Fortress နောက်ဆုံးခံတပ်

တနေ့က မန္တလေးမြို့မှာ မန်းအတိတ်မန်းအရိပ် သရုပ်ပြဟောပြောမှုအစီစဉ်တခုကို ဆရာဆူးငှက်ကတင်ဆက်ခဲ့တယ်။ မြို့မအသင်းကပါ အားဖြည့်ထားတယ်။ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မန္တလေးမှာ ကျင်းပခဲ့တာအတွက် ဂုဏ်ယူပါတယ်လို့ ရေးလိုက်တယ်။ ဆရာဆူးငှက်ပြောတာထဲမှာ နောက်ဆုံးခံတပ်လို့ ပါနေတာမို့ ဆက်စဉ်းစားပါတယ်။ နောက်ဆုံးခံတပ့့်

နယ်သာလန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်တုံးက (ဘော်တန်း) ရွာလေးမှာရှိတဲ့ခံတပ်ကို သမိုင်းမှာ အကြီးကျယ်ဆုံး ခံတပ်လို့ သတ်မှတ်ပါသတဲ့။ မြန်မာ့သမိုင်းမှာတော့ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ အင်းဝ၊ စစ်ကိုင်းနဲ့ မန္တလေးမှာ ခံတပ်သုံးခုကို တြိဂံပုံတည်ဆောက်ထားခဲ့ပါတယ်။ (၁) အင်းဝဘက်မှာရှိတဲ့ ဆင်ကျုံးခံတပ်၊ (၂) စစ်ကိုင်းမှာရှိတဲ့ စစ်ကိုင်းခံတပ်ခေါ် အစေခံခံတပ်နဲ့ (၃) မန္တလေးဘက် အခြမ်းမှာရှိတဲ့ စစ်ကိုင်းတံတားအဟောင်းအောက်က သပြေတန်း ခံတပ်တွေဖြစ်တယ်။ အကြီးဆုံး သပြေတန်း ခံတပ်ထဲမှာ မြန်မာတပ်မတော်သား နှစ်ထောင်ကျော် တပ်စွဲထားတယ်။ မကွေးတိုင်း အထက် မင်းလှမြို့အနားက၊ မင်းလှခံတပ်ကလည်း ထင်ရှားပါတယ်။ ဒါပေမဲ့ ၂၇-၁၁-၁၈၈၅ နေ့မှာတော့ မတိုက်ခိုက်ရတော့ပဲ ဗြိတိသျှက သိမ်းပိုက်သွားခဲ့ပါတယ်။

အဲဒီခံတပ်တွေဟာ စစ်ရေးခံတပ်တွေပါ။ တိုင်းတပါးရန်ကနေ ခုခံကာကွယ်ဘို့ နောက်ဆုံးအနေနဲ့ ကျားကုပ်ကျားခဲခုခံဘို့ ပြင်ဆင်မှုဖြစ်ပါတယ်။ ကနေ့ ၂၁ ရာစုထဲမှာ ပိုပြီးများပြားရှုပ်ထွေးလာတယ်။ နိုင်ငံတခုကနေ တခြားနိုင်ငံကို သိမ်းပိုက်တာမျိုး မလုပ်ကြတော့ပါ။ စစ်ရေးအရဝင်စွက်ဖက်မှုတွေကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ်။ စစ်အင်အား တည်ဆောက်မှုကလည်း တိုးသထက်တိုးလာနေတာပါ။ တိုင်းပြည်ရဲ့ အင်အားဆိုတာ စစ်အင်အားတခုတည်း မဟုတ်ပါ။ မြန်မာ့ခံတပ်ကြီးတွေ လက်နက်ချခဲ့ရတဲ့သာဓကလည်း ရှိထားပြီမဟုတ်ပါလား။

မန္တလေးမှာ ယဉ်ကျေးမှုအမွေအနှစ်ခံတပ် တည်ဆောက်ဘို့ လုံးပမ်းနေကြပြီ။ ပြည်သူ့နီတိခံတပ်လည်း လိုတယ်။ စာရိတ္တဗလခံတပ်လည်း ပြန်ပြီးဆောက်ကြရအုံးမယ်။ ပညာရေးခံတပ်အတွက် ရှေ့တန်း ထွက်နေကြသူတွေကို အားပေးနေပါတယ်။ ကျန်းမာရေးခံတပ်ကို ရန်ကုန်ဆေးရုံကြီးမွမ်းမံတာ၊ ကုတင် ၁ဝဝဝ ဆန့် ဆောက်တာ၊ နိုင်ငံခြား ဖိုက်စတားဆေးရုံတွေလာဆောက်တာတွေနဲ့ မရပါ။ မြန်မာစာအရေးအသားအတွက် ခံတပ်လေး စဉ်းစားနိုင်ကြဘို့ရာ သတိပေးစာလေးတွေကို ကြိုးစားရေးနေပါတယ်။ ခက်တာက ခံတပ်တွေဆောက်ရမဲ့နေရာ ရှာမရသေးတာပါ။ နေရာလွတ်မရှိအောင် သိမ်းထားကြလို့ပါ။ မြေကြီးသာမကပါ။

Fort နဲ့ Fortress အဓိပ္ပါယ်ဟာ စစ်ခံတပ်ကြီး၊ အကာအကွယ်ခိုင်မာပြီး အင်အားထူထပ်စွာ ဖြည့်ထားသည့် ရန်သူ့ တိုက်စစ်ကို ခုခံမည့်နေရာ။ Forte ဆိုတာက တဦးတယောက်ရဲ့ ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်ဖြစ်တယ်။ ဆေးဆိုရင် အားဖြည့်ပေးထားတာမျိုး။ Fort အီဒီယမ်သုံးမှာ ကိုယ်ပိုင်နယ်မြေ၊ စည်းစိမ်ဥစ္စာ၊ ရာထူးနေရာကို မပျက်စီး မဆုံးပါးလေအောင် ခုခံမှုလုပ်ထားခြင်းလို့သုံးပါတယ်။

အာဏာစည်းစိမ်လက်ရှိသမားတွေကတော့ ခံကတုတ်ကောင်းကောင်းပြင်ထားကြတယ်။ ဘယ်အရေးလာလာ သူတို့ အာဏာဖက်ကိုသာ ကြည့်နေကြတယ်။ တိုင်းပြည်တွက်တော့ မစဉ်းကြပါ။ ပြည်သူပြည်သားတွေကသာ တိုင်းပြည်အတွက် ခံတပ်တွေတည်ဆောက်နေကြရတယ်။ ကျွန်တော့်အမြင်ကတော့ နောက်ဆုံးခံတပ်ဆိုတာ သူတို့အတွက်သာ ဖြစ်ပါတယ်။

Photo: London Tower of London Fortress လန်ဒန်ခံတပ်၊ လန်ဒန်မျှော်စင်

ဒေါက်တာတင့်ဆွေ
၂၂-၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး