Empire အရပ်ဇာတ်


အင်ပိုင်ရာနဲ့ အင်ပါယာ ဘယ်ဟာအမှန်ခွဲခြားပေးပါဦးခင်ဗျ။ ကျွန်တော်ကတော့ အင်ပါယာလို့ပဲသိပါတယ်။ အတိုင်ပင်ခံနဲ့ကျွန်တော် ဘယ်သူ ပိုတော်လည်းသိရတာပေါ့လို့ မေးတယ်။ 


ကျွန်တော်က အမ်ပါယာ။ https://www.youtube.com/watch?v=meTu989ga-w 


တခြားဘာသာစကားလုံးတွေ ယူသုံးတိုင်း မြန်မာစာလုံးနဲ့က အတိအကျ ရခဲတယ်။ အင်္ဂလိပ်စာလုံး ဗြိတိသျှသံနဲ့ အမေရိကန်သံ တချို့စာလုံးတွေ မတူပါ။ 


ပြင်သစ်ဆိုရင် မှားတာပိုမှားသေး။ ပဲရစ်၊ ပါရီ၊ ပါရစ်။ ဖရင့်စ် ကို ပြင်သစ်လို့ အစဉ်အဆက်ရေးလာတာကို ပြင်ဖို့ ခက်မယ်။ 


စပိန်လည်း မှားကြတယ်။ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ပိုး Dengue ကို ဒန်ဂူးလို့ ထွက်ရင် မမှန်။ ဒန်ဂေး။ 


အာထွာဆောင်းကို အာထွာစောင်းလို့ မရးရပါ။ စူပါ မှား၊ ဆူပါလို့ ရေးရတယ် ပြောတာကို လက်ခံသူရှားတယ်။ အခုထိ နှုတ်ခမ်းစူကြတုန်း။ 


ဘာသာခြားစာလုံးတွေကို မြန်မာပြန်ရာမှာပါ အဆင့်တွေနဲ့ရေးလာခဲ့ကြတယ်။ အင်္ဂလိပ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ အစ္စရေး၊ ဣသရေလ၊ စသည်။ အဲတာတွေကို အဆင့်မပါဘဲရေးလည်း သတ်ပုံပျက်စရာမရှိပါ။


စွယ်စုံကျမ်းထဲပါ စာလုံးတချို့ကိုလည်း ပြောင်းရေးလာကြတယ်။ ဂျူးလယပ်ဆီဇာ၊ ဆအူးဒီအာရေဗျ၊ ဆိုက်ဗီးရီးယား၊ ယန်ဆီမြစ်၊ ရှီကာဂိုး၊ ဗဲလဂျီယမ်၊ ကွန်မျူနစ်၊ ပြောင်းလာတာတွေက ပိုနီးစပ်တယ်။ ကွန်မျူနစ်နဲ့ ကွန်မြူနစ်၊ ကွန်ပြူတာနဲ့ ကွန်ပျူတာ အသံထွက်တူတယ်။ တူရကီကို တာရ်ကီ၊ ပေါ်တူကီကို ပေါ်တူဂယ်လ်ကပိုသင့်တယ်။ အမေရိကန်၊ အမေရိက၊ အမေရိကား၊ အင်္ဂလန်၊ အင်္ဂလိပ်၊ ဗြိတိန်၊ ဗြီတိသျှ၊ ဘရစ်တိန်၊ ဘရစ်တစ်ရှ်၊ စတာတွေမှာ နာမ်နဲ့ နာမဝိသေသန မမှားသင့်။ 


ဒေါ်နယ်ထရမ့်ကို ဒေါ်နာထရန့်လို့ရေးရင် မှားတယ်။ အိုဘားမားကို အိုဗားမားလို့ရေးတာကို မှားတယ် ပြောမရ။ ဒါပေမဲ့ အမေရိကန်တွေက ဘာရက်ကိုဘားမားလို့ အသံထွက်ကြတယ်။


အင်္ဂလိပ်လို့ ရေးနေကြပေမဲ့ ယုဒသန်အဘိဓာန်မှာ အင်္ဂလိက်လို့ရေးတယ်။ အင်္ဂလိတ် မြမ္မာ အဘိဓာန်စာအုပ် ၁၈၇၇ မှာ ထုတ်တယ်။ အဲဒီအဘိဓာန်အဆိုအရ

July = အင်္ဂလိပ်နှစ်တွင် သတ္တမလတည်းဟူသော ဇုလိဟု ရွေ့လျော၍ ခေါ်ဝေါ်သော ယုတိလ။

June = အင်္ဂလိပ်နှစ်တွင် ဆဌမလတည်းဟူသော ဇွန်လ။

Judson ဂျတ်ဆင်ကို ယုဒဿန်လို့ ရေးကြပြန်တယ်။ မသင့်ပါ။

ဂျွန်လလို့ရေးပြန်ရင် လူနာမည်နဲ့ တူသွားမယ်။ 


တခြားဘာသာစကားတွေကနေ ယူသုံးတဲ့စကားလုံး အသံထွက်တွေမှာလည်း စည်းရှိတယ်။ မြူစွမ်ကို မနဲ့ရေးရပြီး မသံနဲ့သာ ထွက်ရတယ်။ ကင်ဆာကို ကင်စာလို့ မရေးရ။ စသံ မထွက်ရ။ တီဘီ နဲ့ တီဗွီ မတူပါ။ ဆယ်လီဘရစ်တီကို စယ်လီလို့ မရေးရ။ မထွက်ရ။ ဆယ်လီက နီးစပ်တယ်။ ဆူပါကို စူပါလို့ မရေးရ။ မထွက်ရ။


စာဖတ်သူတွေ၊ နားထောင်သူတွေ နားယဉ် မျက်စိယဉ်နေတာကို ပိုမှန်လောက်တာ ရေးလို့ အသံထွက်လို့ အရယ်ခံရတတ်တယ်။ ကိုယ့်အရပ်နဲ့ ကိုယ်ဇာတ် ဆက်ကနေကြတယ်။


ဒေါက်တာတင့်ဆွေ

၎-၉-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး