My dear friends သူငယ်ချင်းတို့ရေ
သူငယ်ချင်း အသည်းပါမောက္ခ ဒေါက်တာအောင်ကျော်ညွန့် ကွယ်လွန်တဲ့နေ့ကရေးပါတယ်။
ဆရာဝန်သူငယ်ချင်းတွေ ကျန်းမာရေးမကောင်းတဲ့သတင်းတို့ နာရေးသတင်းတို့ သိရတိုင်း သံဝေဂပွါးတာတို့ ဆုမွန်ကောင်းတောင်းတာတို့ကတော့ ထုံးစံပေါ့ကွာ။ ငါကတော့ ဒီလိုစဉ်းစားတယ်။ မင်းတို့ငါတို့ နေကောင်းနေကြတုံးက ဘာတွေလုပ်ခဲ့ကြသလဲလို့။ ဆေးပညာတွေ ဆက်သင်ယူကြတယ်။ လူနာဆေးကုပေးတယ်။ ဘယ်မှာ ဘာတာဝန်တွေ ထမ်းခဲ့တယ်ဆိုတာတွေတော့ ထားပါတော့။ ဘာဆန်းလို့လဲ။ ဆန်းတာလေးများ ရှိကြသလား။
ငါတော့ကွာ မင်းတို့သိတဲ့အတိုင်း ဆရာဝန်လုပ်နေရင်း နိုင်ငံရေးထဲရောက်သွားရတယ်။ ဒါလည်းသိပ်မဆန်းပါဘူး။ ၁၉၉ဝ မှာ ဆရာဝန်တွေ အများကြီးပါတယ်။ နောက် ပြည်ပြေးဖြစ်တယ်။ အဲတာလည်း ဆန်းလှတာတော့ မဟုတ်ဘူး။ ဆန်းတာ ရှိသေးလား။ ငါတော့ နိုင်သလောက်လေး (ခေတ်ဟောင်းနိုင်ငံရေးစကားနဲ့ ပြောရရင်) အလုပ်အကျွေးပြုတယ်ပေါ့ကွာ။ ဆရာဝန်စဖြစ်ကတည်းက ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေကို အခမဲ့ကုပေးတယ်။ နောက် အိန္ဒိယဖက်ထွက်ပြီးတော့ ဒုက္ခသည်တွေကို ဆေးအလကားကုပေးဖြစ်တယ်။ ၁၂ နှစ် တင်းတင်းပေါ့။ အင့်း့ အဲတာလည်းကွာ တိုင်းပြည်က ထွက်ပြီး ၁ဝ နှစ်လောက်ကြာမှသာ ကုပေးနိုင်တာပါ။ နောက်ပြီး ဆေးခန်းမှာကူမဲ့သူတွေကို ဆေးပညာလေးတွေကို သင်ပေးတယ်။ အင်ဂျီအို ပရောဂျက်တော့ မဟုတ်ဘူးကွ။
အခြေခံနည်းတဲ့သူတွေကို သင်ဘို့ရာ စာတွေပြန်ဖတ်၊ ဘာသာပြန်တာတွေ လုပ်ရတယ်။ အဲတော့ စာတွေဖြစ်လာရော။ တိုက်ဆိုင်ချင်တော့ ဘလော့ခ်ပေါ်လာ။ အဲတာနဲ့ ဘလော့ခ်လုပ်ပြီး ဆေးစာရေးတင်တဲ့ဆရာဝန် ဖြစ်လာပါရောကွာ။ အီးမေးလ်က မေးလာတာတွေ ဖြေဘို့လုပ်ဖြစ်လာတယ်။ ဖေ့စ်ဘွတ်ပေါ်လာပြန်ရော။ တင်ပြန်ရော။ မေးတာတွေ များများဖြေဖြစ်တာပေါ့။ ခုဆို စာပုဒ်ရေ ထောင်ကျော်နေပြီ။ အမေး-အဖြေကတော့ မရေတွက်နိုင်ပါဘူးပေါ့။ ငါက စာတွေရေးလို့သာ ဖတ်တဲ့သူတွေက သိတာပါ ကိုယ်လုပ်တာ ထုတ်မရေးတဲ့သူတွေက များမယ်။
ဒါပေမဲ့ကွာ့ အခု ဆေးကုမပေးနိုင်တော့တာကို ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်နေတယ်။ အဲတော့ကွာ့ သင်ခန်းစာပဲ ယူရတော့မှာပေါ့။ ထိုက်မှစံရတယ်တဲ့။ ကိုယ်ကလည်းမထိုက်လို့၊ လူနာတွေကလည်း ကိုယ်နဲ့မထိုက်နေမှာပေါ့။ ခုထိတော့ ငါ့လက်တွေက မတုန်သေးဘူး။ မျက်စိတော့ လျော့လာပြီ။ မှတ်ဥာဏ်တော့ မထုံထိုင်းလောက်သေးဘူး ထင်တာပဲ။ စိတ်ကတော့ မလျှော့ဘူး သူငယ်ချင်းတို့ရေ။ ဒါလည်း ကွေးသောလက် မဆန့်မီပေါ့။ ။
ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၅
နံနက် ဝဝ နာရီ၊ ၁၁ မိနစ်။

Comments
Post a Comment