ပိုက်ဆံပေါ်က အမှားများ
ဆရာ မင်္ဂလာပါ။ ထဆင်ထူးကို မောက်ချနဲ့သုံးတာ အခု မတွေ့ရတော့သလိုပဲ ဆရာ။ ဝိုက်ချနဲ့ သုံးတာပဲ တွေ့ရ များသလိုပဲဗျာ။
မဆလ ခေတ်ထုတ် ပိုက်ဆံတွေ အတော်မှားတယ်။ တတွေကို စသတ်တာအပြင် ပြည်ထောင်စုအစား ပြည်ထေါင်စုလို့ ရေးတယ်။ မှားတာတော့ မဟုတ်။ မသင့်ပါ။ ၇၅ ကို ခုနှစ်ဆယ့်ငါး မှားတယ်။ ခုနစ်ဆယ့်ငါးလို့ ရေးမယ်။ နှစ်ဆဲ့ငါးနဲ့ ခုနစ်ဆဲ့ငါးလည်း မမှားပါ။
ရေးချ ခေါ် မောက်ချ နဲ့ ဝိုက်ချ နှစ်မျိုးစာ မကြာခဏတင်ထားတယ်။ ဖေါ်မြူလာလိုတော့ မသုံးနိုင်ပါ။ ဝဆွဲပါရင် ၂ မျိုး သုံးနိုင်တယ်။ ဓါလို့ ရေးနိုင်တာ များတယ်။
ခ င ဂ ဒ ပ ဝ ဆိုတဲ့ ၆ လုံးကို (ါ) သုံးရမယ်လို့ ခုခေတ်မှာ သင်တယ်လို့ တဆင့်သိရတယ်။ ကျွန်တော်က အဲဒီထုံးအတိုင်း မလိုက်တဲ့အခါ ထောက်ပြကြတာ ဆယ်ခါလောက်တော့ရှိပြီ။ ကျွန်တော်တို့ မြန်မာစာသင်တော့ အဲလို မသင်ခဲ့ပါ။
ဆယ်တန်းရောက်တော့ ဓါတုဗေဒသင်ရတယ်။ ရွှေမော်ဓေါဘုရား၊ ဓါတုကလျာလို့လည်း ရေးကြတယ်။
လှသမိန်ရေးတဲ့ ဘန်းစကားစာအုပ်မှာ ဓါးစာခံသည်၊ ဓါးစောက်ကမ်းနဲ့ ဖေါ်လံဖါးသည်လို့ ရေးထားတယ်။
ကဝိဓဇသတ်ပုံကျမ်းမှာ ဖေါက်ကားရောင်းဝယ်ရေး၊ ဖေါက်ခွဲသည်၊ ဖေါက်ချည်သည်၊ ဖေါက်ဖေါက်ပြန်ပြန်၊ ဖေါက်ထွင်းသည်၊ ဖေါက်၍ပေးသည်၊ ပေါက်အောင်ဖေါက်၊ ထွင်းဖေါက်သည်၊ ရက်ကန်းရက်ဖေါက်၊ အလယ်ကောင်ဖေါက်၊ သွေးဖေါက်၊ မဖေါက်မပြန်၊ ဖေါက်သည်ဈေးနှုန်း၊
ဖေါင်တော်ဦးဘုရား၊ ဖေါင်ကြိုး၊ ဖေါင်ဆိုက်ကြိုး၊ ဖေါင်လားကြိုး၊ ဖေါင်ဖေါင်မြည်၊ ဖေါင်ဖေါင်ကိုက်ဝါး၊ ကျူရိုးဖေါင်၊ သစ်ဖေါင်၊ ရေဖေါင်ဖေါင်၊ လှေဖေါင်၊ ဖေါင်သမား၊ ဖေါင်ထိုး၊ ဖေါင်လိုက်၊ သစ်ဖေါင်ချ၊ ဖေါင်မဂ္ဂင်၊ စကားဖေါင်ဖေါင်ပြော၊
ဖေါင်းကန် = ဖျဉ်းအိုး၊ ဖေါင်းအိုး၊ ဖေါင်းကား = ကြက်တူရွေး၊ ဖေါင်းကြွသည်၊ ဖေါင်းပွသည်၊ ဖေါင်းကားရွာ၊ ဖေါင်းဝတ်ဖြူ၊ ဖေါင်းမဲ၊ ဖေါင်းဝတ်ခြောက်၊ ဖေါင်းပွင့်၊ ဖေါင်းရစ်၊ အမြှုပ်ဖေါင်း၊ ဖေါင်းလုံး၊ ဖေါင်းကားမင်း၊ ဖေါင်းလန်အောင်ဝသည်၊ ဖေါင်းအောင်မှုတ်၊ နွားလည်ဆွဲဖေါင်း၊
ခ င ဂ ဒ ပ ဝ ၆ လုံးကိုတော့ (ာ) နဲ့မရေးသင့်တာ မှန်ပြီး၊ ကျန်တာတွေမှာ တရားသေပြောတာ မသင့်လို့ ယူဆပါတယ်။
ဓာရေးရေး၊ ဓါရေးရေး မမှားပါ။ မြန်မာစာမှာ အဓိပ္ပါယ်မလွဲစေတဲ့ မူကွဲသတ်ပုံရှိတယ်။ စစ်မိန့်ပေးသလို လုပ်တာ မသင့်မှန်ပါ။ ရွှေမော်ဓေါ၊ ရွှေမော်ဓောအပြင် ရွှေမှော်တောလို့လည်းရှိတယ်။
ခွါရေးရေး၊ ခွာရေးရေး ခြေထောက်မှာသာပါတယ်။
ဒေါက်တာတင့်ဆွေ
၁-၉-၂၀၂၀


Comments
Post a Comment