ပင်တိုင်စံ

အဓိပ္ပါယ်ကို မေးတာ လွန်ခဲ့တဲ့ ၂ ရက်လောက်က။ မေးခွန်းကို ပြန်မရှာအားပါ။


ပင်တိုင်စံမင်းသမီးလို့သာ ထင်မှတ်သူက များတယ်။ သတ်ပုံစာအုပ်ဟောင်းထဲမှာ ပင်တိုင်စံမိဘုရားလို့ ပါတယ်။ ဘုရင့်ခေတ်က မင်းသားတွေထဲမှာ အိမ်ရှေ့အရာ ပေးသလို မိဘုရားတွေထဲမှာ ပင်တိုင်စံမိဘုရားလို့ သတ်မှတ်တယ်။ နောင်နန်းမတော် မြောက်နန်းမတော်က တမျိုး။ မင်းသမီးကိုအဲလိုသုံးတာက နောက်လူတွေက သုံးကြတာလို့ ထင်တယ်။ ပင်တိုင်ဆိုတာ အမြဲ၊ အတည်။


ကိုညွန့်ဝေရေးတဲ့ ပင်တိုင်တော်ဦးသီချင်းရှိတယ်။


ပင်တိုင်တော်ဦး

တကိုယ်ထူးမယ့် ပန်းလျတယ်

ဖော်မစုံသည်မို့ကွယ်

ဖူးငုံချစ်ပန်း လန်းလို့ရယ်

ချူမယ့်သူကိုကွယ်

ရွယ်ကာမှန်းလျှက် ဆယ်ဖြာကမ်းလက်

ရမ်းရော်မိတယ်

ရွှေငွေစည်းစိမ် ထိန်ထိန်ရံလယ်

ရွှေအသည်း မရွှင်ဘဲ

ညှိုးလျော်နွမ်းလျ ဘ၀င်မကျနိုင်ဘူးကွယ်


မကြည်သာတယ်

မဒီကညာတပါး

ဘုန်းမို့ရယ် ကြူပါလှည့်လား

အသည်းချင်းအပ်လို့ ရင်ချင်းထပ်လို့

အပြုံးကိုယ်စီနွယ်

နှလုံးကြည်စေဖွယ်

သာယာချမ်းမြ ရွှေပါးအပ်ကွယ်

ငွါးငွါးစွင့် ချစ်ပန်းပုံနှယ်

ပွင့်ကာလန်း ရေပန်းကြာတင့်မယ်


အခုတော့ကွယ် သမုကျော့မယ်

တကိုယ်တည်းရယ်

ပိတုန်းရောင်ကျော့ ကေသာလျော့ခွေ

ထုံးဆင့်မတင့်နိုင်တယ်

ဘယ်အရာမှ အလိုမကျပါ့ကွယ်

ချစ်မေတ္တာ ရေကြည်ဖျန်းမှ

လန်းရပါ့မယ်

တမ်းတပေါ့ကွယ်

ကိုရွှေလူလှရယ်

မြန်းကြွလို့ချူလှည့်ပါလားကွယ်။   ။


ဒေါက်တာတင့်ဆွေ

၁၄-၉-၂၀၂၀


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ