Kokang ကိုးကန့် တရုပ်နဲ့ မြန်မာစစ်တပ်

Kokang ကိုးကန့် တရုပ်နဲ့ မြန်မာစစ်တပ်

မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု Myanmar National Democratic Alliance Army (MNDAA) ကို Eastern Shan State Army (ESSA) ရှမ်းပြည် အရှေ့ပိုင်းတပ်ဖွဲ့လို့လည်းခေါ်တယ်။ Mongla Army မိုင်းလမ်တပ်ဖွဲ့ လို့လည်း ခေါ်တယ်။ Kokang Democracy Party (KDP) က နိုင်ငံရေးပါတီဖြစ်တယ်။ ၁၉၈၉ မှာ နဝတ စစ်အစိုးရနဲ့ အစောဆုံး ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ ၂ဝဝ၉ သြဂုတ်လထဲမှာ BGF နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက်မရတဲ့အတွက် မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့ပြီး ကိုးကန့်ဒေသကိုထိန်းချုပ်ခဲ့ပါတယ်။ နဝတဖက်ကတော့ မူးယစ်ဆေးဝါး၊ လက်နက်စက်ရုံတွေကြောင့်လို့ ဆိုပါတယ်။ ၂ဝ၁၅ ဖေဖေါ်ဝါရီလဆန်းမှာတော့ တိုက်ပွဲတွေအပြင်းအထံ ပြန်ဖြစ်နေပါတယ်။

မိုင်းလမ်ဒေသမှာ ၁၉၆ဝ ကျော်ကတည်းက လက်နက်ကိုင်အဖွဲ့တွေကကြီးစိုးထားခဲ့တယ်။ ဘိန်းစိုက်ပျိုး၊ ချက်လုပ်၊ ရောင်းဝယ်ရာဒေသဖြစ်တယ်။ ၁၉၆၈ ကတည်းကနေခဲ့တဲ့ မြန်မာပြည်ကွန်မြူနစ်ပါတီအောက်ကနေ ၁၂-၃-၁၉၉၈ မှာ ခွဲထွက်ပြီး NDAA ကို Phone Kyar Shin (Peng Jia Sheng) ဖုန်ကြားရှင်က ဦးဆောင်ခဲ့တယ်။ Peng Jiafu ပန်ကြားဖူးက သူ့ညီဖြစ်တယ်။ အင်အား ၁၅ဝဝ-၂ဝဝဝ ရှိခဲ့တယ်။ နောက်ပိုင်းမှာ Methamphetamine စိတ်ကြွဆေးပါ ထုတ်လုပ်လာတယ်။ အပစ်ရပ်ရေးလုပ်ပြီးနောက်မှာ ဘိန်းနဲ့ ဘိန်းဖြူလုပ်ငန်းကနေ အကျိုးအမြတ်တွေ သူတို့အဖွဲ့ရော မြန်မာစစ်အစိုးရအတွက်ပါ အများကြီးရခဲ့ကြတယ်။ နောက်ပိုင်းမှာ ဘယ်သူတွေ အကျိုးအမြတ်တွေ ရနေကြသလည်း။

၂ဝဝ၈ ခုမှာ United Wa State Army (UWSA) ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲက Mong Pawk မောင်းပေါက် ဒေသကို စွန့်ဘို့ ဆန့်ကျင်ခဲ့တာဟာ မောင်းလားမှာရှိတဲ့ သူ့မဟာမိတ် NDAA နဲ့ဆက်နေတာကို ပြတ်တောက်သွားမှာ စိုးရိမ်လို့ဖြစ်တယ်။

တရုပ်နဲ့ မြန်မာ လွတ်လပ်ရေးမရကြခင်မှာ အင်္ဂလိပ်ကကြီးစိုးထားခဲ့တယ်။ ၁၈၉၄ အင်္ဂလိပ်-တရုတ် နယ်နမိတ်စာချုပ်အရ မိုင်းလမ်နဲ့ ကျိုင်းဟုံကို တရုပ်ကိုပေးလိုက်တယ်။ ဒါပေမဲ့ တရုတ်အနေနဲ့ အဲဒီနယ်နှစ်နယ်ကို အင်္ဂလိပ်မသိဘဲ နိုင်ငံခြား တိုင်းပြည်ကို မလွှဲပေးရဘူးလို့ပါတယ်။ ဒါပေမဲ့ တရုတ်က ၁၉၁၅ ဇွန်မှာ ကျိုင်းဟုံနယ်တစိတ်တပိုင်းကို ပြင်သစ်ကို ပေးလိုက်တယ်။ အဲဒီအတွက် အင်္ဂလိပ်ကလျော်ကြေးတောင်းလို့ တရုတ်က ကိုးကန့်နဲ့ သိန္နီနယ်နဲ့ ထိစပ်နေတဲ့ နယ်အချို့ကို ပြန်ပေးတဲ့အတွက် ကိုးကန့်က မြန်မာပြည်၊ မြောက်သိန္နီနယ်ထဲမှာ ထည့်ထားလိုက်တယ်။

အင်္ဂလိပ်က မြန်မာပြည်ကိုလွတ်လပ်ရေးပေးခါနီး ၁၉၄၇ ဧပြီမှာ တောင်တန်းဒေသများ စုံစမ်းစစ်ဆေးရေးကော်မတီက မေမြန်းစုံစမ်းမှုတွေ လုပ်တဲ့အခါ ကိုးကန့်ကိုယ်စားလှယ်အဖြစ် မြို့စားရဲ့သားတွေဖြစ်တဲ့ ယန်ချေ့ယီနဲ့ ယန်ကျန့်ဆန်တို့ တက်ရောက်ကြတယ်။ သူတို့ဖြေဆိုချက်တွေထဲမှာ ကိုးကန့်ဟာ လွတ်လပ်တဲ့ဒေသတစ်ခုဖြစ်တယ်၊ ဒေသတွင်း လွတ်လပ်ခွင့် အပြည့်အဝရရင် ရှမ်းပြည်နဲ့ပေါင်းမယ်။ မရရင်မပေါင်းဘူး။ တရုတ်က ဝါဒဖြန့်ပြီး သူတို့နဲ့ပေါင်းဖို့ပြောတယ်။ ကိုးကန့်တွေက ဒေသရဲ့ လွတ်လပ်ခွင့်ကို အပြည့်အဝပေးတဲ့ ဘယ်နိုင်ငံနဲ့မဆိုပေါင်းဖို့ အဆင်သင့်ရှိတယ်။ အဲဒီအချိန်တုန်းက ကိုးကန့်မှာ လူဦးရေ ၄ဝ၈ဝ၄ ရှိတဲ့အထဲမှာ တရုတ်လူမျိုး ၃၃၄၇၄ ဦး၊ ပလောင် ၃၂၂၄၊ ရှမ်း ၁၄ဝ၅၊ လီဆူး ၇၂ဝ၊ မြောင်လူမျိုး ၆၄၉၊ ကချင် ၆ဝဝ နဲ့ ရှမ်းတရုတ် ၉၆ ဦးရှိခဲ့တယ်။

မြန်မာပြည်မှာ ကိုးကန့်မဟုတ်တဲ့ ဟန်တရုပ်လူမျိုးတွေလည်းနေထိုင်နေတယ်။ Yunnan Mandarin ယူနန် မန်ဒရင်စကား၊ Hokkien ဟောက်ကိန်စကား၊ Cantonese ကန်တုန်စကား၊ Hakka ဟားကားစကား နဲ့ Hainanese စကားပြောသူတွေ ဖြစ်ကြတယ်။ ၁၉၉ဝ နောက်ပိုင်း မြန်မာပြည်ထဲကိုတရားမဝင် ဝင်လာတဲ့တရုပ်လူမျိုးဦးရေ စုစုပေါင်း ၂ သန်းရှိနေပြီလို့ ခန့်မှန်းထားတယ်။ ၂ဝ၁၂ အကောင်းဆုံးခန့်မှန်းချက်တခုက ၁့၆ သန်းလို့ ဆိုပါတယ်။

Kokang ကိုးကန့်လူမျိုးကို တရုပ်လို Pinyin ပင်းယင်လို့ခေါ်တယ်။ Mandarin မန်ဒရင်တရုပ်စကားပြော Han Chinese ဟန်တရုပ်တွေ ဖြစ်ကြတယ်။ အပစ်ရပ်စဲရေးနောက်မှာ ကိုးကန့်အထူးဒေသ (၁) လို့ခေါ်လာတယ်။ ၁၉၉၇ ခန့်မှန်းချက်အရ ကိုးကန့်တွေထဲမှာ ယူနန်ကနေ ဝင်လာသူ တရုပ် ၃ဝ-၄ဝ% ရှိမယ်။ မူရင်းကိုးကန့်တွေက တရုပ်သွေးပါပြီး၊ ရှမ်းပြည် မြောက်ပိုင်းမှာ ၁၈ ရာစုကတည်းက နေထိုင်ကြတယ်။ ၁၇ ရာစုဝက်လောက်တုံးက Yang clan ယန်းအနွယ်တွေဟာ ယူနန်ကနေ ရှင်းပြည်နယ်ထဲဝင်လာကြတာဖြစ်တယ်။ အဲဒီကတည်းက ကိုးကန့်လို့ခေါ်တယ်။ အဲဒီဒေသကို ၁၉၆ဝ ကနေ ၁၉၆၈ အထိ (ဗပက) ကကြီးစိုးနေခဲ့တယ်။ နာမည်ကြီးကိုးကန့်ခေါင်းဆောင်တွေကတော့ Olive Yang အောလစ်ဖ်ယန်း၊ Sao Edward Yang Kyein Tsai စဝ် အက်းဝပ် ယန်း ကျန် စီ နဲ့ Lo Hsing Han လောစစ်ဟန်တို့ ဖြစ်ကြတယ်။

လောစစ်ဟန် (၁၉၃ဝ-၂ဝ၁၃) ဟာ ဘိန်းဘုရင်လို့နာမည်တွင်ခဲ့တယ်။ စီးပွါးရေးလုပ်ငန်းတွေကို ကိုးကန့်ဒေသနဲ့ စင်္ကာပူမှာ လုပ်ခဲ့တယ်။ ၁၉၇၃ မှာ သူ့ကို ထိုင်းအစိုးရကဖမ်းမိတာကို မြန်မာစစ်အစိုးရကို လွှဲပေးလိုက်တယ်။ သူ့ကို နိုင်ငံတော် သစ္စာဖေါက်မှုနဲ့ (SSA) ရှမ်းပြည်တပ်မတော်နဲ့ ဆက်စပ်မှုကြောင့်ဖြစ်တယ်။ ၁၉၈ဝ မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတယ်။

၁၉၈၉ မှာ ကိုးကန့်နဲ့ ဝတပ်တွေ (ဗကပ) ကနေခွဲထွက်တော့ ဗခ ခင်ညွန့်က လောစစ်ဟန်ကို အသုံးချဘို့လုပ်လာတယ်။ လက်နက်နဲ့ငြိမ်းချမ်းရေးလဲတယ်ဆိုတာနဲ့ လောစစ်ဟန်ကို စီးပွါးရေးလုပ်ခွင့်ပေးတာကို အလဲအလှယ်လုပ်ကြတယ်။ အဲလိုနဲ့ လောစစ်ဟန်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က Khun Sa ခွန်ဆာလို ဘိန်းဘုရင်ဘွဲ့ရလာအောင် လုပ်နိုင်ခဲ့တယ်။ အမှန်က လက်နက်နဲ့ငြိမ်းချမ်းရေးလဲတာ မဟုတ်ပါ။ ဘိန်းကနေရထားတဲ့ ငွေမဲတွေကို ငွေဖြူအဖြစ် လုပ်ပေးလိုက်တာသာဖြစ်တယ်။

၅-၆-၁၉၉၂ မှာ Asia World Company အေရှားဝါးကုမ္ပဏီကိုထောင်တယ်။ သူ့သား Steven Law စတီဗင်လော ခေါ် ထွန်းမြင့်နိုင်က ၁၉၉၆ မှာ စင်္ကာပူအမျိုးသမီး Cecilia Ng ကိုယူပြီး Infrastructure အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ Energy စွမ်းအင်၊ Property ပိုင်ဆိုင်မှု၊ Resources ရင်းမြစ်၊ Agriculture စိုက်ပျိုးရေး၊ Trading ကုန်သွယ်ရေး နဲ့ Finance ဘဏ္ဍာရေးလုပ်ငန်းတွေကိုလုပ်တယ်။ တရုပ်-မြန်မာဓါတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူဆိပ်ကမ်း၊ မြစ်ဆုံစီမံကိန်းတွေမှာလုပ်နေတယ်။ Asia World Co Ltd., Asia World Port Management, Asia World Industries Ltd., Asia Lite, Kokang Singapore Pte Ltd., Golden Aaron Pte Ltd. တွေဟာ လက်ခွဲစီးပွါးရေးလုပ်ငန်းတွေ ဖြစ်တယ်။

Asia World ရဲ့စီးပွါးရေးလုပ်ငန်းတချို့ကတော့ Asia Light Supermarket လမ်းမတော်၊ ရန်ကုန်၊ Asia World Industries Limited, Hlaingthaya Industrial Park လှိုင်သာယာစက်မှုဇုန်၊ ရန်ကုန်၊ Asia World Thilawa Deep Sea Port သီလဝါဆိပ်ကမ်း၊ Hledan Centre Condominium ရန်ကုန်၊ Traders Hotel ရန်ကုန်၊ Sedona Hotel ရန်ကင်း၊ Sedona Hotel မန္တလေး၊ Myanmar Brewery Limited မင်္ဂလာဒုံ စတာတွေဖြစ်တယ်။

နေပြည်တော်တည်ဆောက်ရေးမှာ Htoo Group of Companies ထူးကုမ္ပဏီများအုပ်စုနဲ့အတူ လုပ်ကိုင်ခွင့်ရခဲ့တယ်။ နေပြည်တော်လေဆိပ်၊ ပုသိမ်ငွေဆောင်၊ ရန်ကုန်လေဆိပ်၊ ရန်ကုန်ကွန်ဒိုမီနီယမ်တွေ၊ လမ်းမကြီးတွေ၊ ပဲခူးတိုင်း ၂၇ မြို့နယ်လျှပ်စစ်မီး၊ တိုက်ဂါးဘီယာ၊ စက္ကူစက်၊ စားအုန်းဆီစက်စတဲ့ စီးပွါးရေးလုပ်ငန်းကြီးတွေကိုပါ လုပ်ကိုင်ခွင့်ရခဲ့တယ်။

The Observer အဆိုအရ စတီဗင်လောကနေ နာမည်ကြီးလှတဲ့ ဗခမက သန်းရွှေသမီး မင်္ဂလာဆောင်ကို ကူညီခဲ့တယ်။ စတီဗင်လောဟာ လက်ရှိသမတ ဦးသိန်းစိန်ရဲ့ တရုပ်ပြည် ပထမဆုံး တရားဝင်ခရီးမှာ အတူပါသွားခဲ့တယ်။ ဒါကြောင့် အကျိုးအမြတ်ရသူတွေဟာ တဖက်မှာတော့ ဗခက ခင်ညွန်၊ ဗခမက သန်းရွှေနဲ့ ဗခက သိန်းစိန် (သမတ) တို့ ဖြစ်ကြတယ်လို့ ပြောနိုင်ပါတယ်။ အခုဖြစ်နေတဲ့ ဖုန်ကြားရှင်နဲ့ မြန်မာစစ်တပ်တိုက်ပွဲရဲ့နောက်ခံနဲ့ ဘယ်သူတွေ အကျိုးစီးပွါးအတွက်ဆိုတာလည်း စောင့်ကြည့်ကြရပါမယ်။

လွှတ်တော်ထဲက ပြည်ခိုင်ဖြိုးပါတီဝင် ကိုးကန့်ဘိန်းဘုရင်ငယ်များ
၁။ Bai Xuoqian ပိုင်ဆိုချင် (ခေါ်) ပိုင်စောက်ချဉ်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး၊ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ
၂။ Liu Guoxi လူကိုးရှိ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ
၃။ Ho Xiaochang ဟိုရှောက်ချန်း (ခေါ်) ဦးဟော် (ခေါ်) ဟော်လောက်စန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ
၎။ Zhao Dechang ကျောက်ဒယ်ချန်း၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ
၅။ Myint Lwin aka Wang Guoda ဦးမြင့်လွင် (ခေါ်) ဝန်ခိုးတာ့၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (Credit: ရှမ်းသံတော်ဆင့်)

ကိုးကန့် ပိုင်ဆိုင်မှုများ
၁။ မန္တလေးဂရိတ်ဝေါရှော့ပင်းစင်တာ
၂။ မန္တလေးဂရိတ်ဝေါဟိုတယ်
၃။ မန္တလေးတော်ဝင်နှင်းဆီဆေးရုံ
၎။ ၇၈ လမ်းပေါ်က လူနေဆိုင်ခန်းများ
၅။ ကသာသစ်အချောထည်စက်ရုံ
၆။ နီကယ်စက်ရုံ
၇။ သကြားချက်စက်ရုံ
၈။ အီသနောစက်ရုံ
၉။ ကျွန်းစိုက်ခင်းဧက ၈ဝဝဝ
၁ဝ။ တစ်ရှူးသုတေသနဓာတ်ခွဲခန်း
၁၁။ အကြီးမြန် ယူကလစ်စိုက်ခင်းများ
၁၂။ မန္တလေးသိပံ္ပလမ်းပေါ်မှ ယူကလစ်နဲ့ငှက်ပျော စိုက်ခင်း
၁၃။ နန်းတော်ဆေးရုံ
၁၄။ ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်က နေအိမ်နဲ့ ကုမ္ပဏီရုံး။
ဦးတင်မောင် (ခ) လီကျန်ရှင်း အမည်နဲ့လုပ်ကိုင်နေတယ်။ ရင်းနှီးမြှပ်နှံမှု အမေရိကန်ဒေါ်လာ ၁၆၈ သန်းခန့်ရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၂-၂-၂ဝ၁၅
- https://www.facebook.com/Garmarnee/media_set?set=a.707556419362422.1073741907.100003242101265&type=1
- http://en.wikipedia.org/wiki/Kokang- http://en.wikipedia.org/wiki/Kokang_people
- http://www.aljazeera.com/news/2015/02/myanmar-kokang-rebels-kill-dozens-soldiers-150213072401121.html
- http://en.wikipedia.org/wiki/Asia_World

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး