Lung Cancer (2) အဆုပ်ကင်ဆာ (၂)

ယောက်ျားတွေရော မိန်းမတွေပါ ကင်ဆာကြောင့် သေဆုံးရတဲ့ အကြောင်းရင်းထဲမှာ အဆုပ်ကင်ဆာက ထိပ်မှာရှိတယ်။ ကနေ့ကာလမှာ အဆုပ်ကင်ဆာကြောင့် သေရသူ ၁ဝ ယောက်ထဲမှာ ဆေးလိပ်သောက်သူ ၉ ယောက်ရှိတယ်။ (ရင်ဒေါင်) ဓါတ်ငွေ့၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု နဲ့ ဓါတုပစ္စည်းတွေက တခြား တရားခံတွေ ဖြစ်တယ်။ နောက်ပေါ် ဆေးဝါးသစ်တွေက အားတက်စရာ ရှိပါတယ်။

၁။ ဆေးလိပ် နဲ့ အဆုပ်ကင်ဆာ ဘယ်လိုဆက်စပ်သလဲ
စီးကရက်ထဲပါနေတာက ကင်ဆာကို ဖြစ်စေနိုင်တာသာ မကဘူး၊ အဆုပ်ရဲ့ သဘာဝခုခံမှုကိုပါ သက်ရောက်စေတာလဲ ပါတယ်။ အသက်ရှူလမ်း တလျှောက်မှာ Cilia ခေါ်တဲ့ အမွှေးသေးသေးလေးတွေ ရှိနေတယ်။ အဆိပ် အတောက်တွေ၊ ဗက်တီးရီးယားတွေ နဲ့ ဗိုင်းရပ်စ်တွေ ဝင်လာရင် တားဆီးပေးတယ်။ ဆေးလိပ်ငွေ့က ဒီအမွှေးလေးတွေကို လေဖြတ်သလိုဖြစ်စေတယ်။ အဲဒီအခါ Carcinogens ကင်ဆာဖြစ်စေနိုင်တာတွေ အဆုပ်ထဲကို အတားအဆီးမရှိ ဝင်လာနိုင်ကြတယ်။

၂။ အဆုပ်ကင်ဆာ လက္ခဏာများ
ဖြစ်ခါစမှာ မသိသာဘူး။ ဘာမှမခံစားရသေးဘူး။ ဆက်ဖြစ်လာမှ ဒါတွေခံစားရမယ်။
- ချောင်းဆိုးတာ မပျောက်နိုင်ဘဲဖြစ်နေမယ်၊
- ရင်ပတ်နာမယ်၊ အသက်ပင့်ရှူရင် နာမယ်၊
- အသက်ရှူကြပ်မယ်၊ အသက်ရှူမဝဖြစ်မယ်၊
- ချောင်းဆိုးသွေးပါဖြစ်မယ်၊
- အားယုတ်မယ်။

၃။ အဆုပ်ကင်ဆာ ဆန်ကာတင်စစ်ခြင်း
စောစောစီးစီး သိနိုင်လား။ Spiral CT scan ရိုက်စစ်ဆေးရင် တချို့လူတွေမှာ စောစောသိနိုင်တယ်။ စောတယ် ဆိုတာတောင် အသက်ကယ်နိုင်လောက်တဲ့အထိ စောသလား မပြောနိုင်ဘူး။ National Cancer Institute ကနေ ဒီနည်းရဲ့ အသုံးကျမှုကို လေ့လာနေတယ်။ ခက်တာတခုက ဒီ (စကင်) ရိုက်ရင် အဆုပ်ထဲက အန္တရာယ် ပြုနိုင်တာရော မပြုနိုင်တာရောတွေ့ မြင်ရတယ်။ သံသယကို ရှင်းအောင် ဆက်စစ်ရလို့ မလိုအပ်ဘဲ အသားစဖြစ်စစ်ရတာ၊ စိုးရိမ်စိတ်ဝင်ရတာ၊ ငွေကြေးကုန်ကျတာတွေ ဖြစ်စေတယ်။

၎။ ရောဂါဟုတ်တယ်ဆိုတာ ဘယ်လိုသေချာစေမလဲ
များသောအားဖြင့် နာတာရှည်ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာတွေ မဖြစ်သေးခင် သံသယမဝင်ကြဘူး။ Chest X-ray ရင်ပတ်ဓါတ်မှန် စတာတွေ ရိုက်မယ်။ Sputum test သလိပ်စစ်တာလုပ်မယ်။ သံယယကိုသေ့ခာအောင် Biopsy အသားစ ထုတ်စစ်တာ လုပ်မယ်။

၅။ အဆုပ်အသားစ ထုတ်ယူ စစ်ဆေးခြင်။
X-ray ဓါတ်မှန်မှာလဲ အကျိတ်တွေ့မယ်၊ Sputum test သလိပ်စစ်တာမှာလဲ Cancer cells ကင်ဆာဆဲလ် တွေ့မယ်ဆိုရင် Biopsy အသားစ ထုတ်စစ်တာလုပ်ပြီး သေချာစေမယ်။

၆။ အဆုပ်ကင်ဆာ အမျိုးအစားများ
အနုကြည့်မှန်ဘီလူး အောက်မှာ အဓိက ၂ မျိုးရှိတယ်။
- Small-cell lung cancer ဆိုတာက ပိုဆိုးတယ်။ ပြန့်ပွါးတာ မြန်တယ်။ ဆေးလိပ်သောက်တာနဲ့ ဆက်စပ်တယ်။
- Non-small-cell lung cancer က ပြန့်တာ နှေးတယ်။ ၉ဝ% က ဒီအမျိုးအစား ဖြစ်တယ်။

၇။ အဆုပ်ကင်ဆာ အဆင့်များ
ကင်ဆာ ဘယ်အထိရောက်နေသလဲဆိုတာ အဆင့်ဖြစ်တယ်။ အဆင့်ခွဲစနစ်တွေ တမျိုးမကရှိတယ်။ Small-cell lung cancer အမျိုးအစားကို အဆုပ်တဖက်တည်းမှာသာနဲ့ တက်စေ့လောက်သာရောက်သေးတဲ့ Limited ကွက်ဖြစ်နေတာ နဲ့ အဆုပ် ၂ ဘက်လုံးနဲ့ တခြားအထိရောက်နေတဲ့ Extensive ကျယ်ပြန့်တာဆိုပြီး၊ ၂ ဆင့်ခွဲတယ်။ Non-small-cell lung cancer ကိုတော့ ၁ ကနေ ၄ အထိခွဲထားတယ်။

၈။ ဘယ်လောက်အထိ အသက်ရှင်နိုင်သလဲ
လေ့လာမှုအရ သိရတာ မရရာပါ။
American Cancer Society ရဲ့နောက်ဆုံး စာရင်းမှာ ၁၉၉၈ ကနေ ၂ဝဝဝ အတွင်း Non-small cell lung cancer ရောဂါနာမည် သေချာထားသူတွေမှာ ၅ နှစ်အသက်ရှည်သူ ၁% ကနေ ၄၉% ရှိတယ်။ ဒိနောက်ပိုင်း ဆေးတွေ၊ ကုသနည်းတွေ ပိုကောင်းလာနေပါတယ်။

၉။ သိပ်နောက်မကျခင်သိရင်
Non-small-cell lung cancer တွေ့ရင် Surgery ခွဲစိတ်တာနဲ့ ကောင်းနိုင်တယ်။ အကျိတ်ဖြစ်ဖြစ် အဆုပ်တဖက်လုံးဖြစ်ဖြစ် ခွဲထုတ်မယ်။ Radiation therapy ဓါတ်ကင်တာ၊ Chemotherapy ဆေးပေးတာ ဆက်လုပ်နိုင်တယ်။ Small-cell lung cancer ဆိုရင် ခွဲဘို့နောက်ကျနေတာ များတယ်။

၁ဝ။ နောက်ပိုင်းအဆင့်ရောက်နေရင်
အသက်ပိုရှည်နိုင်သမျှရှည်အောင်၊ နေရတာလဲ သက်သာစေအောင် လုပ်ပေးနိုင်တယ်။ Radiation therapy ဓါတ်ကင်ပေးမယ်။ Chemotherapy ဆေးပေးမယ်။ Chemotherapy ဆေးပေးနည်း (ခီမို) ကို Small-cell lung cancer အမျိုးအစားမှာ ပိုသုံးလို့ သင့်တယ်။

၁၁။ ပြစ်မှတ်ထား ကုသပေးနည်း
ကုသနည်းသစ်ဖြစ်တယ်။ Chemotherapy ဆေးပေးနည်းနဲ့လဲ တွဲသုံးတာရှိတယ်။ တနည်းက ကင်ဆာ (ဆဲလ်) တွေ အသက်ရှင်ဘို့လိုတဲ့ သွေးကြောသစ်တွေ မဖြစ်စေအာင် လုပ်ပေးနည်းဖြစ်တယ်။ နောက်ပိုင်းအဆင့် လူနာတွေအတွက် Chemotherapy ဆေးပေးနည်းနဲ့တွဲရင် သင့်တယ်။
နောက်တနည်းက ကင်ဆာ (ဆဲလ်) တွေ ပွါးရာမှာလိုအပ်တဲ့ အချက်ပြမှုကို သက်ရောက်စေတယ်။

၁၂။ ရောဂါရှိတာ သိလာပြီးနောက် စိတ်ထိခိုက်မှာတော့ အမှန်ပါ။ ဆေးလိပ်သောက်တာနဲ့ ဆက်နေတယ်လို့ သိပြန်ရင် "နောင်တ" ဖြစ်နေတော့မယ်။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကို အပြစ်ဖို့ဘို့အချိန် မဟုတ်ပါ။ ရှေ့ကို အကောင်းဆုံး ဘယ်လို ဆက်မလဲကိုသာ အာရုံစိုက်ပါ။ လူနေမှုပုံစံပြောင်းဘို့ရာ အခုစလုပ်တာ အစောဆုံး ဖြစ်ပါမယ်။ ဆေးလိပ်ဖြတ်တာနဲ့ မဖြတ်သူတွေထက် ပိုသက်သာတာ အမှန်ဘဲ။

၁၃။ ဆေးလိပ် မီးခိုးရှူရသူများ (တဆင့်ခံ ဆေးလိပ်သောက်သူများ)
ဇနီးဖြစ်ဖြစ် ခင်ပွန်းဖြစ်ဖြစ် ဆေးလိပ် သောက်သူဖြစ်ရင် သူများတွေထက် ၂ဝ-၃ဝ% ပိုဖြစ်လာနိုင်တယ်။

၁၄။ လုပ်ငန်းခွင်
Uranium, (ယူရေနီယမ်)၊ Arsenic (အာဆင်းနစ်) စတာတွေနဲ့ လုပ်ငန်းခွင်မှာ နေ့တဓူဝ တွေ့နေရသူတွေမှာ အဆုပ်ကင်ဆာ ဖြစ်လာဘို့ အန္တရာယ်ရှိတယ်။ Asbestos မီးခံကျောက်လဲ အဲလိုဘဲ။

၁၅။ ဓါတ်ငွေ့
Radon ဆိုတာ ဓါတုဗေဒလို Rn နဲ့ရေးပြီး အနုမြူနံပါတ် ၈၆ ဖြစ်တယ်။ Radon gas (ရင်ဒေါင်) ဟာ သဘာဝဖြစ် ရေဒီယို ဓါတ်ကြွသတ္တိ ရှိတယ်။ ပုံပါကရိယာနဲ့ စစ်နိုင်တယ်။ အမေရိကားမှာတော့ ဆေးလိပ်ပြီးရင် အဆုပ်ကင်ဆာ ဖြစ်စေတဲ့ ဒုတိယ အကြောင်းခံ ဖြစ်တယ်။ ဒီရောဂါနဲ့ သေဆုံးရသူထဲက ၁၂% ဟာ ဒါနဲ့ ဆက်စပ်နေတယ်။

၁၆။ လေထုညစ်ညမ်းမှု
ဆေးလိပ်လောက် ဖြစ်စေနိုင်တာတော့ မဟုတ်ပါ။ ကား၊ စက်ရုံ စတာတွေကနေ ထွက်တဲ့ အငွေ့တွေကနေ ကင်ဆာဖြစ်ဘို့ အားပေးရာကျတယ်။

၁၇။ တခြားအကြောင်းခံတွေ
- မိသားစုထဲမှာ ဖြစ်ဘူးတာ၊
- သောက်ရေထဲမှာ (အာဆင်းနစ်) များနေတာ၊
- တခြားဘာအကြောင်းမှ ရှာမရသူတွေမှာလဲ ဖြစ်တတ်တယ်။ ဆေးလိပ် မသောက်သူတွေထဲမှာတော့ အမျိုးသမီး ဦးရေက ပိုများတယ်။ Adenocarcinoma အမျိုးအစားကလဲ ဆေးလိပ် မသောက်သူတွေမှာ အဖြစ်များတယ်။

၁၈။ ဘယ်လိုကာကွယ်မလဲ
ဆေးလိပ်မသောက်ပါနဲ့။

- Diet and cancer ကင်ဆာ နဲ့ အစားအစာ http://dts-medicaleducation.blogspot.com/2012/01/diet-and-cancer.html
- Smoking and Cancer ဆေးလိပ်နဲ့ ကင်ဆာ http://doctortintswe.blogspot.com/2015/02/smoking-and-cancer.html
- Lung Cancer (1) အဆုပ် ကင်ဆာ (၁) http://dts-medicaleducation.blogspot.com/2011/11/lung-cancer.html
- Lung Cancer (2) အဆုပ် ကင်ဆာ (၂) http://doctortintswe.blogspot.com/2015/02/lung-cancer-2.html
- Lung Cancer and Papaya အဆုပ်-ကင်ဆာ နဲ့ သင်္ဘောရွက် http://dts-medicaleducation.blogspot.com/2012/01/lung-cancer.html
- Lung cancer therapy is milestone အဆုပ်ကင်ဆာကုသနည်းမှတ်တိုင် http://doctortintswe.blogspot.com/2015/05/lung-cancer-therapy-is-milestone.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး