Phone Kyar Shin ဖုန်ကြားရှင်ဆိုတာ ဘယ်သူလဲ


ဖုန်ကြားရှင်ဟာ ၁၉၃ဝ ဝန်းကျင်မှာ မွေးတဲ့ စီချွမ်တရုတ်မျိုးနွယ်ဖြစ်ပါတယ်။ ၁၉၇ဝ ဝန်းကျင်ကစပြီးတော့ ကိုးကန့် တပ်မှူးတဦးအနေနဲ့ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၇ဝ ဝန်းကျင်မှာ ဗမာပြည်မှာ ပထမဆုံး ဘိန်းဖြူစက်ရုံ တည်ထောင်ခဲ့သူပါ။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တွေ ဗကပ ယူနီဖောင်းဝတ်ပြီး မြန်မာနယ်မြေကို ဝင်တိုက်ရာမှာ တရုတ်တပ်ကို ဦးဆောင်ခဲ့သူပါ။

၁၉၈၉ မှာ ဗကပကို ပုန်ကန်ပြီး National Democratic Alliance Army (NDAA) အဖြစ်ခွဲထွက်ကာ မုန်းကိုးမှာ အခြေစိုက်ခဲ့ပါတယ်။ မြန်မာအစိုးရနဲ့ အပစ်ရပ်စဲခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ၁၉၉ဝ ကစပြီး ၁ဝ နှစ်အတွင်း ဘိန်းဖြူ အမြစ်ဖြတ်မယ်ပြောပြီး ပြောင်ပြောင်တင်းတင်း ဆယ်နှစ်လုံးလုံး ဘိန်းစိုက်ပျိုး ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ကိုးကန့် တိုင်းရင်းသားအဖြစ် မြန်မာအစိုးရအသိအမှတ်ပြူပြီးနောက်မှာ လူသောင်းဂဏန်းသာရှိတဲ့ ကိုးကန့်တွေကနေ ရုတ်ချည်း တရုတ်နိုင်ငံသားတွေဟာ ကိုးကန့်သိန်းဂဏန်း ဖြစ်ခဲ့ပါတယ်။

၁၃ နှစ်လုံးလုံး ဘိန်းဖြူကို တရားဝင်သဘောမျိုး ရောင်းချပြီးနောက်မှာ ၂ဝဝ၃ မှာ ဘိန်းကင်းစင်နယ်မြေကြေညာခဲ့ပေမဲ့ ဆက်လက်ထုတ်လုပ်နေတယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီတွေက တညီတညွတ်တည်း ဆိုပါတယ်။ ဦးဖုန်ကြားရှင်ဟာ အမျိုးသားညီလာခံမှာ တိုင်းရင်းသားခေါင်းဆောင်အနေနဲ့ မြန်မာအစိုးရကို ထောက်ခံမှူပေးခဲ့သူလဲ ဖြစ်ပါတယ်။

၂ဝဝ၉ ခုနှစ်မှာ ကိုးကန့်တပ်မှူး ပိုင်စုချန်းကခွဲထွက်ပြီး မြန်မာအစိုးရတပ်တွေကို ဖိတ်ခေါ်ခဲ့လို့ ဖုန်ကြားရှင် ထွက်ပြေးခဲ့ရပါတယ်။ တရုတ်နိုင်ငံဟာ မူစယ်-ကျောက်ဖြူ ရထားလမ်း၊ ကျောက်ဖြူအထူးစီးပွါးရေးဇုံကိစ္စတွေ ရှေ့မတိုးနိုင်လို့လဲ စိတ်ပျက်နေချိန်ဖြစ်ပါတယ်။ လက်ပန်တောင်းကြေးနီစီမံကိန်းမှာ ကန့်ကွက်မှူတွေ ရင်ဆိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဝင်ဖြန်ဖြေမှူနဲ့ လက်ဝါးကြီးအုပ်မှူတွေ ဖြေလျော့ပေးခဲ့ရပါသေးတယ်။

၂ဝ၁၄ ဒီဇင်ဘာမှာ တရုတ်တွေ သစ်ခိုးမှုကို မြန်မာအစိုးရကဖမ်းဆီးပြီးတဲ့ နောက်ပိုင်းမှာပဲ တရုတ်အစိုးရအာဘော် သတင်းစာကနေတဆင့် ဖုန်ကြားရှင်ဟာ သူကိုးကန့်ဒေသကို ပြန်လာမယ် လို့ ကြေညာခဲ့ပါတယ်။ ဒီအချိန်ကတည်းက ခပ်တန်းတန်းဖြစ်လာတဲ့ တရုတ်မြန်မာဆက်ဆံရေးမှာ တရုတ်ဟာ ဝှက်ဖဲကိုထုတ်သုံးပြီလားလို့ မြန်မာစာနယ်ဇင်းတွေမှာ ဝေဖန်ပြောဆိုခဲ့ကြတာပါ။ တရုတ်အစိုးရဟာ မြန်မာပြည်နိုင်ငံရေးမှာ သူတို့ဝင်ရောက်ကစားနိုင်စွမ်းကို ပြချင်တဲ့ သဘောမျိုးလို့ မှန်းဆမှုတွေရှိနေပါတယ်။

ဖုန်ကြားရှင်မှာ တကယ်တမ်းတော့ မြန်မာအစိုးရနဲ့ အပစ်ရပ်ကာလမှာ ဘိန်းဖြူ အရောင်းအဝယ်က ဒေါ်လာ ဘီလီယမ်နဲ့ချီ ရှိနိုင်ပြီး ဘိန်းဘုရင်ဟောင်းလော်စစ်ဟန်ရဲ့သား ဦးထွန်းမြင့်နိုင်ရဲ့ မြန်မာနဲ့ စင်ကာပူမှာ ရင်းနှီးမြှုတ်နှံမှူတွေရဲ့ နောက်ကွယ်မှာ ရှိနေပါတယ်။  တရုတ်ပြည်ကသာ မျက်စေ့မှိတ်ထားရင် သူ့မှာ လက်နက်ရော တိုက်ခိုက်မဲ့ တရုတ်စစ်သားတွေပါ မခဲယဉ်းနိုင်ဘူးလို့လဲ ပြောနိုင်ပါတယ်။ အချုပ်ဆိုရရင် ဖုန်ကြားရှင်ဆိုတာ မြန်မာစစ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်အစိုးရတို့ကြားထဲက လိုသလိုအသုံးချခဲ့တဲ့ချနေဆဲ ဘိန်းဘုရင်တဦးသာ ဖြစ်ပါတယ်။
(May Popa)

ကျွန်တော့်မှတ်ချက်။
• ကိုးကန့်လူမျိုးတွေဟာ တိုင်းရင်းသားစာရင်းဝင်ဖြစ်တယ်။
• ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ စီးပွါးရေးလာလုပ်တဲ့ တရုပ်ပြည်ကလူတွေက ဘာအရောင် မှတ်ပုံတင် ကိုင်သလည်း၊ ဘယ်လောက်များသလည်းဆိုတာ ထုတ်ပေးတဲ့ အစိုးရကသာသိပါတယ်။
• ကိုးကန့်အဖွဲ့က ဘိန်း၊ ဘိန်းဖြူနဲ့ စိတ်ကြွဆေး ထုတ်လုပ်ရောင်းဝယ်တာကို အစိုးရနဲ့ စစ်တပ်ထက်သိသူမရှိနိုင်ပါ။
• လောစစ်ဟန်နဲ့ဘိန်းအကြောင်းလည်း စစ်အစိုးရထက်သိသူမရှိပါ။ ဒါပေမဲ့ ဘိန်းကရတဲ့ငွေမဲ သန်းပေါင်းများစွာကို စစ်အစိုးရကပဲ ငွေဖြူလုပ်ပေးခဲ့တယ်။ လက်ရှိအစိုးရလက်ထက်မှာလည်း အဲဒီငွေတွေနဲ့ အဲဒီလူတွေကပဲ စီးပွါးရေးလုပ်ငန်း အကြီးစားတွေမှာ ဆက်လုပ်ကိုင်နေကြတယ်။
• တိုက်ပွဲသတင်းထုတ်ပြန်မှုတွေက ဆန့်ကျဖက်တွေများလို့ ဘယ်ဟာမှန်သလည်းပြောဘို့ စောပါသေးတယ်။ အခုထိသေချာတာက ကျူးကျော်စစ်မဟုတ်ပါ။ တရုပ်ကပါတယ်လို့ စွပ်စွဲလို့မရသေးပါ။
• ညောင်နှစ်ပင်ကို ဖိတ်ကြားခံရလို့ ၂ဝဝ၈ ဖွဲ့စည်းပုံကိုရေးခဲ့ကြသူတွေထဲမှာ ကိုးကန့်ခေါင်းဆောင်တွေလည်း ပါတယ်။
• ကျဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ ပြည်ထောင်စုမြန်မာနိုင်ငံသားတိုင်းအတွက် အထူးဝမ်းနည်း ကျေကွဲရပါတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၂-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ