Train passengers ရထားစီးခရီးသည်များ

အရွယ်ရဲ့သဘော စောကြောမိတယ်။ ဇရာအကြောင်းမဟုတ်၊ ဆေးပညာစာလည်းမဟုတ်ပါ။ နိုင်ငံရေးပါ။ အားလုံးအကုန် ခြုံပြီးပြောချင်တာလည်း မဟုတ်သေးပါ။ ပညာတတ်လို့ သတ်မှတ်မလား၊ ပညာရှင်ပဲ ခေါ်တွင်သလား၊ ကျောင်းသက် မနည်းလှသူတွေ၊ လူသိသူသိလည်း များတဲ့သူရဲ့တွေ အုပ်စုတခုတည်းကို ကွက်ကွက်ကလေး တွေးကြည့်မလို့ပါ။

စာအုပ်တွေထဲမှာ မပါ။ သုတေသနလည်း မဟုတ်ပါ။ ဖြတ်သန်းနေရတဲ့ခပ်တိုတို အတွေ့အကြုံ မပြည့်မစုံကနေ ကောက်ချက် ကြမ်းကြမ်းဆွဲကြည့်ချင်တာပါ။

လူ့အသက်ကိုပိုင်းခြားပြီး ဘယ်အရွယ်မှာ ဘာလုပ်ဘို့အကောင်းဆုံးလို့ သတ်မှတ်ထားတာတွေရှိတယ်။ ဆေးပညာမှာ ရှိသလို ဘာသာရေးမှာလည်းရှိတယ်။ နိုင်ငံရေးမှာ ဘယ်အရွယ်တွေက အကောင်းဆုံးပါလည်း။ အမျိုးမျိုးပြောကြမှာပါ။ ပြောတာတွေက မှားမှာတော့မဟုတ်ပါ။ တူချင်မှတော့ တူမယ်။ ၄ဝ-၅ဝ ကိုယူချင်တယ်။

ကောလိပ်တို့ တက္ကသိုလ်တို့လည်း ပြီးမြောက်ခဲ့ကြပြီ။ ဗဟုသုတလည်းစုံလှပြီ။ အတွေ့အကြုံတွေလည်း မနည်းမနော။ အတွေးအမြင်တွေလည်းစူးရှနေကြပြီ။ ဟိုအသင်းသည်အဖွဲ့မှာလည်း တာဝန်ယူဘူးတယ်။ နောက်တဆင့်တက်ကြရမယ်။ တက်ကြပါတယ်။

မီရာရထားလိုက်ကြသူက များသလားလို့။ အခုဂျင်နရေးရှင်းမှ မဟုတ်ပါ။ ဒိအရင်မျိုးဆက်တွေလည်း အဲလိုလုပ်ကြသူက အတော်များပါတယ်။ အားလုံးတော့မဟုတ်ပါ။ ဘူတာမှာ ကျန်နေခဲ့သူတွေလည်း မနည်းပါ။ ရထားကြပ်နေလို့လည်း မဟုတ်၊ လက်မှတ်ဘိုးမတတ်နိုင်သူတွေလည်း မဟုတ်၊ ခရီးမဆက်ချင်သူတွေလည်း မဟုတ်ကြပါ။

စီးပွါးရေးမှာ အမြတ်အစွန်းက ပဓါနကျတယ်။ အဲတာတခုတည်းလို့ပြောရင်လည်းရတယ်။ နိုင်ငံရေးမှာကော။ အသက် ၄ဝ-၅ဝ မှာ ကိုယ့်ရှေ့ရောက်လာတဲ့ရထားကို တက်စီးချင်ကြတာ ပုံမှန်သာဖြစ်တယ်။ ထိုင်ခုံလည်းရသွားကြတယ်။

ဘူတာမှာကျန်ရစ်သူတွေကတော့ ရထားမကြိုက်လို့ လိုက်မသွားကြဘူး။ ငိုက်လည်းမနေကြပါ။ ကြီးသူတွေသာမက၊ ငယ်သူတွေလည်း ပါမသွားကြဘူး။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ