Dyskaryosis သားအိမ်ဝရောဂါတမျိုး
သမီးအသက်က ၃၂ ပါ။ ရာသီလာတဲ့ရက်က တစ်လနဲ့တစ်လ ပုံမှန်မဖြစ်တဲ့အတွက် OG နဲ့ပြလိုက်ပါတယ်။ ဘယ်ရက် မမျိုးဥကြွေလဲသိရအောင် ရာသီလာပြီး ၁၅ ရက်နောက်ပိုင်း Test လုပ်ခိုင်းပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး မထိုးရသေးတော့ ထိုးဖို့ဆိုပြီး OG ကိုပြောတော့ သမီးကို Pap Smear Test လုပ်ခိုင်းပါတယ်။ အခု result ထွက်လာတော့ mild stage လို့ပြောပါတယ်။ OG ကတော့ လှီးထုတ်ဖို့ပြောပါတယ်။ ပြီးတော့ Boipsy လုပ်ဆိုပြီး ပြောပါတယ်။ ဒါမှမဟုတ် နောက်သုံးလနေရင် Pap Smear ပြန်လုပ်ပြီး Biopsy လုပ်ဆိုပြီးပြောပါတယ်။ အိမ်ထောင်သက်က ၂ နှစ်ဘဲရှိသေးတယ်။ ကလေးလည်းလိုချင်ပါသေးတယ်ဆရာ။ ဒီလိုမျိုးဖြစ်မယ်လို့ တွေးတောင် မထားခဲ့ပါဘူးဆရာ။ သမီးရော အမျိုးသားရော နှစ်ယောက်လုံး ရိုးရိုးသားသားနဲ့ ဘဝကို ဖြတ်သန်းလာခဲ့ကြတာပါ။ ဒီလိုမျိုးဖြစ်လာရတာကို စိတ်လည်းမကောင်းဘူး။ သမီးအခုဒီရောဂါဖြစ်နေပြီဆိုတော့ ကလေးယူဖို့အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်မိပါတယ်ဆရာ။ သမီး result ကို attach file နဲ့တွဲပေးထားပါတယ်။ ကြည့်ပေးပြီး အကောင်းဆုံးအကြံဥာဏ်ပေးပါလို့ အကူအညီတောင်းပါတယ်။
Mild dyskaryosis with fibroid inflammatory Cervix
Dyskaryosis မှာ အပျော့စား၊ အသင့်အတင့်နဲ့ ဆိုးတာဆိုပြီး ၃ မျိုးရှိတယ်။ သားအိမ်ဝကို (စမီးယား) စမ်းသပ်မှုလုပ်ရင် အတွေ့များတဲ့အဖြေဖြစ်တယ်။ ကင်ဆာမဟုတ်ပါ။ စိုးရိမ်စရာမရှိပါ။ ပုံမှန် (ဆဲလ်) တွေပေါ်မှာ မူမမှန်တာတွေ ဖြစ်တာသာ ဖြစ်တယ်။
လပိုင်းလောက်နေရင် ပြန်ပြီးပုံမှန်ဖြစ်နိုင်တယ်။ ၉ဝ% ပုံမှန်ဖြစ်မယ်။ ၁ဝ% က ဆက်တိုးလာမယ်။ ရှားရှားပါးပါးသာ ကင်ဆာဖြစ်မယ်။ ၃-၆ လ တခါ ဆေးစစ်နေသင့်တယ်။ ကင်ဆာလို့သံသယရှိတာနဲ့ ချက်ချင်းဆေးကုသမှုလုပ်ရင် အသက်ကိုရန်မရှာပါ။
HPV ခေါ်ကြွက်နို့ဗိုင်းရပ်စ်ကနေလည်းဆက်ဖြစ်လာတာရှိတယ်။ ၁၆ နဲ့ ၁၈ အမျိုးကွဲတွေကနေ လိင်ကတဆင့် ကူးစက်တာ ဖြစ်နိုင်တယ်။ သားအိမ်ကင်ဆာကာကွယ်ဆေးထိုးရမယ်။
မေးတဲ့သူမှာ ရောင်ရမ်းဖြစ်စဉ်လဲတွဲနေတယ်။ အိုဂျီကနေ ကုသပေးပါမယ်။ နောက် ၆ လမှာထပ်စစ်ရမယ်။
ဒေါက်တာတင့်ဆွေ
၁၂-၆-၂ဝ၁၅

Comments
Post a Comment