာလည်းပါတယ်။ ပြင်းထံဒဏ်ရာဆိုတာ လိင်အင်္ဂါပျက်စီးစေတာ၊ မျက်လုံးတဖက် ပျက်စီးစေတာ၊ နားတဖက် ပျက်စီးစေတာ၊ အဆစ်တခု ပျက်စီးစေတာ၊ ဦးခေါင်းနဲ့ မျက်နှာရုပ်ဆိုးစေတာ၊ သွား (သို့) အရိုးတခု ပျက်စီးစေတာတွေပါတယ်။

Post-traumatic stress disorder (PTSD) ထိခိုက်မှုဖြစ်ပြီးနောက်ဖြစ်လာတဲ့စိတ်ဖိစီးမှုဝေဒနာ (သို့) ထိခိုက်ဒဏ်ရာ ရပြီးနောက် စိတ်ဖိအားရောဂါဆိုတာ ကုသရ ခက်ခဲလှတယ်။

ထောင်မှာတာဝန်ထမ်းနေသူတွေ၊ ထောက်လှမ်းရေးနဲ့ စစ်ဆေးရေးမှာ တာဝန်ထမ်းနေသူတွေဟာ ဒီအလုပ်မှာ အင်မတန် ကျွမ်းကျင်ကြတယ်။ လက်သည်မပေါ်အောင်လုပ်တတ်ကြတယ်။ တုံးတဲ့လက်နက်မျိုး သုံးကြတာများတယ်။ အတွင်းကျေ ဆိုတဲ့အသုံးဟာ ထောင်ကျသူတွေနှိပ်စက်ခံရကိုပြောတဲ့ စကားလုံးဖြစ်လာတယ်။ အပြင်ကကြည့်ရင်တော့ ဘာမှ ဖြစ်မထားသလို။ အထဲမှာဒဏ်ရာတွေက သွေးထွက်တာ၊ ရောင်ရမ်းတာ၊ သွေးအဟောင်းတွေကနေ အာရုံကြောပေါ် ဖိထားတာ၊ နာကျင်တာ၊ ထုံကျင်တာ၊ သူ့အလုပ်သူ မလုပ်နိုင်တာတွေဖြစ်တယ်။

ရဲတွေ၊ ထောက်လှမ်းရေးတွေနဲ့ ထောင်ဝန်ထမ်းတွေထဲမှာ လက်ရဲဇက်ရဲတွေအပြင် လက်ယဉ်သူတွေရှိတယ်။ သားသတ်ရုံမှာ အလုပ်လုပ်တာကြာသူတွေက တိကနည်းခုတ်ထစ်ဖြတ်တောက်နိုင်ကြသလိုပဲ အကျဉ်းသားတွေကို နှိပ်စက်ရာမှာ ကွတ်တိလုပ်တတ်ကြ၊ လုပ်ရဲကြ၊ လုပ်ရက်ကြတယ်။ သူများမသိလောက်အောင် လုပ်တာပေမယ့် လောကကြီးမှာ မှန်ကန်ကြည်လင်သူတွေက မသမာသူတွေထက် အမြင်ရော အတွေးပါစူးရှကြပါတယ်။

ဖမ်းဆီးတုံးက သတင်းစာမှာထည့်ရင် အဆိုးဆုံးဓါတ်ပုံကိုတောင်မှ ဖိုတိုရှော့လုပ်သေးတယ်။ လွှတ်ကာနီးရင်တော့ ပြောင်းပြန်လုပ်တယ်။ ရုံးထုတ်တာတို့ လွှတ်ပေးတော့မယ့်အချိန်ဆိုတာ အဲဒီအနာဒဏ်ရာဒဏ်ချက်တွေ လူမြင်မှာ အကြည့်ရမဆိုးချိန်အထိ ဆွဲထားကြတယ်။

မြန်မာပြည်မှာ နိုင်ငံရေးအပြောင်းအလဲကို စိတ်မစောကြပါနဲ့ပြောနေကြတယ်။ စောင့်ကြည့်ပါလို့ ရှေ့နေလိုက်ကြတယ်။ နောက်ရွေးကောက်ပွဲ အားခဲထားကြတယ်။ ကျွန်တော့်အမြင်ကတော့ လက်ရှိထောင်ထဲက ကျောင်းသားတွေအပါအဝင် အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးဟာ အင်မာဂျင်စီဖြစ်တယ်။ ဘာကိုမှ ဘယ်သူ့ကိုမှ ဘယ်လောက်မှ စောင့်မနေနိုင်ပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး