Kokang ကိုးကန့်သတင်း အဆက် (၂)

အကိုးအကားနှစ်ခုကနေ ထုတ်နှုတ်ထားတာဖြစ်ပါတယ်။ (၁) လောက်ကိုင်မှာ တာဝန်ကျဘူးတဲ့ ဒေါက်တာစိုးမင်း ရေးသားတာနဲ့ (၂) စစ်ထောက်လှမ်းရေး ဗိုလ်မှူးအောင်လင်းထွဋ် (ဟောင်း) ပြောတာ။ နှစ်ဦးလုံးကနေ နောက်ကွယ်က တရုပ်ကို ဒေါင့်တခုစီကနေ ထောက်ပြထားကြပါတယ်။ မြန်မာစစ်တပ်တွင်းက အတွင်းကြိတ်တွေလည်းပါတယ်။ ၂ဝ၁၅ နောက်ပိုင်းမှာ နောက်အကြိတ်တခါ လာအုံးမလား စဉ်းစားမိတယ်။

ဒေါက်တာစိုးမင်း (အကြံပေးမည် ဦးကြယ်နီ)
• ၂ဝဝ၉ မှာ ကိုးကန့်စစ်တပ် (MNDAA) နဲ့ ဒုတိယခေါင်းဆောင် ပယ်ဆောက်ချင်က မြန်မာစစ်တပ်ဘက်ကပါလို့ ဖုန်ကျားရှင်နဲ့သူ့မိသားစု ကိုယ်လွတ်ထွက်ပြေးရတာပါ။ ဦးပယ်ရဲ့လောက်ကိုင်ဟာ ဦးဖုန်ရဲ့ လောက်ကိုင်လောက် မစည်တော့ပါဘူး။
• လောက်ကိုင်မြို့ရဲ့ပထမဦးဆုံး မြန်မာအုပ်ချုပ်ရေးမှူးကို တပ်မတော်က အငြိမ်းစားယူထားပြီး၊ ယဉ်ကျေးမှု ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးရာထူးကပါ အငြိမ်းစားယူထားသူ အဘဦးတင်အုန်းကို ဗိုလ်မှူးအပွင့် ပြန်တင်ပေးပြီး အထူးဆက်ဆံရေး အရာရှိအဖြစ်ပါ ခန့်အပ်ပါတယ်။ သူပြောတာကတော့ မြန်မာ့တပ်မတော်မှာ ပင်စင်ယူပြီးသား အပွင့်ပြန်တင်ရတာ သူတစ်ယောက်ပဲ ရှိပါတယ်တဲ့။
• အခုတစ်ခေါက်စစ်ဖြစ်တဲ့အခါ သူများတွေက စစ်သားတွေ ဘယ်လိုသေကုန်တာ တင်လိုက်၊ အရပ်သားတွေ ဘယ်လိုပြေးရတာ တင်လိုက်၊ သူပုန်တွေ အတုန်းအရုန်းသေကုန်တာ ပြလိုက်နဲ့ဆိုတော့ ကိုယ့်မှာ အံ့အားကြီး သင့်နေမိတာ တစ်ခုရှိပါတယ်။ အခုစစ်ဖြစ်တာ မြန်မာနဲ့ ကိုးကန့် ဟုတ်ပါ့မလား။
• သတင်းတွေထဲမှာပါတဲ့ ဟုံအိုင်တို့ မော်ထိုက်တို့ဆိုတဲ့ ရွာကလေးတွေဟာ အခုမှ ကိုးကန့်လက်ကျသွားတာ မဟုတ်ပါဘူး။ အစကတည်းက မြန်မာတွေမသွားနိုင်လို့ သူတို့ ကိုးကန့်သူကြီးတွေ အုပ်ချုပ်ကြတာ။ ကာကွယ်ဆေးတောင် အနိုင်နိုင် လိုက်ထိုးရတဲ့ရွာတွေ၊
• ဖုန်ကျားရှင်ကို တရုတ်တွေက ဘယ်မှာမှန်းမသိပါဘူးဆိုတာ ဖြစ်ကိုမဖြစ်နိုင်တာ။ တရုတ်သတင်းစာထဲမလည်း အင်တာဗျူးတွေပါလို့။ ကိုးကန့်တီဗီလိုင်းကလည်း သတင်းတွေလွှင့်လို့။ ဘင်လာဒင်လို ပုန်းနေတာမှမဟုတ်တာ။ ခွေးမင်မှာသူ့အိမ်ရှိတယ်။ သူ့လက်ထဲမှာ တရုတ်မှတ်ပုံတင်ကြီး ကိုင်ထားတယ်။ ဘဏ်ထဲမှာ သူ့ငွေတွေရှိတယ်။ လူတကာသိတယ်။ ထောက်လှမ်းရေးတွေ မသိဘူးတဲ့ အံ့ရော။
• ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်တာမို့ သည်ဘက်ကလည်း အသံတောင် မထွက်ရဲဘူး။ အနူ အနာဆွသလို ကြိတ်ကုတ်နေရတာ။ သွေးချင်းချင်းနီလို့ မြင်မကောင်းဘူး။ အဲ့လိုလုပ်မယ့်အစား ဘိန်းဘုရင်တစ်ယောက် အစိုးရစစ်တပ်ကို တရုတ်အစိုးရအကာအကွယ်ယူပြီး အာခံနေတာပါလို့ သတင်းစာရှင်းလင်းပွဲလုပ်လိုက်၊ ရှင်းရှင်းလေးရယ်။ (ဝန်ကြီး မအားသေးဘူးတဲ့။ သူများတင်တဲ့ဓါတ်ပုံတွေ ရှယ်နေတယ်။)
• ဘာဖြစ်လို့ အဆင်းဘီးတပ်ပေးရသလဲ ဆိုတော့ တော်တော်ကြာ တိုင်းရင်းသားအရေးမို့ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးပြီး ငြိမ်းချမ်းရေးအရယူမယ်ဆိုပြီး ကော်မရှင်ထဖွဲ့မစိုးလို့။ (မယောင်ရာဆို ဆီလူးနေကျမို့လေ။) ဒါ တိုင်းရင်းသားအရေး မဟုတ်ဘူး။ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ အချုပ်အခြာအာဏာ ထိပါးနှောက်ယှက်မှု။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ့် ပြည်တွင်းရေး မဟုတ်။ သံတမန်နည်းနဲ့ ဖြေရှင်းရမယ့် နိုင်ငံတကာအမှု။ ပေါက်ဖော်ကြီး ရူးချင်ယောင်ဆောင်နေရင် မာမီ့ကို ဟီလာရီဆီ အလည်သွားခိုင်းလိုက်။
• ချက်ကောင်းသိရင် ကျည်ဆံမကုန်ပဲ ပွဲသိမ်းလိုက်လို့ရတယ်။ မယုံစမ်းကြည့်။ ဖုန်ကျားရှင်ဟာ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးလိုပါတယ်လို့ တွင်တွင်ပြောလာရင် အရင်ဆုံး ဦးပယ်ဆောက်ချင် အပါအဝင် လွှတ်တော်ထဲမှာ ရောက်နေတဲ့ ကိုးကန့် ကိုယ်စားလှယ်တွေနဲ့ အရင်ဆွေးနွေးခိုင်းလိုက်။ သူတို့မှာလည်း သူတို့စစ်တပ်ရှိတယ်။

(၂) ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ VOA ကိုးကန့်ဒေသ အပေးအယူနဲ့ အရှုပ်အထွေး
• ၈၈ အရေးအခင်းနဲ့ အခြေအနေကဆိုးနေတဲ့အချိန်အခါမျိုးမှာ လော်စစ်ဟန်ကတဆင့် ဖုန်းကြာရှင်တို့က ဗမာအစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ချင်တယ်။ ဒါပေမဲ့ ဦးနေဝင်း လက်ထက်က ပေါ်လစီမျိုးလို လက်နက်ချရမယ့် ပေါ်လစီမျိုးကိုတော့ မလိုချင်ဘူး။ တခြားနည်းလမ်း သူတို့နဲ့ ငြိမ်းချမ်းရေး လုပ်ပေးနိုင်မလဲ။ အဲဒီလို ငြိမ်းချမ်းရေး လုပ်ပေးမယ်ဆိုရင် သူတို့ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီးတော့ အစိုးရနဲ့ ပူးပေါင်းပါမယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုးကို တပ်မတော် ထောက်လှမ်းရေးကို သတင်းပို့တယ်။ အဲဒီအချိန်တုန်းကတော့ နဝတ ဥက္ကဋ္ဌက ဗခမကစောမောင်။ ၈၈ အရေးအခင်းပြီးတဲ့ နောက်ပိုင်းမှာ အစိုးရက တော်တော်လေး အကြပ်အတည်း ရှိပါတယ်။ ကုန်ကုန်ပြောရရင် နိုင်ငံခြားသုံးငွေ တပြားမှ မရှိတဲ့အပြင် စစ်စရိတ်နဲ့ စစ်တွေတိုက်ရမယ်ဆိုတဲ့အနေအထားက အဲဒီအချိန်အခါမှာ လုံးဝမဖြစ်နိုင်ဘူး။ တပ်မတော်ရဲ့  တသက်လုံး အဓိကရန်သူဟာ ဗမာပြည်ကွန်မြူနစ်ပါတီပါ။ ဗမာပြည်ကွန်မြူနစ်ပါတီကို ထိုးနှက်လိုက်လို့ သူပြိုကွဲသွားရင် တရုတ်ပြည်ဘက်ရဲ့  စစ်ရေးအားလုံးဟာ အတော်လေးအေးချမ်းသွားမယ်ဆိုရင် စစ်တပ်အစိုးရအနေနဲ့ နိုင်ငံရေးအရ အမြတ်ရမယ်ဆိုတဲ့ အနေအထားမျိုးရှိတယ်။ တဘက်ကလဲ တပ်မတော် ထောက်လှမ်းရေးနဲ့ တရုတ်ထောက်လှမ်းရေး တို့က အဲဒီအချိန်ကတည်းက အောက်ခြေပိုင်းမှာ Connection ရှိပါတယ်။ အဲဒီတော့ ဖုန်ကြားရှင်တို့ရဲ့  ကမ်းလှမ်းမှုက တကယ်လား၊ ဟုတ်လား၊ မဟုတ်လား ဆိုတာကို တဘက်က ပြန်ပြီးတော့ စဉ်းစားတဲ့အခါမှာ Confirm ဖြစ်တယ်။
• မင်းတို့လည်း လက်နက်ကိုင်ထား။ ငါတို့လည်း လက်နက်ကိုင်ထားမယ်။ မင်းတို့က ချင်းရွှေဟောရဲ့  အောက်ကို မလာနဲ့၊ ငါတို့က မင်းတို့ရဲ့  ချင်းရွှေဟောကို ကျော်ပြီး မင်းတို့ကိုလာပြီး မတိုက်ဘူးဆိုတဲ့ ကတိကဝတ် တပ်နေရာ ချထားရေးလို့ ပြောရမှာပေါ့။ တို့က အဲဒီအချိန်တုန်းက တပ်မတော်အစိုးရအနေနဲ့ ဦးနေဝင်းခေတ်ကလို အပိုင်စားပေးတဲ့အာဏာ ငါတို့မှာမရှိဘူး။ ခေတ္တခဏထိန်းထားတာ။ တချိန်နောင်တက်လာမယ့် အစိုးရကြရင် မင်းတို့ အဲဒီနိုင်ငံရေးကိစ္စတွေ ဆွေးနွေး။ အခုလက်ရှိ မင်းတို့နဲ့ ငါတို့ အပစ်အခတ်ရပ်စဲထားမယ်။ ဒါပေမဲ့ မင်းတို့ဒေသ တိုးတက်ဖွံ့ဖြိုးအောင် ဒေသဖွံ့ဖြိုးရေးတွေကို ငါတို့လုပ်ပေးမယ်။ မင်းတို့ ငါတို့နဲ့ ပူးပေါင်းဆိုတဲ့ အနေအထားမျိုး၊ အခွင့်အရေးမျိုးပေးခဲ့တယ်။ ကိုးကန့်စဖွင့်လိုက်လို့ တရုတ်ပြည်နဲ့ ဗမာပြည်ရဲ့  စီးပွားရေး လမ်းကြောင်းက မူဆယ်၊ ကွတ်ခိုင်၊ ကွန်လုံ အားလုံး လမ်းကြောင်းတွေ ပွင့်လာတဲ့ အနေအထားရှိတယ်။
• ကိုးကန့်ပြီးတဲ့အခါမှာ ဝ။ ဝ က အခုချိန်အထိ အင်အားလည်း အကောင်းဆုံး။ အဲဒီအချိန်တုန်းက အင်အားလည်း အကောင်းဆုံး လက်နက်ကိုင် အဖွဲ့အစည်း။ ဝ မှာ အဲဒီအချိန်တုန်းက ကျောက်နီလိုင်လို့ အဖွဲ့တွေ။ ပေါက်ယူချမ်း က စစ်ဦးစီးချုပ်။ ကိုးကန့်ရဲ့  နမူနာကို ပြလိုက်တဲ့အခါမှာ ဝ လည်း လိုက်လာတယ့်သဘောရှိပါတယ်။ ရှမ်းအခါ ခေါ် မိုင်လားအဖွဲ့လည်း ငြိမ်းချမ်းရေးယူလာတယ်။ နောက် SSA တို့ကလည်း အထူးဒေသ (၁) (၂) (၃) (၄) ဆိုပြီး လုပ်ခဲ့တဲ့အခါမှာ အဲဒီအချိန်တုန်းကတော့ နိုင်ငံရေးအရအကျိုးစီးပွားတခုပဲကြည့်ပြီး နိုင်ငံရေးအမြတ်၊ တိုင်းပြည် အေးချမ်းသာယာရေးကို ကြည့်ပြီးမှ ငြိမ်းချမ်းရေးလုပ်ခဲ့တာပါ။
• ၁၉၈၉-၉ဝ လောက်ကလုပ်ထားတဲ့ ပေါ်လစီတွေက ၁၉၉၂ ခုနှစ် ဗခမကသန်းရွှေနဲ့ ဗခကမောင်အေး ဖြစ်လာတဲ့ အချိန်မှာ အဲဒီဟာတွေကို မကြိုက်ကြဘူး။ ဗခက ခင်ညွှန့်အပိုင်းနဲ့ ဗခမကသန်းရွှေ နဲ့ ဗခကမောင်အေးအပိုင်းမှာ သဘောထားကွဲလွဲတာတွေ အများကြီးရှိတယ်။ ဗခကမောင်အေးက ဝ တွေ၊ ကိုးကန့်တွေကို လုံးဝကြည့်မရဘူး။ ဝ ဆိုရင် ပိုဆိုးသေးတယ် အမြဲတမ်းပြဿနာရှာတယ်။ သူကိုယ်တိုင်ကလည်း တပ်မ (၇၇) တပ်မမှူးဖြစ်ခဲ့တယ်။ အရှေ့ တိုင်းပိုင်း၊ အရှေ့ မြောက်ပိုင်းတိုင်း လားရှိုး၊ တောင်ကြီးတွေမှာ တပ်ရင်းမှူး ဖြစ်ခဲ့တော့ ဗမာပြည်ကွန်မြူနစ်တပ်တွေနဲ့ ဝ၊ ကိုးကန့် တပ်တွေနဲ့ အသေတိုက်ခဲ့တော့ သူ့စစ်သည်တွေ ကျဆုံးခဲ့တာကို ခံစားမှုတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဗခမကသန်းရွှေက အသာလေး အချိုသပ်ပြီးတော့ ဗခခင်ညွှန့်ကိုမွေးပြီးတော့ အမျိုးသားညီလာခံဆိုတာ ပုံကိုဖော်ပြီးတော့ ကိုးကန့်အပါအဝင် အားလုံးကို နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ခေါ်သွားတာ။
• ဗခမကသန်းရွှေ စိတ်ထဲမှာတော့ ထင်တာကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဘယ်လို ဖြေရှင်းမယ် ဆိုတဲ့အဖြေ ကျနော်တို့မှာ ဟုတ်တိပတ်တိနဲ့ တိတိကျကျ မရှိခဲ့ဘူး။ ဒါကြောင့် ၂ဝဝ၉ ခုနှစ်မှာ အရင်တုန်းက မပြောထားတဲ့ နယ်ခြားစောင့်ဆိုတဲ့ ပုံစံမျိုးကို ပုံဖော်လိုက်တယ်။
• သမိုင်းကြောင်းအရ ကိုးကန့်က ဗမာပြည်ဘက်ခြမ်းပါတယ်ဆိုပေမယ့် ကိုးကန့်တနယ်လုံးက တရုတ်စကားပဲ ပြောပါတယ်။ ဝ တနယ်ပဲ ဝ စကားပြောတဲ့ အနေအထားရှိပါတယ်။ တရုတ်ကတော့ အနီးစပ်ဆုံးပါ။ ကိုးကန့်ဆိုတာ ယူနန်တရုတ်တွေ အများစုနေတဲ့ဒေသလို့ပဲပြောရမယ်။ နယ်နမိတ်ပိုင်းခြားတဲ့ ပိုင်းခြားချက်အရ ဗမာပြည်နယ်ထဲမှာ ရောက်နေတဲ့ ဒေသလူမျိုးတွေ ဖြစ်နေတယ်။
• ကိုးကန့်က ငြိမ်းချမ်းရေးလုပ်တဲ့ကာလ ၉ဝ နောက်ပိုင်းမှာ ဘိန်းမဖျက်ခင်၊ ဘိန်းမလုပ်တော့ဘူး ကာလအတွင်းမှာ ဘိန်းနဲ့ပတ်သက်ပြီး ကိုးကန့်ဒေသက အရမ်းလုပ်တယ်။ ပိုက်ဆံအများအပြားလည်း ဘိန်းကနေရတဲ့ဟာက တော်တော် များပါတယ်။ အဲဒီအချိန်အဲဒီအခါမှာ ဗမာအစိုးရမှာ အားလုံးသိတဲ့အတိုင်း ဂျပန်မှာရှိတဲ့ သံရုံးရောင်းစားရတဲ့ ဘဝမျိုး ရောက်တဲ့အနေအထား ရှိတယ်။ ကျန်တဲ့လုပ်ငန်းကြီးတွေမှာ ဗမာအစိုးရက ဘယ်ကမှလဲ ချေးငွေမရဘူး။ နိုင်ငံခြားငွေ မရှိဘူး။ အဲဒီမှာ မျက်စိမှိတ်ထားတဲ့ အနေအထားလည်း ရှိကောင်း ရှိပါတယ်။ ဒီအပေါ်မှာမူတည်ပြီးတော့ ကိုးကန့်က လက်နက်အင်အားစုဆောင်းနိုင်တယ်။ ပိုက်ဆံလည်းရှိလာတော့ အခု ကိုးကန့်သားတွေ မန္တလေးတို့ဘာတို့မှာ နေရာယူလာတဲ့ဟာမျိုးက အများကြီးနိုင်ငံရေးနဲ့ ဆက်စပ်တဲ့ အနေအထား ရှိပါတယ်။
• ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်ရင်တော့ တရုတ်အစိုးရကို ကြားခံထားပြီးတော့ ပြောဆိုမှရလိမ့်မယ်လို့မြင်ပါတယ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး