အနာဂတ်မှန်အောင်

မမွေးသေးတဲ့ ကလေးတွေရဲ့ ၂၀၅၀ အနာဂါတ်ကိုကြည့်ပါဆရာ

အနာဂတ်ကို မှားရေးတာတွေမကြာခဏ တွေ့တယ်။ သင့်အနာဂတ်အိမ် ဆိုတာကတခု။ အနာဂတ်အတွက် မဲပေးပါက တခု။ ဂါတ်လို့ မှားရေထားကြတယ်။ Guard ကို ဂါတ်လို့ ရေးတာရတယ်။ ဂါတ် ရဲစခန်း။

အနာဂတ်စာလုံးဟာ အနာဂတ ပါဠိကနေလာတယ်။ အနာဂတ = မလာရောက်သေးသော။ လာလတ္တံသော။

ကဗျာဆရာ့ အိပ်မက်

ငါပိုင်ဘဏ္ဍာ အိပ်မက်သာတည့်။

စိန်ရွှေရတနာ၊ မချမ်းသာလည်း
သြဇာအာဏာ၊ မချမ်းသာလည်း
ငါ့မှာချို့တဲ့၊ လက်မဲ့မဟုတ်
ငါ့မှာ
အနာဂတ်တွက်။ မျှော်လင့်ချက်ဟု
အိပ်မက်တလှေကြီးရှိသည်။

ငါ့အခန်းတွင်
အဆန်းတကြယ်၊ အိက်မက်ခြယ်၏။
အိပ်မက်မျိုးစုံ၊ လက်ပုံပုံ၍
မွှေးထုံချိုသင်း၊ ဈေးလိုခင်း၏။

မိုးမှောင်သောည၊ ငါဝေငှသည်
လှလှပပ၊ ရောင်ကြိုးကြွနှင့်
ဘဝအိပ်မက်၊ လူ့အိပ်မက်ဟု
စိတ်ကွက် မြကွက်ကလေးများ။

ငါ့အိပ်မက်ကို
နှစ်သက်မှသာ၊ ယူနိုင်ပါ၏။
အနာဂတ်ကို၊ ချစ်သူဆိုလျှင်
ယူလိုမည်မှာ၊ ငါသိပါ၏။

ငါ့မှာပိုင်သ၊ အိပ်မက်မျှကို
ဝေငှဆင့်လောင်း၊ ဆုမွန်တောင်းသည်
အိပ်မက်ကောင်းများ၊ မက်စေသား။ (တင်မိုး ၂၅-၃-၁၉၇၃)

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးစည်းရုံရေးဆိုင်းဘုတ်မှာလည်း အနာဂတ် သတ်ပုံမှားနေတယ်။

အနာဂတ်မှန်ရအောင် သတ်ပုံမမှန်တဲ့ပါတီတွေကိုရှောင်။

ဒေါက်တာတင့်ဆွေ
၎-၁၁-၂ဝ၁၅
၃၁-၈-၂၀၂၀

သတ်ပုံမှန်သော အနာဂတ်ဆီသို့

သတ်ပုံ အမှား နှင့် အမှန်ကို ဆရာ့ အနေဖြင့် အကြံပြုပေးပါဦး။ အနာဂတ်စီသို့ တဲ့။

မှားတယ်။ မမှန်ပါ။ အားတော့နာတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးမဲဆွယ်တဲ့ပုံတခုမှာ အနာဂါတ်လို့ ရေးထားတာကို ထောက်ပြခဲ့ပါတယ်။ အခုတခါ ဆီ နဲ့ စီ မှားနေပြန်တယ်။ အားတာ့နာတယ်။ ကြက်ဆူဆီမျိုးဆက်။

စီ
ကိုယ်စီကိုယ်ငှ အမျှရကြစေ။
စာစီစာကုံး ရေးပါ။
စီစဉ်သည်။
စီတန်းသည်။
စီမံသည်။
စီရင်ချက် ချမည်။
ညံညံစီစီ။
အစီအရီထားပါ။
ကြောင်ကလေးပူစီ။
အသဲရောင်စီသည် သွေးကတဆင့်ကူးစက်၏။

ဆီ
ငါ့ဆီယူခဲ့။
စားအုန်းဆီ ဈေးချို၏။
ဆီဆိုင်မြို့။
ဆီမီးခုံအရပ်။
ဆီဦးထောပတ်။
ဆီလျော်သည်။
ပဲဆီ ကြော်လို့ကောင်း၏။
ပဲပုပ်ဆီ အမျိုးသမီးတွေအတွက် ကောင်း၏။
ဘယ်ဆီအမျိုးအစားက ကျန်းမာရေးအတွက်ကောင်းသလဲ။
မဆီမဆိုင်မပြောနဲ့။
မဟာဆီ မဟာသွေး။
ရိုးတွင်းခြင်ဆီ။
သူ့ဆီမှာ စာအုပ်ကောင်းရှိတယ်။
ဟိုဆီကို သွားပါ။
ဟိုတောင်ဆီရယ်က ညိုတိုတိုရယ် မိုးဆိုထင့် ရွာတော့မယ်ဗျ
အုန်းဆီမွှေး ဆံပင်မှာလိမ်းပါ။
နေကြာဆီလည်း ကောင်း၏။
ဝေးရပ်ဆီက မေတ္တာပို့ပါတယ်။
နှမ်းဆီ ဆမ်းစားလို့ကောင်း၏။

ဒေါက်တာတင့်ဆွေ
၉-၉-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး