Cervical Cancer (1) သားအိမ်အဝ ကင်ဆာ (၁)

သားအိမ်အဝကင်ဆာ အဖြစ်များတာတွေက ရင်သားကင်ဆာ၊ အဆုပ်ကင်ဆာ၊ အူမကြီးကင်ဆာလို့ သတ်မှတ်ရာကနေ အခု သားအိမ်အဝ (ခေါင်း) ကင်ဆာဟာ ဒုတိယနေရာ ရောက်လာပြီ။ သေစေတတ်တဲ့ ကင်ဆာမှာတော့ နံပါတ် ၅ လိုက်တယ်။ အမျိုးသမီး ၁ သိန်းမှာ ၁၆ ယောက်ဖြစ်ပြီး၊ ၉ ယောက် သေဆုံးရတယ်။ တနှစ် သန်းတဝက် ဖြစ်နေပြီး၊ ၂ သိန်းခွဲကျော် သေနေရပါသတဲ့။ သားအိမ်အဝကင်ဆာက အသက်ကြီးမှဖြစ်တာများတယ်။ အသက် ၂ဝ အောက်မှာ အနည်းဆုံးဖြစ်ပြီး။ ၄၅ ကနေ ၅၅ အထိအရွယ်မှာ အများဆုံးဖြစ်တယ်။

ကင်ဆာမှန်သမျှ ဘာလို့ဖြစ်ရတယ်ဆိုတာ တိတိကျကျ မသိကြရသေးပါ။ တချို့ အမျိုးအစားတွေမှာတော့ (ဗိုင်းရပ်စ်) လို့ သိနေရပါပြီ။ ၁၉၈ဝ ကျမှ သားအိမ်အဝကင်ဆာရဲ့ တရားခံဟာ HPV ကြွက်နို့ဗိုင်းရစ်လို့ သိလာခဲ့တယ်။ HPV ဗိုင်းရပ်စ် ဆိုတာ သားအိမ်အဝကင်ဆာ နှစ်မျိုးထဲက တမျိုးကို ဖြစ်စေပါတယ်။ သူ့ကြောင့်ဆိုရင်တော့ လိင်ဆက်ဆံတာကနေ ကူးစက်နိုင်တယ်။ မွေးလမ်းမှာ ကြွက်နို့ဖြစ်တာနဲ့လည်း ဆိုင်တယ်။

အများအားဖြင့် စောစောပိုင်းမှာ ဘာလက္ခဏာမှ မပေါ်လို့ ကင်ဆာရှိနေမှန်း မသိနိုင်ဘူး။ အချိန်အခါမဟုတ် သွေးဆင်းတာ၊ သွေးဆုံးပြီးမှ သွေးဆင်းတာ၊ အတူနေပြီး သွေးဆင်းလာတာ၊ အတူနေစဉ်မှာ မနာသင့်ပဲနာတာ၊ သွေးမဟုတ်ဘဲ အရည်ဆင်းတာ၊ အနံ့ဆိုးထွက်တာ၊ အဖြူ၊ ပန်းရောင်၊ အနီရောင်၊ အညိုရောင်တွေ ဆင်းတတ်တယ်။

စောစောစီစီး မပြန့်တတ်ဘူး။ နောက်ဆက်ဖြစ်ရင် သားအိမ်ကနေ ဘေးကူးပြီ။ အနီးအနား များတယ်။ အဝေးသွားရင် သွေးပြန်ရည်လမ်းကနေကူးတယ်။ နောက်ပိုင်း ရောက်လာရင်တော့ အစားပျက်၊ အားယုတ်၊ ပိန်လာမယ်၊ တင်ပါးဆုံတွင်းက နာမယ်၊ ခြေထောက်နာ-ယောင်၊ ဆီးလမ်း၊ ဝမ်းသွားလမ်း ထိခိုက်မယ်၊ အရိုးနာတာတွေ ဖြစ်လာနိုင်တယ်။

သက်ရှိတွေရဲ့ အသေးဆုံးအစိတ်အပိုင်းတခုကို (ဆဲလ်) လို့ခေါ်တယ်။ အရေပြား၊ ကြွက်သား၊ အရိုး စသဖြင့် (ဆဲလ်) အမျိုးမျိုးရှိတယ်။ (ဆဲလ်) မှန်သမျှ အာရုံကြောကလွဲရင် အသစ်ဖြစ်လာကြ၊ ကြီးရင့်လာကြ၊ နောက်ဆုံး သေကြတယ်။ အနိစ္စ အမြဲမရှိ၊ ဖေါက်ပြန်ပျက်စီးသည့်သဘောရှိ၏ဆိုတာ ဆေးသိပ္ပံ အလိုအရပါမှန်တယ်။ (ဆဲလ်) တွေ အသစ်ပေါက်ဘို့ မလိုဘဲ ပေါက်လာရင်၊ ဒါမှမဟုတ် သေရမဲ့ (ဆဲလ်) က မသေတာမျိုး ဖြစ်လာရင် အကျိတ် (အလုံး) နှစ်မျိုးထဲက တခုခု ဖြစ်လာမယ်။ တခုကတော့ ကင်ဆာ။ တမျိုးက ကင်ဆာမဟုတ်တဲ့အကျိတ်။

အဲလို မူမမှန်တဲ့ (ဆဲလ်)တွေ ဖြစ်နေ-မနေ သိအောင် Pap smear (Pap test ) လုပ်ရတယ်။ စမ်းလို့ မကောင်းတာ တွေ့ရပေမဲ့ ရောဂါဟုတ် မဟုတ် စမ်းလို့ သေခြာမှ ကင်ဆာခေါ်တယ်။ ကင်ဆာ မဖြစ်သေးတဲ့ အဆင့်ကို Dysplasia လို့ ခေါ်တယ်။ ယောက်ျားတွေကို HPV ပိုး ရှိမရှိ စစ်ဆေးလို့ မရသေးပါ။

Pap smear နည်းနဲ့စမ်းလို့ ကောင်းနေယုံနဲ့တော့ မရှိဘူးလို့ ရာနှုန်းပြည့် မပြောနိုင်ပါ။ ရောဂါရှိမှန်း သေခြာအောင် မွေးလမ်းကြောင်း စစ်ဆေးတာနဲ့ စရတယ်။ ကြည့်တာနဲ့ကို အနေအထား ပြောင်းနေတာ မြင်ရတယ်။ သေခြာအောင် အသားစ ဖြတ်ယူပြီး၊ ဓါတ်ခွဲခမ်းမှာ မှန်ဘီလူးနဲ့ စစ်ဆေးရတယ်။ Biopsy ခေါ်တာပေါ့။

ရောဂါကို နှိမ်နင်းဘို့ဆိုတာ လူတွေကို အသိရှိနေအောင် လုပ်တာဟာ အရေးပါတယ်။ လူတွေကို အစုလိုက် Pap smear လုပ်ပေးရင် ရောဂါဖြစ်တာကို အစောကြီးသိရတယ်။ ကောင်းကောင်း ကုပေးနိုင်လို့ အသေအပျောက် နည်းလာတယ်။ မြန်မာပြည်မှာ အမျိုးသမီး ၁ဝဝဝ ကို Pap Smear လုပ်ပြီး၊ စစ်တမ်းကောက်ယူ စစ်ဆေးခဲ့ဘူးတယ်။

ကင်ဆာတွေထဲမှာ ကာကွယ်ဆေးရယ်လို့ရှိတာ ဒီရောဂါပါ။ ၂ဝဝ၆ ခုနှစ်မှာ အမေရိကန် FDA ကနေ အသိအမှတ် ပြုခဲ့တဲ့ ကာကွယ်ဆေးကို Gardasil လို့ခေါ်တယ်။ နောက်တမျိုးကတော့ Cervarix ပါ။ သားအိမ်အဝကင်ဆာ ၇ဝ% ကိုဖြစ်စေတဲ့ HPV နှစ်မျိုးအပြင် တခြားလိင်ကတဆင့် ကူးစက်ရောဂါတွေကိုပါ ကာကွယ်နိုင်တယ်။ ၉၂-၉၈% ထိရောက်တယ်။ သူများ တိုင်းပြည်တွေမှာတော့ လိင်ဆက်ဆံတာမျိုးနဲ့ မကြုံနိုင်သေးတဲ့ အသက် ၉ နှစ်သမီးကနေစပြီး၊ ၂၆ နှစ်အရွယ် မိန်းကလေးတွေကို ပြစ်မှတ်ထားပြီး ထိုးပေးတယ်။

မြန်မာနိုင်ငံမှာ HPV ကာကွယ်ဆေးထိုးဘို့ အခက်အခဲတွေ ရှိနေပါတယ်။ လူအများစုက အဲဒီ ဗဟုသုတ နည်းနေကြပြီး၊ ဆေးတလုံး ကျပ် ၅ သောင်းလောက် ပေးနေရတယ်။ အစိုးရက ဖြစ်ဖြစ် အစိုးရမဟုတ်တဲ့ အဖွဲ့များကဖြစ်ဖြစ် တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရင် သားအိမ်အဝ ကင်ဆာ ဖြစ်ရတာကို အတော်ကြီး ကယ်တင်နိုင်မယ်။ ဆေးတလုံးကို ၈၆ဝဝဝ ကုန်ကျပြီး၊ စုစုပေါင်း ၃ လုံးထိုးရင် ကျပ်ငွေ ၂ သိန်း၊ ၄ ထောင် ကျပါတယ်လို့ ကွန်မင့်ကနေရေးကြတယ်။

ရောဂါဖြစ်ရင် ၁-၂-၃-၄ ဆိုပြီး၊ အဆင့်တွေ သတ်မှတ်ထားတယ်။ ကုသတဲ့အခါလဲ အဆင့်လိုက် ကုရတယ်။ စောစောသိ၊ ချက်ချင်းကုရင် ပျောက်ပါတယ်။ အဆင့် ၁ ကို သားအိမ်ထုတ်ပေးရတယ်၊ သားအိမ်ဘေးက အကျိတ်တွေကိုပါ ထုတ်ရတာလဲရှိတယ်။ ကလေး ရချင်သေးသူများဆိုရင် (LEEP) နည်း လုပ်ပေးရတယ်။ အဆင့် ၁ နောက်ပိုင်း ရောက်နေရင် အားလုံးကုန်ထုတ်နည်း နဲ့ ဓါတ်ကင်တာ လုပ်ပေးတယ်။ အဆင့် ၂ ရောက်နေရင် ဓါတ်ကင်တာနဲ့ ဆေးဝါးနဲ့ ကုပေးတာ ရောတယ်။ တချို့လဲ ခွဲစိတ်တာပါ လုပ်ရတယ်။ ၂ဝဝ၆ ကတည်းကသုံးနေတဲ့ဆေး ၂ မျိုးကတော့ Hycamtin နဲ့ Cisplation တို့ဖြစ်တယ်။

ကင်ဆာလူနာမှန်သမျှ ၅ နှစ်အထိ အသက်ရှင်သူ ရာနှုန်းဘယ့်လောက်ရှိလည်းဆိုတာနဲ့ အဆိုးအကောင်း ခွဲခြား သတ်မှတ်တယ်။ အဆင့်စောလေ ကောင်းလေ။ အဆင့် ၁ ဆိုရင် ၈ဝ-၉ဝ%။ ၂ တွေက ၆၅-၇ဝ%။ ၃ က ၂၅-၃ဝ% နဲ့ နောက်ကျတဲ့ ၄ က ၁၅% ဖြစ်တယ်။

ပါတနာ (သို့) ခင်ပွန်းက ပျော်ပါးလို့ ဘဝနစ်မွန်းခဲ့ရတဲ့ အမျိုးသမီးတွေလည်းရှိသလို ပါတနာ (သို့) ခင်ပွန်းကို အကြွင်းမဲ့ ယုံကြည်မိလို့ နောက်ဆုံး ဓားစာခံဖြစ်သွားတဲ့ အမျိုးသမီးတွေလဲ တပုံကြီးပါ။ စိတ်မချရတဲ့ခေတ်ကြီးထဲမှာ ဘယ်သူ့ ဘယ်သူကိုမှ ယုံဖို့မခက်ပေဘူးလားတဲ့။ အတူနေရင် (ကွန်ဒွမ်) သုံးတာ ဒီရောဂါအတွက်ပါ ကောင်းတယ်။ တကယ်လို့ အဖေါ်မှာ ကြွက်နို့ရှိနေရင် ဆက်ဆံဘို့ ငြင်းသင့်တယ်။ သားအိမ်အဝကင်ဆာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံသူတွေ အဖြစ်များလို့ ဆယ်ကျော်သက်များ သတိထားကြပါ။ ကလေးအမွေးများသူတွေမှာလဲ ပိုဖြစ်တတ်လို့ မိသားစုစီမံကိန်း လုပ်ကြပါ။ အဖေါ်များများနဲ့ဆက်ဆံသူတွေမှာ အဖြစ်များလို့ အတူနေအဖေါ် နည်းနိုင်သမျှနည်းသင့်တယ်။ ဆင်းရဲသူတွေမှာ ပိုဖြစ်ကြရတယ်။ ကိုယ့်တိုင်းပြည် ချမ်းသာလာအောင်လည်း လုပ်ကြပါ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ