Fun in the mud ရွံ့အိုင်

မင်္ဂလာပါဆရာ။ မြန်မာစာ စကားစု အသုံး၊ ဘာသာပြန်အသုံးကို မေးချင်လို့ပါဆရာ။ ခုခေတ်မှာ သတင်းစာမှာရော၊ နိုင်ငံရေးသတင်းမှာပါ National စကားလုံးကို အမျိုးသားလို့ပဲ ဘာသာပြန်၊ အသုံးပြုကြတာတွေ့ရတယ်။ တချို့နေရာက နားလည်ပေးလို့ရပေမယ့် တချို့ နေရာက အတော်လေး လွဲတာကိုတွေ့ရတယ်။ ဥပမာ National Flag, National Security, National Museum, National Anthem, National Treasure စသဖြင့်။ ကျန်းမာရေးတောင် အမျိုးသားအဆင့် လို့ပဲ ရေးကြတယ်။ ဗမာစကားပြောရင်တော့ နိုင်ငံတော်သီချင်းလို့ ခေါ်ကြပေမယ့် National လို့ တွေ့ကြတာနဲ့ အမျိုးသားသီချင်းလို့အလိုလို ရေးလာကြတယ်။ NLD နာမည်တောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့လို့သုံးကြပေမယ့် Context အရကြည့်ရင် အမျိုးသားလို့သုံးတာလွဲနေတယ်။ National စကားလုံးတိုင်း အမျိုးသားလို့ အသုံးပြုကြတာက Noun နှင့် Adjective ကို ခွဲခြားမသုံးတတ်ကြတာလား။ ဒါမှမဟုတ် လူတချို့တွေရဲ့ ပညာရေးနယ်ပယ်ကိုခြယ်လှယ်ချင်လို့ အတင်း၊ အမိန့်တွေကြောင့်ပဲလား။ ဒါမှမဟုတ် ဘာသာပြန် (ပညာရေး) ညံ့တာကြောင့်ပဲဖြစ်မလား။ အရင်ကရော ဘယ်လိုသုံးကြပြီး ဘယ်လိုရေးကြပါသလဲ ဆို ဘာသာစကားနဲ့ ပတ်သက်တာကို မေးချင်လို့ပါ။ ကျေးဇူးတင်ပါတယ်။


နေရှင်နယ်လ် အင်္ဂလိပ်စာလုံးကို ဘာသာပြန်တာ အမျိုးမျိုးရှိနေတယ်။ အမျိုးသားရေးလှုပ်ရှားမှုခေတ်က စောတယ်။ အမျိုးသားကျောင်းဆိုတာ ကိုလိုနီဆန့်ကျင်ရေး။ တပြည်လုံးသဘော။ ကိုယ့်တိုင်းပြည် ကိုယ်လူမျိုးသဘောဖြစ်တယ်။


ယူအက်စ်အေလိုတိုင်းပြည်မှာ နေရှင်နယ်လ် အင်သမ် လို့တရားဝင်သုံးတယ်။ နိုင်ငံတော်သီချင်း။ တိုင်းပြည်နဲ့ဆိုင်တယ်။


အင်နယ်လ်ဒီ စာလုံးထဲက နေရှင်နယ်လ်က တတိုင်းတပြည်လုံးသဘောဖြစ်တယ်။ အော်လ်ဘားမား နဲ့ အလားတူတယ်။


အမျိုးသားလို့ မြန်မာလိုပြောကြတာမှာ မတူတာတွေရှိတယ်။ ကျား-မ ခွဲတာလိုလို ဆွဲယူတာကတော့ မမှန်ပါ။ ဗဟိုအဆင့်ကို အမျိုးသားအဆင့်လို့ ပြောနေကြတယ်။ ဗဟို နဲ့ ပြည်နယ်ခွဲခြားပြောရတဲ့အခါ အရင်က ပြည်နယ် ပြည်မ၊ ပြည်မ တောင်တန်းဒေသ စသည် သုံးခဲ့ကြတယ်။ ယူအက်စ်အေမှာ ဖက်ဒရယ်အဆင့်နဲ့ ပြည်နယ်အဆင့်လို့ခွဲတယ်။


နှစ်မကြာသေးခင်ကစပြီး နိုင်ငံတော်လို့ သုံးလာကြပြန်တယ်။ နိုင်ငံတော်ဆိုတာ နာမ်နဲ့ နာမဝိသသေန စာလုံးဖြစ်ပါတယ်။ နားလည်ရခက်တယ်။ စနစ်တကျ မသုံးတာကို သိပ်ဘဝင်မကျပါ။ 


စကားလုံးတွေကို နိုင်ငံရေးလုပ်တဲ့ခေတ်က ကြာလာပြီ။ စကားလုံးခန့်နေ လှနေ စွဲမက်စရာကောင်းနေတာကို တချို့က အဟုတ်မှတ်ကြတယ်။ ဂျမ်းဘုံနဲ့ မာဂရက် အတူတူပါပဲ။


မြန်မာဆိုတာလည်း နာမ်နဲ့ နာမဝိသသေန နှစ်မျိုး။ အဲဒါကို မြန်မာလိုရော အင်္ဂလိပ်လိုပါ ရောကောသောကော သုံးနေကြတယ်။ အရင်က ဘာမား နဲ့ ဘားမိစ်။ အခုတော့ မြန်မာ မြန်မာ မြန်မာတဲ့။ မမှန်ပါ၊ မှားတယ်။


ပြည်သူပြည်သား၊ ပြည်သူလူထု၊ လူထု၊ လုပ်သားပြည်သူ စကားလုံးတွေ ကြွယ်ကြတယ်။ တောင်သူလယ်သမား၊ ဦးကြီး၊ ဦးကြီးအဖေတဲ့ စကားလုံးတွေ ပိုကြွယ်လာတယ်။ ဗိုက်မှာတော့ အရင်ကလည်း ရွံ့၊ အခုလည်း ရွံ့။


ကျွန်တော်တို့ မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ ပညာရေး အတော်ကိုညံ့သေးတယ်။ မှန်တိုင်းလက်မခံချင်သူတွေများတာက ပိုဆိုးတယ်။ အများကြီး ကြိုးစားကြရမယ်။ ရွံ့အိုင်ထဲက တက်ကြပါ။


ဒေါက်တာတင့်ဆွေ

၆-၉-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ