Got what I deserved
မြေးနှစ်ယောက်အကြောင်းတင်တော့ အားပေးချီးမွမ်းကြသူတွေကို ကျေးဇူးတင်ပါတယ်။ ကလေးနှစ်ယောက်လုံးက နယူးဒေလီမှာပဲ မွေးခဲ့ကြတာပါ။ ပတ်ဝန်းကျင်မှာ (ရဖြူဂျီ) ခေါ်တဲ့ဒုက္ခသည်တွေချည်းရှိတယ်။ ကိုးကွယ်ရာဘာသာမှာ ဗုဒ္ဓဘာသာက တကယ့်လူနည်းစုလေးသာရှိတယ်။ တန်ဘိုးထားမှုစံတွေက မတူကြဘူး။
ပြည်ပမှာနေရတဲ့ဘဝကို မိဘအတော်များများက သားသမီးတွေအတွက် ပူပင်ကြတယ်။ ဒါပေမယ့် တချို့လူတွေတော့ အမေရိကကို (ဟေဗင်) လို့ ခေါ်ကြတယ်။ ကြားရတာ အကြိမ်ပေါင်းမနည်းပါ။ အံ့သြရတာလည်းအခါခါ။ ကျွန်တော်နဲ့ ဇနီးတို့ ယူအက်စ် ရောက်တော့ တွေ့တဲ့သူတွေက မေးကြပါတယ်။ ဘယ်ကနေလာသလည်း။ အိန္ဒိယကပါ။ ဟိုမှာ ဘယ်လောက်ကြာခဲ့လည်း။ ၂၄ နှစ်ပါ။ ဟင့့်။ အမေရိကားကိုလာဘို့ရာ အဲလောက်ကြာနေသူဟာ အရည်အချင်း နည်းသူလို့ သတ်မှတ်တာခံရတယ်။ (ဟေဗင်) သမားတွေကပေါ့။
ပြည်ပမှာနေရတဲ့ဘဝက (နော်မယ်လ်) မဟုတ်ပါ။ ကျွန်တော်က နိုင်ငံရေးအုပ်စုထဲကပါ။ နိုင်ငံရေးဆိုသူတွေကြားထဲမှာ လူတိုင်းမဟုတ်ပေမယ့် (အက်နော်မယ်) တွေကလည်းမရှားပါ။ နီတိမသိသူတွေ၊ ယဉ်ကျေးတာဟာ ခေတ်နောက်ကျတာလို့ မှတ်ယူသူတွေ၊ အစဉ်အလာဆိုတာ (အောက်) သွားပြီလို့ ခံယူလိုက်ကြသူတွေ၊ ကျားနဲ့မဆိုတာ လုံးဝဥဿုံတူရမယ်လို့ ဇီဝဗေဒနဲ့ ဇီဝကမ္မကို ပယ်ချသူတွေ စသဖြင့် ဗိုလ်မထားတပ်မတော်ကြီးထဲမှာ အရံတပ်သား ဖြစ်တဲ့အခါဖြစ်ခဲ့ရပါတယ်။
ကျွန်တော့်မိသားစုရဲ့ ကိုယ်ပိုင်အတွေ့အကြုံက နမူနာပြစရာအတော်ပြည့်စုံတယ်။ NLD ကဖြစ်လို့ အားပေးသူရှိသလို ရန်သူသတ်မှတ်သူတွေကလည်း မရှားပါ။ စင်ပြိုင်အစိုးရမှာဝန်ကြီးနာမည်နဲ့တာဝန်ယူရလို့ ကလေးတွေကို လူကြီးသားသမီးလို့ ယူဆတယ်။ တိုင်းရင်းသာအရေးက ထိပ်မှာအမြဲရှိတော့ ဗမာမိသားစုတွေမို့ ဝိုင်းပယ်ခံရတာ များတယ်။ သားတွေဆိုရင် ကျား-မအရေးသမားတွေက နေရာမပေးချင်ကြပါ။
အဲလိုအနုတ်သဘော လောကကြီးထဲမှာ ကလေးတွေသွန်သင်ရတာ လက်ဝင်လွန်းပါတယ်။ သည်းခံစိတ်ရှည်ယုံသာမက နည်းဗျူဟာသုံးရတာလည်း အမောပဲ။ အားမရပေမယ့် အဲတာဟာ သူတို့ထိုက်တဲ့ကံလို့သာ အောက်မေ့ရတာပေါ့။ ကျွန်တော်လည်း ကိုယ်နဲ့ထိုက်တာကိုသာ ရပါတယ်။
ဒေါက်တာတင့်ဆွေ
၁ဝ-၆-၂ဝ၁၅

Comments
Post a Comment