Fibroids and Pregnancy ကိုယ်ဝန်နှင့် သားအိမ်အလုံး

၁။ ဆရာမင်္ဂလာပါ သမီးကအသက် ၂၈ ပါ ကိုယ်ဝန်ဆောင်တာ ၈လပိုင်း ၂၅ဆို ၅လပြည့်ပါပြီ လွန်ခဲ့တဲ့ ၁၅ရက်လောက်က ဓမ္မတာလာစဉ်ကိုက်ခဲသလို အရမ်းကိုက်ပါတယ် ခါးတွေရော ငိုနေရပါတယ် OG နဲ့ပြပြီးတော့ ultrasound ရိုက်ကြည့်တော့ သားအိမ်ထဲမှာအသားလုံးရှိတယ်ပြောတယ်ဆရာ သေသေချာချာလေးသိချင်တယ် ဆရာမကတော့ခုချိန်ဘာမှ လုပ်ပေးလို့ မရဘူး မွေးမှခွဲထုတ်မှရမယ်ပြောတယ်ဆရာ အဲ့ဒီအသားလုံးရှိလို့ ကလေးကိုထိခိုက်နိုင်လားဆရာ လရင့်လာရင်ရော အရင်ကကိုက်သလိုပဲ ပြန်ကိုက်နိုင်လားသိချင်လို့ပါဆရာ သမီးအလုပ်က ကျောင်းဆရာမပါ နေ့တိုင်း ၁၆ မိုင်လောက် အသွားအပြန်လိုင်းကားစီးရပါတယ် ကားက နဲနဲကြမ်းတော့ ပြန်လာရင်ဗိုက်ထဲကအောင့်နေ နာနေလို့ပါဆရာ။

၂။ မင်္ဂလာပါဆရာ သူငယ်ချင်းက အသက် ၃၅ နှစ်။ ပထမဆုံး ကိုယ်ဝန်ပါ။ ဖေဖေါ်ဝါရီမှာ မင်္ဂလာဆောင်ပြီး ဧပြီလမှာ ကိုယ်ဝန်ရတာပါ။ တားဆေး မသုံးပါ။ OG နဲ့ပြတော့ ကိုယ်ဝန်နဲ့အတူ သားအိမ်မှာ အလုံးနှစ်လုံး ရှိနေတယ်လို့ပြောပါတယ်။ ကိုယ်ဝန်နဲ့မို့လို့ ခွဲထုတ်ဖို့ အဆင်မပြေဘူး လို့သိရပါတယ်။ သန္ဓေသားအတွက် အန္တရာယ်ရှိသလား သိချင်လို့ပါဆရာ။ သူငယ်ချင်းကိုယ်စား မေးပေးတာပါ။ ကျေးဇူးတင်ပါတယ်။

၃။ ဆရာရှင့် ကျွန်မအသက် ၃၁ပါ။ အိမ်ထောင်သက် ၂နှစ်၊ ကလေးမရှိပါ။ ကျွန်မမြန်မာပြည်ကို ၉ ရက်တာ ခဏပြန်တုန်း သုံးလခံဆေးထိုးခဲ့ပါတယ်။ အစောပိုင်းမှာလည်း ရာသီမလာခဲ့ပါဘူး အဲ့ဒီနောက် ရာသီမလာတာ အခုထိပါပဲ။ ဗိုက်ကလည်း နဂိုထက် ပူနေပါတယ်။ ကိုယ်ဝန်ရတယ်ထင်ပြီးနေလာခဲ့ပါတယ်။ မြန်မာပြည် ပြန်ရောက်တော့ ultrasound ပဲ ရိုက်ကြည့် ဖြစ်ပါတယ်။ အသားလုံးလို့ ပြောပါတယ်ရှင့်။ အဲ့ဒါ စိတ်ပူရပါသလား။ OG ပြရန် အခက်အခဲများ ရှိနေလို့ မေးရခြင်း ဖြစ်ပါတယ် ဆရာကြီးရှင့်။ အခုဆိုရာသီမလာတာ ၇ လထဲ ဖြစ်နေပါပြီ။ ရာသီသွေးပေါ်လာအောင် ဘယ်လိုလုပ်ရမလဲ သိချင်ပါတယ်။ အသားလုံးဆိုတာ အန္တရာယ်ရှိလားလည်းသိချင်ပါတယ်ရှင့်။ ultrasound ပုံပါ ပို့ပေးလိုက်ပါတယ်ရှင့်။

ကိုယ်ဝန်ရှိလို့ စစ်ဆေးတော့မှ သားအိမ်မှာ အလုံး-အကျိတ်ရှိနေတာသိကြရသူ မနည်းပါ။ သားအိမ်မှာ အလုံး-အကျိတ် ရှိနေနေပေမယ့် ခံစားရတာမသိသာလို့ဖြစ်တယ်။ ကိုယ်ဝန်ကို ဘယ်လိုသက်ရောက်သလဲ။ မတူကြပါ။ အခက်အခဲဖြစ်စေတာ အတော်နည်းပါတယ်။ နာတာ၊ ပျို့အန်တာ၊ ဖျားတာ ဖြစ်တတ်တယ်။

သားအိမ်အလုံးဆိုတာ ကင်ဆာမဟုတ်ပါ။ ဘာလို့ဖြစ်သလဲ အတိအကျတော့ မပြောနိုင်ပါ။ ဟော်မုန်းနဲ့ဆိုင်တယ်။ မျိုးရိုးနဲ့ဆိုင်တယ်။

၂ စင်တီမီတာထက်ကြီးရင် နာတာခံစားရနိုင်တယ်။ အနာသက်သာဆေးတခုခု Acetaminophen ဖြစ်ဖြစ် Ibuprofen ဖြစ်ဖြစ်ပေးမယ်။ ဖြစ်နိုင်ရင် ကိုယ်ဝန် ၃၂ ပတ်ထက်နောက်မကျသူတွေကိုသာ ပေးသင့်တယ်။ ကိုယ်ဝန်နဲ့အတူ အရွယ်အစားကြီးလာတတ်တယ်။ အညှာပါတဲ့အမျိုးအစားဖြစ်နေရင် အညှာလိမ်တာသတိထားရတယ်။ ပိုနာမယ်။

ကိုယ်ဝန်ရှိမှသိရသူတွေ ကလေးမမွေးခင် ကုသပေးလို့မဖြစ်ပါ။ ခွဲရင် သွေးထွက်များမယ်။

ကိုယ်ဝန်ရင့်လာရင် ဘာဖြစ်နိုင်သလဲ
အလုံးက အချင်းနဲ့နီးနေရင် သွေးလျှောက်တာကို သက်ရောက်နိုင်တယ်။ ကလေးဖွံ့ထွားမှုနည်းစေနိုင်တယ်။ စောမွေးတာ၊ ရေမြွာစောပေါက်တာဖြစ်နိုင်တယ်။

မွေးဖွားနေစဉ်မှာ ဘာဖြစ်နိုင်သလဲ
ကလေးအနေအထားအပေါ်မူတည်မယ်။ ခွဲမွေးရဖို့များတယ်။ ကံမကောင်းရင် ခွဲမွေးပြီး သားအိမ်ထုတ်ရတယ်။ ကံကောင်းသူတွေမှာ ကလေးမွေးပြီး အလုံးအရွယ်အစား သေးလာတယ်။ ကံကောင်းကြပါစေ။

1. Fibroids Cure without losing Uterus သားအိမ်မဆုံးဘဲ အလုံးပျောက်စေနည်း
2. Myoma Treatment သားအိမ်အလုံးကုသနည်းများ http://doctortintswe.blogspot.com/2015/05/myoma-treatment.html
3. Submucous fibroids သားအိမ် အတွင်းလွှာကအလုံး http://doctortintswe.blogspot.com/2015/03/submucous-fibroids.html
4. Uterine Fibroid (1) သားအိမ်အလုံး (၁) http://doctortintswe.blogspot.com/2014/11/uterine-fibroid.html
5. Uterine Fibroid (2) သားအိမ်အလုံး (၂) http://doctortintswe.blogspot.com/2014/11/uterine-fibroid-2_20.html
6. Uterine Fibroid Treatments သားအိမ်အကျိတ်ကုသနည်း အမျိုးမျိုး http://doctortintswe.blogspot.com/2014/11/uterine-fibroid-treatments.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး