တူသည်တချို့ မတူသည်တချို့

ကနေ့မနက်ပိုင်းမှာ လင့်ကို ပို့ပေးကြတာ ၂ ယောက်ရှိပြီ။ ကျေးဇူး။ ကျွန်တော်လည်း အဲဒီသတ်ပုံတွေအကြောင်း တင်ပြထားပြီးပြီ။ ဖြည့်စွက် ပြင်ဆင်လိုက်တဲ့ သတ်ပုံသတ်ညွှန်းများ ကိုသိမ်းမြတ် ဘီဘီစီ အလင်္ကာပုလဲပန်း။


(စ) ဗမာစာ၊ ဗမာစကားအကြောင်း ဆွေးနွေးတင်ပြရေးသားနေတဲ့ အလင်္ကာပုလဲပန်း ဆောင်းပါးထဲမှာ ဒီတခါတော့ ထူးခြားတဲ့ အပြောင်းအလဲလေးတွေ အကြောင်းရေးပါမယ်။ အလင်္ကာပုလဲပန်းဆောင်းပါးတွေလဲ အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် နည်းနည်း အဆက်ပြတ်သွားတာကို ခွင့်လွှတ်ကြပါအုံး။


ကမ္ဘာမှာ အလွန်ဆိုးဝါးတဲ့ ကပ်ရောဂါကြီး ကျရောက်နေတာကို အားလုံးလဲ အသိပါ။ ဗမာပြည်မှာလဲ ဒီရောဂါ ရှိနေပြီဆိုတော့ ဗမာပြည်သူပြည်သားတွေလဲ သတိဝီရိယရှိကြပါဗျာ။ ကပ်ရောဂါဆိုလို့လဲ သိပ်မလန့်ကြပါနဲ့အုံး။ ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်ဆိုသလိုပါပဲ၊ ဉာဏ်အမြော်အမြင်နဲ့ ဆင်ဆင်ခြင်ခြင် နေထိုင်ကြမယ်ဆိုရင် တော်တော်ထိထိရောက်ရောက်ကာကွယ်နိုင်တဲ့ ရောဂါမျိုးပါ။ လာမဲ့နှစ်ဆိုရင် ကာကွယ်ဆေးလဲ ပေါ်တော့မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။ ရောဂါကူးစက်မှာစိုးလို့ဆိုပြီး တယောက်တည်း အိပ်ရာထဲမှာ ခွေနေလို့လဲ မဖြစ်သေးပါဘူး။ လုပ်ရမဲ့အလုပ်ကိုတော့ ချင့်ချင့်ချိန်ချိန် လုပ်ရမှာပါ။ သွားရမဲ့နေရာကိုလဲ သတိထားသွားရမှာပါ။ စားရမဲ့အစားအသောက်ကိုလဲ ကျန်းမာရေးနဲ့ညီအောင် စားရမှာပါ။ အထူးသဖြင့်ကတော့ ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှားမှုဆိုတာ လုပ်ကိုလုပ်ရမဲ့ အလုပ်တခုပါ။


အထက်ကရေးခဲ့တဲ့ စာပိုဒ်တွေထဲမှာ ထူးခြားတာတွေကို သတိပြုမိကြပါသလား။ အရင်ကဆိုရင် မှားတယ်လို့ ဆိုကြမဲ့ သတ်ပုံရေးထုံးတော်တော်များများကို တွေ့ကြရမှာ။ အထက်မှာသုံးခဲ့တဲ့ အသုံးအနှုန်းတချို့ကို ပြန်ကောက်နုတ် ပြရရင်တော့ဒီလိုပါ။


“အလင်္ကာပုလဲပန်းဆောင်းပါးတွေလဲ”၊ “အားလုံးလဲအသိပါ”၊ “ဗမာပြည်မှာလဲ”၊ “ကပ်ရောဂါဆိုလို့လဲ”၊ “ကာကွယ်ဆေးလဲ” ၊ “အိပ်ရာထဲခွေနေလို့လဲ”၊ “အစားအသောက်ကိုလဲ”၊ ဆိုတဲ့အသုံးတွေကို သုံးခဲ့ပါတယ်။ အဲဒီမှာပါတဲ့ “လဲ” တွေ အားလုံးဟာ ထူးခြားပါတယ်။ “လဲ” အကြောင်းကို ခဏနေရင် ဆက်ပြောပါမယ်။ အခုနောက်တခုကိုကြည့်ပါအုံး။


နောက်တခုကတော့ အခုလေးမှာတွင်ပြောလိုက်တဲ့ “နောက်တခုကိုကြည့်ပါအုံးနဲ့”၊ အထက်မှာရေးခဲ့တဲ့ “ခွင့်လွှတ်ကြပါအုံး”၊ “သိပ်မလန့်ကြပါနဲ့အုံး” တို့ပါ။ အဲဒီမှာပါတဲ့ “အုံး” ကလဲထူးခြားပါတယ်။


နောက်ထပ်ထူးခြားတာက “လာမဲ့နှစ်”၊ “လုပ်ရမဲ့အလုပ်”၊ “သွားရမဲ့နေရာ”၊ “စားရမဲ့အစားအသောက်”၊ “လုပ်ကိုလုပ်ရမဲ့” အလုပ် ဆိုတာတွေပါ။ အဲဒီမှာပါတဲ့ “မဲ့” ကလဲထူးခြားပါတယ်။


လည်းနဲ့လဲ

အရင်က သတ်ပုံကျမ်းဟောင်းထဲမှာ သူလည်း၊ ငါလည်း၊ ဗမာပြည်လည်း၊ ကာကွယ်ဆေးလည်း စသဖြင့် လကိုညသတ်ပြီး လည်းတဲ့ သတ်ပုံရေးထုံးကသာ တခုတည်းသောအမှန်အဖြစ်ပြဋ္ဌာန်းထားပါတယ်။ ၈ လေးလုံးကာလတုန်းက ခွပ်ဒေါင်းဂျာနယ်ထဲမှာ လူထုဒေါ်အမာရေးတဲ့ ဆောင်းပါးတပုဒ်ပါခဲ့ဖူးပါတယ်။ ဆောင်းပါး နာမည်က “အမေလဲပါတယ် သားတို့” ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုကြီးမှာ လူငယ်တွေ ကျောင်းသားတွေချည်း မဟုတ်ပါဘူး၊ မင်းတို့နဲ့အတူ အမေပါ ပါဝင်နေပါတယ်လို့ ပြောတာပါ။ အဲဒီဆောင်းပါးကို ပုံနှိပ်ထုတ်ဝေပြီးလို့ လူထုဒေါ်အမာက ဖတ်ကြည့်တဲ့အခါ “အမေလဲ ပါတယ်သားတို့” ဆိုတဲ့ သတ်ပုံကိုကြည့်ပြီး မင်းတို့လုပ်တာ ငါကထိုင်နေရာကလဲကျသွားသလို ဖြစ်နေပြီလို့ ပြောဖူးပါတယ်။


အခုတော့ မြန်မာစာအဖွဲ့က ပညာရှင်ကြီးများက “လည်း” ကို မပစ်ပယ်သလို “လဲ” ကိုပါ လက်ခံလိုက်ပါပြီ။ သတ်ပုံကျမ်းကို ၂၀၁၉ ခုနှစ်တည်းဖြတ်မူအဖြစ် အသစ်ထုတ်ဝေလိုက်တဲ့ အထဲမှာ စာလုံးပေါင်း ၂၀၀ ကျော် ဖြည့်စွက်ပြဋ္ဌာန်းခဲ့ပါတယ်။ ဖြည့်စွက်တာဖြစ်သလို ပြင်ဆင်တာလို့လဲ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။ မှားလို့ ပြင်ထားတယ်ဆိုတဲ့ စာလုံးတလုံးမှ မပါပါဘူး။ ဒါပေမဲ့ တချို့ဖြည့်စွက်မှုတွေဟာ ပြင်ဆင်မှု သဘော အလိုလို သက်ရောက်သွားပါတယ်။ ဥပမာ အခု “လဲ” ဆိုတဲ့ စကားလုံးဖြည့်စွက်ချက်ပါ။ “လည်း” ကိုသုံးလို့လဲ ရတယ်၊ “လဲ” ကို သုံးလို့လဲ ရတယ် လို့အခုအသစ်ပြဋ္ဌာန်းသတ်မှတ်လိုက်ပါပြီ။ သတ်ပုံကျမ်းဖြစ်တဲ့အတွက် ဘယ်နေရာမှာ “လည်း” ကိုသုံးပါ၊ ဘယ်နေရာမှာ “လဲ” ကို သုံးပါလို့တော့ အကျယ်ရှင်းပြမထားပါဘူး။ သတ်ပုံကျမ်းပြုစုသူ ပြင်ဆင်ဖြည့်စွက်တည်းဖြတ်သူ မြန်မာစာပညာရှင်ကြီးတွေထဲက တယောက်ဖြစ်တဲ့ ဆရာကြီး ဦးထွန်းတင့်ကို ဘယ်နေရာမှာ “လည်း” ကိုသုံးပြီး ဘယ်နေရာမှာ “လဲ” ကိုသုံးရမလဲလို့ မေးကြည့်ပါတယ်။


“အရေးစကားပြေ အဖြစ် “၏၊ သည်၊ မည်” တို့နဲ့ ရေးတဲ့ စာတွေထဲမှာ လည်း ကိုသုံးပြီး အပြောစကားပြေ အဖြစ် “မယ်၊ တယ်၊ ရဲ့” တို့နဲ့ ရေးတဲ့စာတွေမှာ လဲ ကိုသုံးရမယ်” လို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။ ဒီတော့ အခု ရေးနေတဲ့ အပြောစကားပြေမှာ အရင်က “လည်း” သုံးနေတဲ့ အစား “လဲ” ကိုသုံးရတော့မှာ ဖြစ်တော့ ပြင်တယ်လို့ မဆိုပေမဲ့ ပြင်လိုက်သလိုလဲ အဓိပ္ပာယ်သက်ရောက်သွားပါတယ်။


မည့်၊ မယ့် နဲ့ မဲ့

“သွားမည့်၊ လာမည့်၊ လုပ်မည့်၊ ကိုင်မည့်၊ လာမည့်နှစ်” စတဲ့စကားလုံးတွေမှာ ပါတဲ့ “မည့်”ဟာ အရင်က သတ်ပုံရေးထုံး အမှန်ပါ။ ခက်တာက အရင်က သတ်ပုံကျမ်းထဲမှာ “မည့်”ဆိုတဲ့ စကားလုံးကို ထည့်သွင်းပြီး မပြဋ္ဌာန်းထားပါဘူး။ အဲဒါကြောင့် တော်တော်များများက အမှန်ကို မသိဘဲ ကြုံသလို ရေးကြပါတယ်။ တချို့က အမှန်ကို သိပေမဲ့ ကြိုက်သလိုရေးကြပါတယ်။ စာစကားပြေနဲ့ ရေးတဲ့ အခါမှာတော့ အားလုံးလိုလိုက “မည့်”ကိုပဲ သုံးပါတယ်။ အပြောစကားပြေမှာလည်း “မည့်”ကိုပဲ သုံးရမယ်လို့ ဆရာကြီး ဦးထွန်းတင့်နဲ့ မြန်မာစာပညာရှင်များက ဆိုကြပါတယ်။ “ငါ့မှာ လုပ်ရမည့် ကိစ္စတွေ ရှိနေသေးတယ်” လို့ ပြောမယ်ဆိုရင် အရင်က သတ်ပုံရေးထုံးအရ “လုပ်ရမည့်” လို့သာ ရေးမှ အမှန်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲသလိုမရေးကြသလောက်ပါပဲ။ “လုပ်ရမယ့်” သို့မဟုတ် “လုပ်ရမဲ့” လို့သာရေးကြသူတွေက အများစုပါ။ အခုတော့ မြန်မာစာအဖွဲ့ရဲ့ အသစ်ဖြည့်စွက်ပြဋ္ဌာန်းချက်ထဲမှာ “မဲ့” ပါလာပါပြီ။ “ငါ့မှာ လုပ်ရမဲ့ ကိစ္စတွေ ရှိနေသေးတယ်” လို့ ရေးမှသာ ပြဋ္ဌာန်းသတ်ပုံနဲ့ ကိုက်ညီမှာ ဖြစ်ပါတယ်။ ဆရာကြီး ဦးထွန်းတင့်ကတော့ မှန်တယ် မှားတယ်လို့ သူမဆို၊ ပြဋ္ဌာန်းသတ်ပုံနဲ့ ကိုက်ညီမှုရှိမရှိကိုသာ သူဆိုလိုတယ်လို့ သတိထားပြောဆိုပါတယ်။


ဥပမာ “လုပ်ရမည်” ဆိုတဲ့စကားကို အားပြုပြောဆိုပြီး နာမဝိသေသနအဖြစ်သုံးတဲ့အခါ “လုပ်ရမည့်” ဆိုပြီး အောက်မြစ် ထည့်ပြောပါတယ်။ “လုပ်ရမယ်” လို့ ပြောတဲ့စကားကို အလေးအနက်အားပြုပြောဆိုပြီး နာမဝိသေသန အဖြစ်သုံးတဲ့ အခါ “လုပ်ရမယ်”ကို အောက်မြစ်ထည့်ပြီး “လုပ်ရမယ့်”လို့ သုံးမယ်ဆိုပါတော့။ ဝေါဟာရရင်းမြစ်နဲ့ ရေးထုံးပြောင်းလဲ ရွေ့လျားတတ်တဲ့ အစဉ်အလာကိုထောက်ထားပြောမယ်ဆိုရင် လုံးဝမှားတယ်လို့ ပြောဖို့ရာ ခဲယဉ်းပါလိမ့်မယ်။ ဒါပေမဲ့ ပြဋ္ဌာန်းသတ်ပုံနဲ့ မကိုက်ညီဘူးလို့တော့ မုချပြောနိုင်မှာဖြစ်ပါတယ်။ မြန်မာစာအဖွဲ့ကတော့ “တယ်” ကိုအောက်မြစ် ထည့်တဲ့ နာမဝိသေသနကို “တဲ့” လို့သုံးသလို၊ “မယ်”ကို အောက်မြစ်ထည့်တဲ့ နာမဝိသေသနကို “မဲ့” လို့သုံးဖို့ ပြဋ္ဌာန်းလိုက်ပါပြီ။ ဒီတော့ မြန်မာစာရေးထုံးမှာ “မယ့်”ဆိုတဲ့ အသုံးဟာ တနေရာမှာသာရှိပါတော့မယ်။ အမျိုးသမီးကို ကိုယ်စားပြုတဲ့ “မယ်၏”၊ “မယ်ရဲ့” ကိုအတိုရေးတဲ့ “မယ့်” တလုံးပဲ ရှိပါတော့မယ်။


ဦးနဲ့ အုံး

နောက်တမျိုးကတော့ “လာပါဦး၊ စားပါဦး၊ သွားပါဦး” ကိုအရင်ကရေးတဲ့အခါမှာ အက္ခရာ “ဦး” နဲ့ ရေးဖို့ကိုသာ ပြဋ္ဌာန်းထားပါတယ်။ အခုတော့ “လာပါအုံး၊ စားပါအုံး၊ သွားပါအုံး” လို့ အပြောစကားပြေမှာ သုံးနိုင်တယ်လို့ ခွင့်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။ စောစောကနမူနာတွေလိုပါပဲ။ သတ်ပုံကျမ်းမှာတော့ ဘယ်နေရာ “ဦး” သုံးပါ ဘယ်နေရာ “အုံး” သုံးပါလို့ အကျယ်ရှင်းမပြပါဘူး။ ဒါပေမဲ့ “ဦး” ကို အရေးစကားပြေမှာ သုံးပြီး “အုံး” ကို အပြောစကားပြေမှာ သုံးဖို့ ရည်ရွယ်ပြဋ္ဌာန်းတာလို့ ဆရာကြီး ဦးထွန်းတင့်က ရှင်းပြပါတယ်။


အဲသလို ခွဲခြား မသုံးဘဲ၊ သတ်ပုံကျမ်းကတော့ “လည်း” ကိုရော “လဲ” ကိုရော အမှန်သတ်မှတ်လိုက်ပြီဆိုပြီး အထက်က စာကြောင်းမှာ “လည်း” နဲ့သုံးပြီး အောက်ကစာကြောင်းမှာ “လဲ” နဲ့ သုံးမယ်ဆိုရင်တော့ တော်တော် ရုပ်ဆိုးမှာပါ။ အလားတူပဲ၊ နှစ်ခုစလုံးမှန်တယ်လို့ သတ်ပုံကျမ်းက ပြဋ္ဌာန်းလိုက်ပြီဆိုပြီး အပေါ်စာကြောင်းမှာ “ဦး” ကိုသုံးပြီး အောက်စာကြောင်းမှာ “အုံး” ကို သုံးရင်လဲ ကြည့်ကောင်းမှာမဟုတ်ပါဘူး။


နောက်ထပ် အလားတူပြောင်းလဲတာတွေကတော့ “အရင်တုန်းက”ဆိုတဲ့ စကားလုံးကို မူလသတ်ပုံရေးထုံးဟောင်းအရ “အလျင်တုန်းက” လို့ ရေးမှအမှန်ပါ။ ဒါပေမဲ့ “အရင်တုန်းက” လို့ ရေးတဲ့သူကများပါတယ်။ အခု “အရင်တုန်းက” ကိုလဲ သုံးနိုင်တယ်လို့ သတ်ပုံကျမ်းက ထပ်ဖြည့်ခွင့်ပြုလိုက်ပါပြီ။ “လာမယ်ဆိုလျင် ဖုန်းဆက်လိုက်ပါ” လို့ရေးမှ အရင်က ရေးထုံးအရ အမှန်ဖြစ်ပေမဲ့ “လာမယ်ဆိုရင် ဖုန်းဆက်လိုက်ပါ” လို့ အခုရေးနိုင်ပါပြီ။ “လျင်”အစား”ရင်”ကို အပြောစကားပြေမှာ သုံးခွင့်ပြုလိုက်ပါပြီ။


ဝေါဟာရ ရင်းမြစ်ကို လိုက်ရင် “လည်း၊ မည့်၊ ဦး၊ လျင်” တို့ကအမှန်ဖြစ်ပါလျက်နဲ့ ဘာလို့များ “လဲ၊ မဲ့၊ အုံး၊ ရင်” တို့ကို ခွင့်ပြုပြဋ္ဌာန်းလိုက်သလဲဆိုတော့ လူအများအသုံးတွင်ကျယ်လွန်းလို့ ခွင့်ပြုပြဋ္ဌာန်းလိုက်တာလို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။


လျက်နဲ့ ရက်

အသုံးတွင်ကျယ်လွန်းလို့ ခွင့်ပြုပြဋ္ဌာန်းပေးတယ်ဆိုရင် “လျက်”ကိုရော “ရက်” သုံးခွင့် မပြုသင့်ဘူးလားလို့ ဆရာကြီး ဦးထွန်းတင့်ကိုမေးကြည့်ပါတယ်။ ဂျူးရဲ့နာမည်ကြီး ဝတ္ထုတပုဒ်ကို “ဆုံနေရက်နဲ့ လွမ်းလေခြင်း”လို့ နာမည်ပေးထားပါတယ်။ သတ်ပုံပြဋ္ဌာန်းချက်နဲ့ မကိုက်ညီပါဘူး။ သတ်ပုံပြဋ္ဌာန်းချက်အရဆိုရင် “ဆုံနေလျက်နဲ့ လွမ်းလေခြင်း”လို့သာ ရေးရမှာပါ။ ဒါပေမဲ့ အဲဒီစကားလုံးကို “ရက်” လို့သာသုံးချင်သူတွေ အလွန်များပါတယ်။ “ငါပြောရက်သားနဲ့ မင်းလုပ်တယ်ကွာ”လို့ ရေးလေ့ရှိပါတယ်။ “ငါပြောလျက်သားနဲ့ မင်းလုပ်တယ်ကွာ”လို့ ရေးချင်သူ နည်းပါတယ်။ “မြင်လျက်သားနဲ့ မမြင်ချင်ယောင်ဆောင်တယ်”လို့ ရေးမဲ့အစား “မြင်ရက်သားနဲ့ မမြင်ချင်ယောင် ဆောင်တယ်”လို့ ရေးချင်သူကများပါတယ်။ “ရက်” အသုံးသိပ်တွင်ကျယ်ပါတယ်။


ဒါနဲ့ပတ်သက်ပြီး ဆရာကြီးဦးထွန်းတင့်က


“ကောင်းတာပေါ့။ ခွင့်ပြုဖို့ကောင်းတာပေါ့။ တော်တော်တွင်ကျယ်ပါတယ်။ ရကောက်နဲ့ ခွင့်ပြုဖို့ကောင်းတာပေါ့။ ခွင့်ပြုလို့ ရပါတယ်။ ဒါလည်း ကျွန်တော်တို့ ပြန်စဉ်းစားတဲ့အခါ ထည့်စဉ်းစားတာပေါ့ဗျာ။ တချို့ မစဉ်းစားမိဘဲ ကျန်သွားတာလဲ ရှိတာပေါ့။ “လျက်”ကို “ရက်”လို့များ ထပ်ဖြည့်လိုက်ရင် မကောင်းဘူးလားတို့ ဘာတို့ ကျွန်တော်တို့ မစဉ်းစားမိဘဲ ကျန်သွားတာပေါ့။ စဉ်းစားမိရင်တော့ ကျွန်တော်ထင်တယ်။ အားလုံးက လက်ခံနိုင်မယ်လို့ ကျွန်တော်ထင်တာပဲ။” လို့ဆိုပါတယ်။


လက်ရှိသတ်ပုံကျမ်းရဲ့ ပြဋ္ဌာန်းသတ်ပုံကတော့ “ရက်”ကို ခွင့်မပြု၊ “လျက်”ကိုသာ ခွင့်ပြုထားဆဲဖြစ်ပါတယ်။ (ဆုံး)


ကျွန်တော် မြန်မာစာအဖွဲ့က ပညာရှင်ကြီးများနဲ့ တချို့အရေးအသားတွေမှာ သဘောမတူပါ။ ဒါပေမဲ့ အာဏာက သူတို့ လက်ထဲမှာသာရှိတာ။ ကျွန်တော်တင်ပြတာကို လိုက်နာခြင်း မပြုကြစေလိုပါ။ ၂၀၀၈ ဖွဲစည်းပုံနဲ့ ဥပဒေအသစ်တွေ အထက်မှာ မြန်မာစာအဖွဲ့က ပညာရှင်ကြီးတွေ ရှိကြတယ်။ ကန်တော့။ ဆောရီး။


လဲ နှင့် လည်း https://doctortintswe.blogspot.com/2016/11/blog-post_53.html

ဒါပေမဲ့ သို့ပေမဲ့ https://doctortintswe.blogspot.com/2019/04/blog-post_88.html

မဲ့ မယ့် ဒါပေမဲ့ သို့ပေမဲ့ https://doctortintswe.blogspot.com/2017/09/blog-post_11.html

လျက် နဲ့ လျှက် https://doctortintswe.blogspot.com/2017/01/blog-post_94.html

အုံး - အုန်း - ဦး https://doctortintswe.blogspot.com/2016/10/blog-post_75.html


ဒီတခါတော့၊ အလုပ်တခုပါ၊ တလုံးပဲ၊နောက်တမျိုးကတော့ စာလုံးတွေရေးတာမှာ ကျွန်တော်နဲ့ တူညီတယ်။ ကွန်ဂရက်ကျူလေးရှင်း။


ဒေါက်တာတင့်ဆွေ

၁၉-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ