ပြည်ထောင်စုမြန်မာနိုင်ငံ ဦးပိုင်လီမိတက် (၁)

ပြည်ထောင်စုမြန်မာနိုင်ငံ ဦးပိုင်လီမိတက် (Union of Myanmar Economic Holdings Limited) (သို့) တပ်မတော် လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းအကြောင်း အပိုင်း (၁)

Asia World ကို Crony capitalist ခရိုနီအရင်းရှင် (ခရိုနီ) လို့ပြောနိုင်တယ်။ UMEH ဦးပိုင်ကို (ခရိုစိမ်း) လို့ အရပ်ခေါ် ခေါ်နိုင်ပါတယ်။

နဝတ မတိုင်မီ တပ်မတော်၏စီးပွားရေးလုပ်ငန်း (သို့) ဦးပိုင်၏အဖ
၁၉၅ဝ စုနှစ်အစောပိုင်းတွင် တပ်မတော်သားများအား စားသုံးကုန်ပစ္စည်းများ အဖိုးနှုန်းချိုသာစွာ ရောင်းချပေးရန် DSI (Defense Services Institute) ကို တည်ထောင်ခဲ့သည်။ စီးပွားရေးလုပ်ငန်းများတွင် ကျယ်ပြန့်စွာ ပါဝင်လုပ်ကိုင်ရန် လုပ်ငန်းကဏ္ဍကို တိုးချဲ့ခဲ့သည်။ ၁၉၅ဝ စုနှစ်နှောင်းပိုင်းတွင် DSI သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး စီးပွားရေး လုပ်ငန်းကြီးဖြစ်လာသည်။ ထိုခေတ်ကာလက တပ်မတော်လုပ်ခင်း အတော်များများသည် ၁၉၅ဝ ခုနှစ် အထူးကုမ္ပဏီ အက်ဥပဒေအရ တစိတ်တပိုင်းအထူးအဆင့်အတန်းရသောကြောင့် အောင်မြင်ကြလာသည်။ DSI သည် ဘဏ်လုပ်ငန်း၊ သင်္ဘောလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ စာအုပ်ထုတ်ဝေရေးလုပ်ငန်းနှင့် လက်လီစီးပွားရေး လုပ်ငန်းတို့ကို လည်ပတ်လုပ်ကိုင်သည်။

ဤစီးပွားရေးလုပ်ငန်းများမှရရှိသော ဝင်ငွေများကို တပ်မတော်သားများနှင့် ၎င်းတို့၏မိသားစုများ သက်သာချောင်ချိရေးနှင့် နေထိုင်မှုဘဝ ကောင်းမွန်ရေးတို့အတွက် အသုံးပြုခဲ့သည်။ လုပ်ငန်းအချို့ကို တပ်မတော်၏ နိုင်ငံရေးအစီအစဉ် ရှေ့ပြေး ယာဉ်အနေဖြင့် ထိုစဉ်ကတည်းက လုပ်ဆောင်ခဲ့သည်။ ဥပမာ ၁၉၅ဝ စုနှစ် အစောပိုင်းကာလက DSI က ပိုင်သည့် မြဝတီပုံနှိပ်လုပ်ငန်းမှ လစဉ်ထုတ် မြဝတီစာစောင်ကို ထုတ်ဝေခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ပထမဆုံးထုတ်ဝေသည့် မြဝတီမဂ္ဂဇင်းသည် တပ်မတော်အကျိုးစီးပွားကို ဖော်ထုတ်သည့် စိတ်ဓါတ်စစ်ဆင်ရေးလက်နက်တခုဖြစ်သည်။ တပ်မတော်သည် Guardian ဂါဒီယန်သတင်းစာနှင့် ဂါဒီယန်မဂ္ဂဇင်းကိုလည်း ထုတ်ဝေခဲ့သည်။ ၎င်းတို့သည် စစ်တပ်ကို ထောက်ခံသောအမြင်ကို ကိုယ်စားပြုနေကြသည်။ စီးပွားရေးအခြေခံပေါ်တွင်သာ ထုတ်ဝေဖြန့်ချိသည်။

၁၉၆ဝ စုနှစ်စောစောပိုင်းတွင် DSI အောက်တွင် လုပ်ငန်းအနည်းငယ်သာကျန်ပြီး အများစုမှာ အသစ်ဖွဲ့စည်း ထူထောင်လိုက်သည့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုကော်ပိုရေးရှင်း BEDC (ဘီအီးဒီစီ) အောက်သို့ ရောက်ရှိသွားသည်။ ဘီအီးဒီစီကို တပ်မတော်အောက်တွင် ထိထိရောက်ရောက် စီမံခန့်ခွဲခဲ့သည်။ ဘီးအီးဒီစီသည် သွင်းကုန်ပို့ကုန် လုပ်ငန်းနှင့်အင်းဝဘဏ်၊ အင်းဝစာအုပ်တိုက်မှအစ ဘီးအီးဒီစီ အရက်ဆိုင်အထိ ခြေလှမ်းကျဲခဲ့သော အရင်းအနှီးတရပ် ဖြစ်သည်။ ဗမာ့စီးပွားရေးနယ်ပယ်တွင် အဓိကလွှမ်းမိုးနေရာယူလာတော့မည့် အဖွဲ့အစည်းတရပ်ဟူ၍ ထိုအချိန်က စီးပွားရေးအသိုင်းအဝိုင်းက စောင့်ကြည့်နေခဲ့ကြရသည်။

ဤအရင်းအနှီးသည် အာဏာနှင့်ပေါင်းစပ်ထားသော စစ်ဗျူရိုကရက်အရင်းအနှီးများဖြစ်သဖြင့် အခွင့်ထူးအခွင့်ကောင်း များလည်း အများအပြားခံစားခွင့်ရခဲ့သည်။ အလွယ်ဆုံးဥပမာမှာ စစ်တပ်အရာရှိများ၏ လစာမှန်သမျှ အင်းဝဘဏ်မှတဆင့် ထုတ်ယူနိုင်ရန် စီစဉ်နိုင်ခဲ့သည်။ ရန်ကုန်နှင့်ပြည်အကြားရှိ စပါးစက်အချို့နှင့် စပါးများကို လက်ဝါးကြီးအုပ်ဝယ်ပြီး ပြည်ပတင်ပို့ခွင့်ရခဲ့သည်။ သွင်းကုန်လိုင်စင်များလည်း အမြောက်အများရခဲ့သည်။

ထိုစဉ်က ဘီးအီးဒီစီပေါ်ပေါက်လာမှုကို သာမန်ဟုယူဆလျှင် အမှားကြီးမှားပေလိမ့်မည်။ အင်မတန် အခိုင်အမာကျသော နောက်ခံနိုင်ငံရေးအကြောင်းရင်းများ ရှိနေပေသည်။ ထိုအချိန်က ဗမာပြည်နိုင်ငံရေးလောကမှာ မတည်မငြိမ် ကသောင်ကနင်း ရှိလှသည်။ တပြည်လုံးတွင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ အားကောင်းဆဲရှိနေသလို ဖဆပလအဖွဲ့မှာမူ နှစ်ခြမ်းကွဲထွက် သွားခဲ့လေပြီ။ ဤတွင် စစ်တပ်အတွင်းမှ စစ်ဗိုလ်များ အနေဖြင့် ကိုယ့်အစွမ်းကိုယ် စမ်းသပ်ကြည့်လိုစိတ်များ တဖွားဖွားပေါ်နေသည်။ နိုင်ငံရေးဇတ်ခုံပေါ်တက် ဗလပြရန်ပင်တာစူလျက်ရှိသည်။ ၁၉၅၈ အာဏာသိမ်းပွဲမှာ ၁၉၆၂ အာဏာသိမ်းပွဲအတွက် ဝတ်စုံပြည့်ဇတ်တိုက်ခြင်းဟုဆိုနိုင်သည်။

တိုင်းပြည်အတွင်း၌သော်လည်းကောင်း၊ နိုင်ငံတကာနယ်ပယ်၌သော်လည်းကောင်း နိုင်ငံရေးအင်အားစုတရပ်အဖြစ် ဗြောင်ထွက် ရပ်ပြမည်ဆိုလျှင် စစ်ရေးအင်အားသာမက ဓနအင်အားပါ ကျောထောက်နောက်ခံ ရှိဖို့လိုသည်ဟု ယူဆခဲ့ကြဟန်ရှိသည်။ သို့ဖြင့် ဒီအက်စ်အိုင် (DSI) ခေါ် တပ်မှ ဦးစီးခဲ့သောကုန်ပစ္စည်းအရောင်းဆိုင်များမှ အတွေ့အကြုံ ရထားသော စစ်ဗိုလ်များသည် ဘီအီးဒီစီကို တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်က အရင်းအနှီးဟူရာတွင် စစ်သားများလစာထဲမှ လစဉ်ဖြတ်ယူသည်လည်းပါခဲ့သည်။ သို့သော် ပြည်ပထွက်ပြီးဆက်သွယ်ခြင်း၊ ထိုမှတဆင့် လာဘ်လာဘသာမက အခြားသော ပွဲစားခံစားခွင့် (ဝေခံစံစားခွင့်) စသည့် အခွင့်ထူးများ ကို ခံစားရသူများမှာမူ လက် တဆုပ်စာ ထိပ်ပိုင်းမှအရာရှိကြီးများသာ ဖြစ်ခဲ့သည်။

ဘီအီးဒီစီကိုဦးစီးသော စစ်ဗိုလ်များက နိုင်ငံတကာနိုင်ငံရေး၊ စီးပွားရေးနယ်ပယ်တွင် ဝင်ဆန့်လာအောင် လုပ်ကြသည်။ နိုင်ငံခြားမှ နိုင်ငံရေး၊ စီးပွားရေး၊ အင်အားစုများနှင့် ဆက်သွယ်မှု၊ ရင်းနှီးမှု၊ အထူးသဖြင့် ဂျပန်နိုင်ငံရေးလောက၊ စီးပွားရေးလောကနှင့် ရင်းနှီးမှုရှိလာအောင် လုပ်ခဲ့ကြသည်။

သို့သော် စစ်အုပ်စုဟူ၍ နိုင်ငံရေးစစ်မြေပြင်သို့ထွက်လာရာတွင် ၎င်းတို့အတွင်းရှိ မွေးရာပါရောဂါကို မကုစားနိုင်ပဲ ထွက်ခဲ့ခြင်းသာဖြစ်သည်။ ယင်းရောဂါမှာ အခြားမဟုတ်၊ စစ်အုပ်စုအတွင်း၌ စစ်အုပ်စုကွဲများ ထပ်မံကွဲနေခြင်းပင် ဖြစ်သည်။ ဘီးအီးဒီစီပေါ်ခဲ့ခြင်းသည်ပင်လျင် ထိုစဉ်က စစ်အုပ်စုအတွင်း၌ ဗိုလ်ချုပ်နေဝင်းတဦးတည်း ပြည်တွင်းပြည်ပ ဝင်ငွေများနှင့် ကြွယ်ဝနေခြင်းကို မကျေနပ်သဖြင့် နောက်အုပ်စုတခုမှ ထိပ်ပိုင်းက စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် ဘီအီးဒီစီကို ဗိုလ်ချုပ်ကြီးနေဝင်းက အင်မတန်မျက်စိစပါးမွေးစူးခဲ့သည်ဟု အဆိုရှိခဲ့သည်။

ထို့ကြောင့် ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးသည့်နောက် ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်အာဏာကို လက်ဝါးကြီးအုပ် သိမ်းပိုက်ပြီး အခြားနိုင်ငံရေးအင်အားစုများကို နှိပ်ကွပ်ခြင်းနှင့်အတူ စစ်တပ်အတွင်း၌လည်း အခြားသော စစ်အုပ်စုဝင်များကိုလည်း အပြတ်နှိမ်နှင်းတော့သည်။ ကျနော်ကတော့ ဒီကောင်တွေရဲ့ပါးစပ်တွေထဲကဟာတွေ အကုန်ကော်ထုတ်ပစ်မှာပဲ ဟု ခေါင်းဆောင်ချင်း ဆွေးနွေးပွဲတခုတွင် ဦးနေဝင်းကထုတ်ပြောခဲ့သည်။ သို့ဖြင့် ဘီအီးဒီစီ၊ အင်းဝဘဏ်စသည့် လုပ်ငန်းအားလုံး ပြည်သူပိုင်စာရင်းတွင် ပါသွားတော့သည်။

၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီအမည်ဖြင့် တပ်မတော်က အာဏာသိမ်းပြီး မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် စီးပွားရေးစနစ်ကို စတင်ချိန်၌ ဤတပ်မတော်စီးပွားရေးလုပ်ငန်းများသည် ပြည်သူပိုင်လုပ်ရေး အစီအစဉ်အောက်တွင် ပထမဆုံးရောက်ရှိသွားကြသည်။ ၁၉၆၃ ခုနှစ်၊ အောက်တိုဘာလ (၂ဝ) ရက်နေ့တွင် တော်လှန်ရေးကောင်စီအစိုးရသည် DSI နှင့် BEDC ပိုင်ဆိုင်သည့်ပိုင်ဆိုင်မှုနှင့်ကုမ္ပဏီအားလုံး စုစုပေါင်း (၄၇) ခုကို ပြည်သူပိုင်အဖြစ် သိမ်းပိုက်ခဲ့သည်။ ပြည်သူပိုင်သိမ်းချိန်က DSI အောက်တွင် ကုမ္ပဏီ (၅) ခုရှိပြီး BEDC အောက်တွင် ကုမ္ပဏီ ၄၂ ခုရှိသည်။ (နောက်ဆက် တွဲ (ခ)နှင့် (ဂ)တွင် ရှု)

၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်၊ ဆိုရှယ်လစ်ခေတ်တလျှောက်လုံး တပ်မတော်ကို စီးပွားရေးလုပ်ငန်းများမှ ထိန်းချုပ်ရန် လိုအပ်ခဲ့သည်။ ထို့ကြောင့် စစ်တပ် စီးပွားရေးလုပ်ငန်းများမရှိခဲ့၊ သို့သော်လည်း တပ်မတော်သည် အခြေခံကုန်ထုတ်လုပ် ရေးတွင် ပါဝင်ခဲ့သည်။ အများစုမှာ တပ်မတော်သားများနှင့် ၎င်းတို့၏မိသားစုများ သက်သာချောင်ချိရေးလုပ်ငန်းများတွင် ဖြစ်ပြီး အဓိကအားဖြင့် အသေးစားလုပ်ငန်းအနေဖြင့် တဦးချင်းလုပ်ကိုင်ခြင်းဖြစ်သည်။ တပ်ရင်းရံပုံငွေမှ ဘဏ္ဍာရေး အထောက်အပံ့ ရယူသည်။ ဥပမာ၊ တပ်ရင်းအလိုက် စပါးနှင့် အသီးအရွက်စိုက်၊ ကြက်ဝက်ငါး မွေးမြူ၊ စားသောက်ဆိုင်၊ အရက်ဆိုင်ဖွင့်ခြင်း၊ ဗီဒီယိုပြခြင်းနှင့် ဖယောင်းတိုင်လုပ်ငန်းကဲ့သို့ အိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ဖြစ်သည်။ အာလုံးကို တပ်ရင်းရံပုံငွေက စိုက်ပေးသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ၊ တပ်မတော်က အာဏာသိမ်းပြီးနောက်မှ သာလျင် စစ်တပ်စီးပွားရေးလုပ်ငန်းများ အကြီးအကျယ် ပြန်လည်ရှင်သန်လာခြင်းဖြစ်သည်။

ဒေါက်တာတင့်ဆွေ
(မှတ်ချက်။ ဦးဗလ ရေးသားချက်တွေကို အခြေခံထားခြင်းသာဖြစ်ပါတယ်။ စာတမ်းက ၂၅ မျက်နှာရှည်လို့ အပိုင်းခွဲတင်ပါမယ်။)

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ