မောင့်ရဲ့ ပန်းပြားရွှေကြူရေ

မေတ္တာစေကျွန် သစ္စာဝန်ထမ်း စခန်းအဆင့်ဆင့် ကမ္ဘာကုန်စေ ဆောင်းနွေမိုးစက် နေ့ရက်တာရှည် ပျောက်သောသူကြာလေးမမေ့ပေ တယောက်သောသူ ခင့်ကိုသာရှာဖွေ


ဘယ်ဆီရှောင်ရှားနေ မောင့်ရဲ့ ပန်းပြားရွှေကြူရေ လေယူတိမ်းယိမ်းလဲ့ မြစိမ်းပင်တိုင်နန်းက မုသားဧကရီ မောင့်အရှင်သခင်မရေ


ရွှေငွေရောင်လွှမ်းနေ မောင့်ရဲ့အသည်းဗျာပါဗွေ ရှောင်ဖယ်တိမ်းစိမ်းရက်ပေ လှည့်စားချက်သုံးစကားကို ယုံစားကာလေ မဆုံးနိုင် သံသရာရှည်


ရေမြေဆုံးလို့ တောတောင်အနှံ့ဖွေ အားကငယ်ပေ မုန်းနိုင်ပါစေလေ သိလျက်နဲ့ အချစ်ဝိဘတ်လို့များ ဆိုကြပါစေ ကြယ်ကြွေရာလည်ကာကောက်သလို ပျောက်သောသူခင့်ကိုသာရှာဖွေ


ဒကာကြီးရေ ဒီသီချင်းနားထောင်မိတိုင်း ဒီစကားလုံးကို ရှာမယ် ရှာမယ်လို့ စိတ်ထဲကကြံမိသော်လည်း စာအုပ်ထဲတခါမှ မရှာဖြစ်ခဲ့ပါ၊ အခု ဒကာကြီးစာတွေ့မှ ရှာဖြစ်ပါတော့သည်၊ ငယ်စဉ် အရပ်ထဲပြောစကားကြားဘူးတာကတော့ ပဲ့ပြားပင်လို တောင်လေလာ မြောက်ဖက်ယိမ်း၊ မြောက်လေလာ တောင်ဖက်ယိမ်း မလုပ်ပါနဲ့လို့ ပြောတာကြားဖူးပါတယ်၊ စာအုပ်ထဲ ရှာတွေ့တော့ နှစ်မျိုးဖြစ်နေတယ်၊ ဦးဟုတ်စိန် မြန်မာအင်္ဂလိပ်ပါဠိအဘိဓာန်က ပဲ့ပြားလို့သုံးပြီး၊ မြန်မာအဘိဓာန် အကျဉ်းချုပ်မှာတော့ ပန်းပြားပင်လို့ တည်ပုဒ်တွေ့ရပါတယ်။ သီချင်းအသံမှာတော့ ဗဗျားလို့ကြားရပါတယ်၊ ရွှေကြူဆိုတာကတော့ ကျူပင်လို ဂနာမငြိမ် တောင်ယိမ်းမြောက်ယိုင် တင်စားတာ ဖြစ်မယ် ထင်ပါတယ်။


ပန်းပြားပင်

၁။ ရေထဲတွင် ပေါက်လေ့ရှိပြီး လေတိုက်ရာယိမ်းနွဲ့သော မြင်ရှည်တမျိုး။

၂။ တဘက်ဘက်သို့ လွယ်ကူစွာယိမ်းပါတတ်သူ။


ရာဇသင်္ကြန်အမတ်ကြီး နှင့် ပန်းပြားပင် ရာဇဝင်

နရသီဟပတေ့က တောင်းပန်လို့ သီဟသူကို ထီးနန်းက ဖယ်ရှားကူညီပြီး မင်းဖြစ်စေခဲ့သူ။ နရသီဟပတေ့က ကျေးဇူး မသိတတ်သူ။ 


တခြားအမတ်တွေကမေးတော့ ပန်းပွတ်သည်သားမြေးတို့ ကောင်းစား၍ ပန်းပွတ်မည့်သူ မရှိလို့ ကလပ်ပဲ့နဲ့ ကွမ်းစားရတယ်လို့ ရာဇသင်္ကြန်ကဖြေတယ်။


နရသီဟပတေ့ကလည်း ဘုရားထီးအထက်သို့ ရောက်သော် ငြမ်းကိုဖျက်ရသည်မဟုတ်လောလို့ဆိုပြီး ရာဇသင်္ကြန်ကို ဒလပို့်လိုက်တယ်။


မစ္ဆဂီရိနဲ့ မုတ္တမတို့က ပုန်ကန်ခြားနားတော့ မိဖုရားစောက လျှောက်တင်လို့ ရာဇသင်္ကြန်ကို ပြန်ခေါ်ပြန်ရတယ်။


လမ်းမှာ မိုးသက်လေပြင်းကျတယ်။ ရာဇသင်္ကြန်က မြစ်ကမ်းပေါ်မှာ လေပြင်းတိုက်လို့ သစ်ပင်ကြီးတွေ ကျိုးပဲ့လဲကျကြပြီး ပန်းပြားပင်တွေကတော့ ပြားပြားဝပ်ကာ အလိုက်သင့်နေတတ်ကြလို့ မပျက်စီးကြတာကိုကြည့်ပြီး ဆင်ခြင်မိတယ်။


သြော် ငါကား ပန်းပြားပင်ကဲ့သို့ မကျင့်ခဲ့မိ၊ သစ်ကြီးဝါးကြီးများနှယ် ကျင့်ခဲ့မိသည်တကား တဲ့။


ဒေါက်တာတင့်ဆွေ

၁၄-၉-၂၀၂၀


Comments