ပြည်ထောင်စုမြန်မာနိုင်ငံ ဦးပိုင်လီမိတက် (၃)

ပြည်ထောင်စုမြန်မာနိုင်ငံ ဦးပိုင်လီမိတက် (Union of Myanmar Economic Holdings Limited) (သို့) တပ်မတော် လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းအကြောင်း အပိုင်း (၃)

Asia World ကို Crony capitalist ခရိုနီအရင်းရှင် (ခရိုနီ) လို့ပြောနိုင်တယ်။ UMEH ဦးပိုင်ကို (ခရိုစိမ်း) လို့ အရပ်ခေါ် ခေါ်နိုင်ပါတယ်။

ဦးပိုင်တည်ထောင်ရသည့်ရည်ရွယ်ချက်
၎င်း၏အဓိကရည်ရွယ်ချက်မှာ တပ်ရင်းသက်သာချောင်ချိရေးအဖွဲ့များ၊ တာဝန်ထမ်းဆောင်ဆဲနှင့်အငြိမ်းစား တပ်မတော်သားများနှင့် စစ်ပြန်စစ်မှုထမ်းဟောင်း အဖွဲ့အစည်းများအား ထောက်ပံ့ရန်ဖြစ်သည်ဟု ဆိုထားသည်။ အမှန်တွင်မူ ဦးပိုင်လီမိတက်ကို နဝတ/နအဖ စစ်အုပ်စုက တည်ထောင်လိုက်သည့် ရည်ရွယ်ချက်ထဲတွင် စစ်တပ် အရာရှိကြီးများကသာ ထိပ်ပိုင်းမှချယ်လှယ်အကျိုးခံစားရရေး၊ တပ်သားများ၏ လခကိုဖြတ်ပြီး အရင်းပြုကာ သွေးစုတ်ရေး စသည်တို့ အလိုလိုပါဝင်ပြီး ဖြစ်နေသည်။ အောက်ခြေတပ်မှူးတပ်သားများ၏ဘဝကို အသေခံ ပဲစားဘဝမှ မြှင့်တင်မည့် ရည်ရွယ်ချက် လုံးဝမပါဝင်ချေ။ ချုပ်ပြောလျှင် စစ်အာဏာရှင်သက်ဆိုးရှည်ရေးနှင့် စစ်ဗိုလ်ချုပ် မိသားစုများ၏ ရာသက်ပန် အကျိုးစီးပွားအတွက် တိုင်းပြည် စီးပွားရေးအသက်သွေးကြော တခုလုံးအား အာဏာဖြင့် လက်ဝါးကြီးအုပ်ရန် ပြင်ဆင် လုပ်ကိုင်ခြင်းပင်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုပမာဏ
အစကနဦး အရင်းအနှီးပမဏမှာ ကျပ်ကုဋေတထောင်ရှိသည်။ ဗမာပြည်သမိုင်းတွင် စတင်တည်ထောင်စလုပ်ငန်း တခုအဖို့ အကြီးမားဆုံး အရင်းအနှီး အဖြစ် စံချိန်သစ်တင်လိုက်သည်။ ဤအရင်းအနှီးပမာဏသည် အစိုးရ၏ ဘတ်ဂျက်တွင်ပါရှိသော တတိုင်းပြည်လုံး၏ တနှစ်စာရင်း နှီးမြှုပ်နှံမှုထက်ပင် များနေသေးသည်။ ၁၉၈၈-၈၉ ခုနှစ် အတွင်း တပြည်လုံးအတွက် ရင်းနှီးမြှုပ်နှံရန် လျာထားချက်မှာ ဤဦးပိုင်လီမီတက်၏ အရင်းအနှီးထက် ၁၇၉့၂ ကုဋေ လျော့နည်းသည်။ ကုဋေတထောင်ဆိုသည်မှာ ၁၉၈၈-၈၉ ခုနှစ်ပြည်ပို့ကုန်မှရသော စုစုပေါင်း၏ ခြောက်ဆရှိပြီး၊ အစိုးရစစ်အသုံးစရိတ်၏ ငါးဆမျှရှိသည်။

ကုန်သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၇/၉ဝ၊ အပိုဒ် ၄၊၅၊၆ အရ အရင်းအနှီး၏ ၄ဝ% ကို ကာကွယ်ရေး ဝန်ကြီးဌာန၊ ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံးက ထည့်ဝင်ပြီး ကျန် ၆ဝ%ကို စစ်တပ် အသိုင်းအဝိုင်းများက ထည့်ဝင် မည်ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာန၊ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးက ထည့်ဝင်မည့် ၄ဝ%၊ တနည်း ကျပ် ကုဋေ ၄ဝဝ မှာ ပြည်သူ့ဘဏ္ဍာများဖြစ်သည်။

ရှင်းရှင်းပြောရလျှင် စစ်တပ်အဝန်းအဝိုင်းက ပိုင်ဆိုင်ခံစားကြမည့် ရင်းနှီးမြှုပ်နှံမှုကြီးအတွက် ပြည်သူလူထု၏ ငွေ ကျပ် ကုဋေ ၄ဝဝ ကို အတိုးမရှိ ဆွဲသုံးလိုက်ခြင်း ဖြစ်သည်။ ထို့ပြင် ဤကုဋေ (၄ဝဝ) အတွက် ပြည်သူဘက်မှ (အစိုးရဘက်မှ) ကိုယ်စားပြုရမည့်သူမှာ ယင်းအမိန့်ကြော်ငြာစာ၏ အပိုဒ် ၂(က) တွင် ဖော်ပြထားသည့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူးစသော စစ်ဗိုလ်ချုပ်များပင် ဖြစ်နေသည်။ ကျန် ၆ဝ% ကို စစ်မှုထမ်းဆဲနှင့် အငြိမ်းစားတပ်မတော် အရာရှိများ၊ စစ်မှုထမ်းဟောင်းအုပ်စုများအပါအဝင် တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်းနှင့် မိတ်ဆွေအဖွဲ့များက ပိုင်ဆိုင်မည် ဖြစ်သည်။ အောက်ခြေ တပ်မှူးတပ်သားများအဖို့မူ အစုရှယ်ယာဝင်ဖို့ဆိုပြီး မိမိတို့၏ မလောက်မငှလခထဲမှ ရာနှုန်းဖြင့် ဖြတ်တောက်ခြင်းခံကြရသည်။

တိုးပွားလာသည့်အရင်းအနှီးများ
၂ဝဝ၇ ခုနှစ်တွင် ဦးပိုင်၌ Authorized capital (တရားဝင်သတ်မှတ်သည့်ငွေရင်း-ကုမ္ပဏီက ထုတ်ပေးမည့် အစုရှယ်ယာများ၏ တန်ဖိုး) မှာ ကျပ်သန်းပေါင်း (၄ဝ,ဝဝဝ) နှင့် Allotted capital (ခွဲဝေ သတ်မှတ်ပေးအပ်ပြီးသော အရင်း) ကျပ်သန်းပေါင်း (၃၉,ဝဝဝ) ရှိသည်။ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးတို့မှ (က) အဆင့် အစုရှယ်ရာပိုင်ဆိုင်သူများအနေဖြင့် ကျပ်ငွေ (၈ဝ၈့၃) သန်းနှင့် သန်းပေါင်း (၃၃ဝ) အသီးသီး ရင်းနှီးမြှုပ်နှံ ထည့်ဝင်ကြပြီး လက်ရှိ စစ်မှုထမ်း (၃၅,၅၄၄) ဦးမှ ကျပ်ငွေ (၁၉၁၆့၈၁) သန်း၊ တပ်ရင်းတပ်ဖွဲ့ (၁၄၆၇) ဖွဲ့မှ သန်းပေါင်း (၃၃၇၄၅့၃၁) သန်း၊ အငြိမ်းစားစစ်မှုထမ်း (၆ဝ၆၉) ယောက်မှ ကျပ်ငွေ (၁၂၆၅့၅၃) သန်းနှင့် စစ်မှုထမ်းဟောင်း စည်းရုံးရေးကော်မတီ (၈၉) ဖွဲ့မှ ကျပ်ငွေသန်းပေါင်း (၄၂၇၉၆) သန်း စသဖြင့် အသီးသီး (ခ) အဆင့် ရှယ်ယာ ပိုင်ဆိုင်သူများအနေဖြင့် ထည့်ဝင်ကြသည်။ ဤသည်မှာ ၂ဝဝ၅ ခုနှစ်မှစ၍ ၂ နှစ်အတွင်း ဦးပိုင်လုပ်ငန်း သိသိသာသာ တိုးချဲ့မှုဖြစ်သည်။

၂ဝဝ၅ ခုနှစ်တွင် ဦးပိုင်ကုမ္ပဏီ၌ Authorized capital ကျပ်သန်းပေါင်း (၃ဝ,ဝဝဝ) နှင့် Allotted capital ကျပ်သန်းပေါင်း (၂၁,ဝဝဝ)သာ ရှိသည်။ (က)အဆင့် အစုရှယ်ယာ ပိုင်ဆိုင်သူများမှာ အပြောင်းအလဲ မရှိသော်လည်း၊ (ခ) အဆင့် ရှယ်ရာ ပိုင်ဆိုင်သူများထဲတွင် လက်ရှိ စစ်မှုထမ်း (၂၄,၉၇၃) ယောက်မှ ကျပ်ငွေသန်းပေါင်း (၁၇၅၉့၅၇) သန်း၊ တပ်ရင်းတပ်ဖွဲ့ (၁၃ဝ၈) ဖွဲ့မှ ကျပ်ငွေ သန်းပေါင်း (၁၇၈၄၆.ဝ၁)သန်း၊ စစ်မှုထမ်းဟောင်း (၃၄၃၇)ယောက်မှ ကျပ်ငွေ (၆၇၁.၁၉) သန်း နှင့် စစ်မှုထမ်းဟောင်း စည်းရုံးရေးကော်မတီ (၈၂) ဖွဲ့မှ ကျပ်ငွေ သန်းပေါင်း (၃၅၂.၈၉) သန်း အသီးသီးထည့်ဝင်ကြသည်။ (ခ) အဆင့် ရှယ်ယာပိုင်ဆိုင်သူများမှ အဓိကတိုးပွားမှုမှာ တပ်ရင်းတပ်ဖွဲ့များနှင့် အငြိမ်းစားစစ်မှုထမ်းဟောင်းတို့မှဖြစ်သည်။

တပ်ရင်းတပ်ဖွဲ့များအနေဖြင့် အကြီးစားတပ်ဖွဲ့တခုကို ကျပ်သိန်း ၅ဝဝ ဖိုး၊ အလတ်စားတပ်ဖွဲ့တခုကို ကျပ်သိန်း ၃ဝဝ ဖိုး၊ အသေးစားတပ်ဖွဲ့တခုကို ကျပ်သိန်း ၂ဝဝ ဖိုး ဦးပိုင်အစုရှယ်ယာများဝယ်ဖို့ သတ်မှတ်ထားပြီး သတ်မှတ်ကာလတခုအတွင်း အကျေပေးသွင်းရမည်ဖြစ်သည်။ ဤငွေများကို တပ်ရင်းတပ်ဖွဲ့များက ကိုယ့်အစီအစဉ်နှင့်ကိုယ် နည်းလမ်း အမျိုးမျိုးဖြင့် ရှာကြရသည်။ အမြတ်ငွေခွဲပေးမှုမှာ သိန်း ၅ဝဝ ရှယ်ယာဝင်ထားသည့် တပ်ဖွဲ့များအတွက် တနှစ်လျှင် ကျပ် ၇၅ သိန်း ဖြစ်သည်။ ဤအမြတ်ငွေကို သက်ဆိုင်ရာတပ်မှူးက မိမိ၏တပ်ရင်းတပ်ဖွဲ့အတွက် လိုအပ်သလို သုံးစွဲနိုင်သည်။ ဥပမာ ယူနီဖောင်း၊ မူကြိုကျောင်း၊ စစ်ဖိနပ်စသဖြင့်။

အချို့တပ်ရင်းတပ်ဖွဲ့များမှာ စီးပွားရေးကြပ်တည်းမှုကြောင့် အချိန်မှီပေးသွင်းရန်ခက်ခဲနေရာမှ တပ်မတော်သားတို့၏ ဘဏ်စုငွေများကို လက်လှည့်ယူငင် ပေးသွင်းမှုများ လုပ်ခဲ့ကြသည်။ တပ်မတော်သားတို့ကလည်း စီးပွားရေးအခက် အခဲကြောင့် ဘဏ်စုငွေများ ပြန်ထုတ်လိုသည့်အခါ မပေးနိုင်ဖြစ်ပြီး တပ်တွင်းအမိန့်ဖီဆန်မှုများ ပေါ်ခဲ့သည်။ ဥပမာ-တပ်မ ၁၁။ ဘဏ်စုငွေများကို ဦးပိုင်အတွက် ခေါင်းစဉ်ပြောင်းသုံးမှုအပြင် တပ်မှူးနှင့်တပ်ထောက်တို့က အလွဲသုံးစားမှု များကြောင့်လည်း တပ်တွင်းဖီဆန်မှုများ ပေါ်ခဲ့သည်။ ဦးပိုင်မှရသည့် အမြတ်ငွေများကို အလွဲသုံးစားမှုများလည်း ရှိလာသည်။

ဦးပိုင်ဖွဲ့စည်းပုံ
၂ဝဝ၇ ခုနှစ်တွင် ဦးပိုင်ကို ဒါရိုက်တာဘုတ်အဖွဲ့ဝင် (၁ဝ) ဦးဖြင့် စီမံခန့်ခွဲသည်။ ပထမဆုံး ဥက္ကဋ္ဌမှာ ဒုတိယ ဗိုလ် ချုပ်ကြီး မျိုးညွန့်ဖြစ်ပြီး၊ ဦးဆောင်ညွှန်ကြားရေးမှူးမှာ ဗိုလ်မှူးချုပ် ဒေးဗစ် အေဘယ် ဖြစ်သည်။ ၁၉၉၆ခုနှစ်တွင် ၎င်းတို့နေရာကို ဗိုလ်ချုပ်သန်းဦးနှင့် ဗိုလ်မှူးချုပ်ဝင်းလှိုင်တို့က ဆက်ခံသည်။ ဥက္ကဋ္ဌနေရာကို ၁၉၉၈ခုနှစ်တွင် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းမြင့်နှင့် ၂ဝဝ၂ ခုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေးက ယူခဲ့သည်။ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလတွင်မူ စစ်ရေးချုပ်အသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူ ဗိုလ်ချုပ်ခင်ဇော်ဦးအား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ဗိုလ်ချုပ်ဝင်းသန်းအားလည်ေးကာင်း ပြောင်းလဲတာဝန်ပေးခဲ့သည်။ မူလက စစ်ရေးချုပ်ရုံး အောက်တွင်ထားရှိပြီး ၂ဝဝ၇ ခုနှစ်တွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုရုံး အောက်တွင် ပြောင်းလဲ ထားရှိခဲ့သော်လည်း ယခုအခါ စစ်ရေးချုပ်ရုံးအောက်သို့ ပြန်လည်ရောက်ရှိသွားသည်။

ဦးပိုင်၏လုပ်ငန်းများ
၁၉၉ဝ ခုနှစ်နှင့် ၂ဝဝ၇ အစောပိုင်းကာလအတွင်း ဦးပိုင်ကို ကုမ္ပဏီလုပ်ငန်းပေါင်း (၇၇) ခုဖြင့် ဖွဲ့စည်းထားသည်။ ဦးပိုင် လုပ်ငန်းများကို ယျေဘုယျအားဖြင့် ဦးပိုင်ကအပြည့်အဝပိုင်သည့်ကုမ္ပဏီ၊ ကုမ္ပဏီခွဲနှင့် ဦးပိုင်နှင့်တွဲဖက်လုပ်ကိုင်သည့် ကုမ္ပဏီများ ဟူ၍ ခွဲခြားနိုင်သည်။ သို့သော် ၂ဝဝ၇ ခုနှစ်တွင် စုစုပေါင်း လုပ်ငန်း (၅၁) ခုသာ ကျန်တော့သည်။ အပြည့် အဝပိုင်ဆိုင်သည့် လုပ်ငန်း (၃၅) ခု၊ ကုမ္ပဏီခွဲ (၉) ခုနှင့်တွဲဖက်လုပ်ကိုင်သည့်လုပ်ငန်း (၇) ခုတို့ ဖြစ်ကြသည်။ ၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာရေးနှစ်တွင် ဦးပိုင်မှ လည်ပတ်နေသည့် ကုမ္ပဏီပေါင်း (၄၈) ခုရှိသည်။ ထိုနှစ်ကတည်းက ကုမ္ပဏီခွဲများနှင့် တွဲဖက်ကုမ္ပဏီ အများအပြားကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်။ ယခုထိ ဖျက်သိမ်းလိုက်သည့် ကုမ္ပဏီပေါင်းမှာ (၂၆) ခု ဖြစ်သည်။ (ဇယား ၆.၁၁ နှင့် နောက်ဆက်တွဲ ၉)

ဦးပိုင်သည် ၁၉၉ဝ ခုနှစ်နှင့် ၂ဝဝ၇ မတ်လအတွင်း စုစုပေါင်း အမြတ်ငွေ ကျပ်သန်းပေါင်း (၅၅၄၆၂.၆၆) သန်း ရရှိခဲ့ပြီး ၎င်းတို့ထဲမှ ကျပ်သန်းပေါင်း (၇၈၉့၇၃) သန်းနှင့် (၄၃၈၈၅့၅၂) သန်းကို (က) အဆင့်ရှယ်ယာရှင်များနှင့် (ခ) အဆင့် အစုရှယ်ယာရှင်များအား အသီးသီးခွဲဝေပေးခဲ့သည်ဟု ဆိုသည်။

သို့သော် လွန်ခဲ့သည့် ၅ နှစ်ကတည်းက တပ်ရင်းတပ်ဖွဲ့များသို့ ပေးရမည့် အမြတ်ငွေများအား မပေးတော့ဘဲ ပြန်လည် ရင်းနှီးမြှုပ်နှံရန်အတွက် ထားရှိကြောင်း သိရသည်။ အကြမ်းဖျဉ်းအားဖြင့် ၁၉၉၅-၉၆ ဘဏ္ဍာရေးနှစ်စကတည်းက (ခ) အဆင့် အစုရှယ်ယာပိုင်ဆိုင်သူများသည် ၎င်းတို့၏ရင်းနှီးမြှုပ်နှံငွေများမှ နှစ်စဉ်ပြန်ရငွေသည် တနှစ်လျှင် ၃ဝ% ရှိ သည်။ ဘဏ်အပ်နှံငွေသည်ပင်လျှင် တနှစ်၌ ၁ဝ%မျှသာ အတိုးနှုန်းရရှိသည်။ (ဇယား ၆.၁၂ တွင် ရှု)

၁၉၉၉ ခုနှစ် ဧပြီလနှင့် ၂ဝဝ၄ ခုနှစ် မတ်လအတွင်း ဦးပိုင်လီမိတက်နှင့် အပြည့်အဝပိုင်သည့်ကုမ္ပဏီများ၊ ကုမ္ပဏီခွဲ များ နှင့် တွဲဖက်ကုမ္ပဏီများသည် အမြတ်ငွေ ကျပ်သန်းပေါင်း (၇၄၅၆၁့ဝ၅) သန်း (သို့မဟုတ် ကျပ်သန်းပေါင်း ၇၄၁ဝ၆့၈၁ သန်း (အပေါင်း) အမေရိကန်ဒေါ်လာ ၇၁့၈၉ သန်း) ရရှိခဲ့သည်။

ဦးပိုင်၏ဖက်စပ်လုပ်ငန်းများ (UMEH Business Ventures)
- ဦးပိုင်က အပြည့်အဝပိုင်သည့်လုပ်ငန်း။
- ဦးပိုင်နှင့်ဖက်စပ်ပိုင်လုပ်ငန်း။
- ဦးပိုင်၏လုပ်ငန်းခွဲများ၊
- ဦးပိုင်နှင့်တွဲဖက်လုပ်ကိုင်နေသည့်လုပ်ငန်း။
- ဦးပိုင်နှင့်ချိတ်ဆက် (သို့မဟုတ်) ဦပိုင်မှ ဘဏ္ဍာငွေထောက်ပံ့ထားသည့် စီမံကိန်းများဟူ၍ ခွဲခြားနိုင်သည်။
(နောက်ဆက်တွဲ (က) တွင် ရှု)

၂ဝဝ၆-ဝ၇ခုနှစ် ဘဏ္ဍာရေးနှစ်တနှစ်အတွင်း ဦးပိုင်လီမိတက်သည် အမြတ်ငွေ ကျပ်သန်းပေါင်း (၄၉၉၆၈့၉၈) သန်း (သို့မဟုတ် စတာလင်ပေါင်ငွေ ဝ့၂ သန်း၊ အမေရိကန်ဒေါ်လာ ၃ဝ့၅၃ သန်း နှင့် ကျပ်ငွေ ၄၉၇၈၉့၅၁ သန်း) ရှာဖွေ (သို့မဟုတ်)နိုင်ခဲ့သည်။ သို့သော် ဦးပိုင်လီမိတက် ကုမ္ပဏီအားလုံးမှ အမြတ်ငွေများ ရှာဖွေနေခြင်း မဟုတ်ပေ။

ဦးပိုင်၏ကူးသန်းရောင်းဝယ်ရေးအကျိုးစီးပွားများတွင် ကျောက်မျက်ထုတ်လုပ်ရေးနှင့် ဈေးကွက်တင်ပို့ခြင်း၊ အထည် ချုပ်စက်ရုံ၊ သစ်နှင့်သစ်အခြေပြုလုပ်ငန်း၊ စားသောက်ကုန်နှင်အဖျော် ယမကာနှင့် အခြားကုန်သွယ်မှုလုပ်ငန်း၊ ကုန်တိုက်ကြီးများ၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ကြေးနန်းဆက်သွယ်ရေး နှင့် လျှပ်စစ်ပစ္စည်၊ ကွန်ပြူတာ၊ ဆောက်လုပ်ရေးနှင့်ခြံမြေအရောင်းအဝယ်လုပ်ငန်း၊ သံမဏိစက်ရုံ၊ ဘိလပ်မြေထုတ်လုပ်ရေး၊ မော်တော်ကား စက်ရုံ၊ အလှကုန်၊နှင့် စာရေးကိရိယာဆိုင်များ ပါဝင်သည်။

၂ဝဝ၆-ဝ၇ ဘဏ္ဍာရေးနှစ်တွင် ဦးပိုင်သည် ကုမ္ပဏီ (၃၅) ခု လုပ်ကိုင်နေသည်။ (၆) ခုမှာ ၁၉၉၉ ခုနှစ်ကတည်းက ဖျက်သိမ်းလိုက်ပြီးဖြစ်သည်။ ဦးပိုင်အောက်တွင် မြန်မာပတ္တမြားလုပ်ငန်းသည် မိုးကုတ်ကျောက်တွင်း၊ မိုင်းရှူး ကျောက်တွင်း၊ နန်းယာသတ္ထုတွင်း၊ မော်ချီးသတ္ထုတွင်းနှင့် သပိတ်ကျင်းရှိ ရွှေသတ္ထုတွင်းတခုကိုလုပ်ကိုင်နေသည်။ ၂ဝဝ၂ ခုနှစ်တွင် နန်းယာသတ္ထုတွင်းကို World Precious Gem Co. Ltd. အား အမြတ်ငွေခွဲဝေမှုအပေါ် အခြေခံ၍ ထပ်ဆင့် ကန်ထရိုက်ချပေးထားသည်။ ရွှေသတ္ထုတွင်းကိုလည်း ပြည်တွင်းကုမ္ပဏီ ၅ ခုအား ထပ်ဆင့်ကန်ထရိုက် ချပေးထားသည်။ Myanmar Imperial Jade Co. Ltd. တွင် ကချင်ပြည်နယ် ဆားမှော်၌ ကျောက်စိမ်းတွင်း ရှိသည်။ ထပ်ဆင့် ကန်ထရိုက် ယူထားသည့် လုပ်ငန်းရှင် ၅ ဦးသည် ဤလုပ်ကွက်တွင် လုပ်ကိုင်နေသည်။

ဦးပိုင်၏ကျောက်မျက်လုပ်ငန်းများ
• ငါးရံ့အင်း လုပ်ကွက်
• ရတနာကဋေကုဋာ လုပ်ကွက် နီလာရိုးမကုမ္ပဏီသို့ မြေငှားချထား
• ရွှေပြည်အေး လုပ်ကွက် (အာရှအဖိုးတန်ကျောက်မျက်ကုမ္ပဏီလီမိတက် Asia Precious Gems Co. Ltd သို့ မြေငှားချထား)
• သူရိန်ကုန်း လုပ်ကွက် မြန်မာစည်သူရတနာကုမ္ပဏီသို့ မြေငှားချထား
• ပန်လင်း လုပ်ကွက် မြန်မာစည်သူရတနာကုမ္ပဏီသို့ မြေငှားချထား
• လင်းရောင်ခြည် လုပ်ကွက် ဇော်ဇော်ကုမ္ပဏီသို့ မြေငှားချထား

မြေငှားချထားသော ကုမ္ပဏီများ၏ ကျောက်မျက်ရောင်းချခြင်းမှ ရသည့်စုစုပေါင်း ငွေ၏ ၆ဝ% ကို ဦးပိုင်က ရရှိသည်။
ရှမ်းရိုးမကျောက်မျက်လုပ်ငန်းအား ထပ်ဆင့်ကန်ထရိုက်ချထားရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)မှ အမြတ်၏ ၁ဝ% ရပြီး ရှမ်းရိုးမကုမ္ပဏီ က ၄၅% နှင့် ဦးပိုင်က ၄၅% ရရှိသည်။ ယခင်က နိုင်ငံတော်ပိုင်သည့် ဦးပိုင်၏ကျောက်မျက် လုပ်ကွက်အချို့ကို ယခုအခါ မူးယစ်ရာဇာများအား လွှဲပြောင်းပေး လိုက်သည် ဟု ခန့်မှန်းရသည်။

ကျောက်စိမ်းလုပ်ကွက်များ
ကျောက်စိမ်းလုပ်ကွက်အများအပြားကို ပုဂ္ဂလိကကုမ္ပဏီများအား ထပ်ဆင့်ကန်ထရိုက်ချပေးထားသည်။ သို့သော် စစ်အစိုးရသည် ဦးပိုင်သို့လွှဲပေးသည့် ထုတ်လုပ်မှု၏ ၅၅% အပြင် လိုင်စင်ကြေးများမှ ကျပ်ငွေသန်းပေါင်းများစွာ ဝင် ငွေရရှိသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ ၅% ပေးရသည်။

ဦးပိုင်မှပိုင်သည့် ကျောက်စိမ်းလုပ်ကွက်များမှာ ဆမားလုပ်ကွက် ရှယ်ရာမိသားစုကုမ္ပဏီလီမိတက် (Share Family Co. Ltd) သို့ ထပ်ဆင့်ကန်ထရိုက် ချပေးထားသည်။ကာရမ်ဂမ်လုပ်ကွက် ရှယ်ရာမိသားစုကုမ္ပဏီလီမိတက် (Share Family Co. Ltd) သို့ ထပ်ဆင့်ကန်ထရိုက် ချပေးထားသည်။ ခိုင်ကျင်းလုပ်ကွက် Gold Gade Gems Co. သို့ ထပ်ဆင့် ကန်ထရိုက် ချပေး ထားသည်။ နတ်မှော်လုပ်ကွက် နီလာရိုးမကုမ္ပဏီလီမိတက်သို့ ထပ်ဆင့်ကန်ထရိုက် ချပေးထားသည်။

ဦးပိုင်နှင့်ဆက်စပ်သည့် စက်မှုလက်မှုဆိုင်ရာ အိမ်ခြံမြေလုပ်ငန်း (Industrial Estates)
နိုင်ငံတော်က အပြည့်အဝပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများ လျော့ကျလာပုံပေါ်သော်လည်း၊ စစ်အစိုးရသည် အရေးပါသော စက်ရုံများနှင့်လုပ်ငန်းများ ဆောက်လုပ်ထားသည့် စက်မှုလက်မှုဆိုင်ရာ အိမ်ခြံမြေ လုပ်ငန်းပိုင်ဆိုင်မှု အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေးလုပ်ငန်းများတွင် အကြီးအကျယ်ပါဝင်လုပ်ကိုင်နေဆဲဖြစ်သည်။

တိုင်းနှင့်ပြည်နယ် (၉)ခုတွင် စက်မှုဇုန် (၁၈) ခုရှိသည်။ စက်မှု(၁)အောက်တွင် သန်လျင်၊ မှော်ဘီ၊ ဒိုက်ဦး၊ ပဲခူးနှင့် စစ် ကိုင်း စသည့် စက်မှုလက်မှုဆိုင်ရာအိမ်ခြံမြေလုပ်ငန်း (၅)ခု ကို ထိန်းချုပ်ထားပြီး၊ စက်ရုံပေါင်း (၇၅) ရုံကျော်ကို တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝ ပိုင်ဆိုင်သည်။

၁၉၉၄ ခုနှစ် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာန အစီရင်ခံစာ ခန့်မှန်းချက်အရ၊ စစ်အစိုးရသည် ရန်ကုန်မြို့၌ နေထိုင်သည့် လူ ၅ဝဝ,ဝဝဝ ကျော်အား မြို့သစ် ဟုခေါ်သည့် ဆင်ခြေဖုံးဒေသများသို့ အဓမ္မရွှေ့ပြောင်းခဲ့သည်။ ဤနေရာများသည် မြိ့ပြင်တွင် ရှိသည်။ မြေယာအများစုကို စီးပွားရေးရည်မှန်းချက်နှင့် စက်မှုလုပ်ငန်းသုံးမြေအတွက် အသုံးပြုလိုက်သည်။ ရန်ကုန်နှင့်ယင်းပတ်ဝန်းကျင်တွင်ဆောက်လုပ်သည့် သော့ချက်ကျသည့် စက်မှုလုပ်ငန်းဆိုင်ရာ အိမ်ခြံမြေ လုပ်ငန်းအများစုကို လူသားအခြေချရေးနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန က ဆောက်လုပ်ခဲ့ပြီး ၎င်းတို့သည် အစိုးရဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်တွင်ရှိသည်။ ထို အတင်းအဓမ္မ ရွှေ့ပြောင်းမှုတွင် အိုးအိမ်ဦးစီးဌာနက အဓိကအခန်းက ပါဝင်သည် ဟု စွပ်စွဲ ပြောဆိုကြသည်။ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသည် ပြည်တွင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ရန်ကုန်တိုင်းတွင် စက်မှုဇုန်များကို အကောင်အထည်ဖော်နေသည်-ဟု မြန်မာစက်မှု လက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး လမ်းညွှန် (၂ဝဝဝ) ၌ ဖော်ပြထားသည်။ အိုးအိမ်ဦးစီးဌာနက ရွှေပေါက်ကံ၊ ဒဂုံ၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်၊ လှိုင်သာယာနှင့် ရွှေပြည်သာစက်မှုဇုန်များကို အကောင်အထည်ဖော်ခဲ့သည်။

လှိုင်သာယာစက်မှုဇုန်တွင် Myanmar Yes၊ Apolo အထည်ချုပ်စက်ရုံနှင့် Jong Lih ကျောပိုးအိတ်စက်ရုံ အပါအဝင် အထည်ချုပ် စက်ရုံ (၁၇) ရုံရှိသည်။ အလုပ်သမားအခွင့်အရေးနှင့်လူ့အခွင့်အရေးများ ချိုးဖောက်သည်ဟု အစီရင်ခံစာ များက ဆိုသည်။ ရွှေပြည်သာ စက်မှုဇုန်တွင် အထည်ချုပ်စက်ရုံ (၉) ရုံရှိသည်။

ဤစက်မှုဇုံ ၂ ခုရှိ စက်ရုံများမှာ အထည်ချုပ်စက်ရုံများ၏ ၂ဝ%- ၃ဝ% ရှိသည် ဟု အများကပြောကြသည်။ စစ်အစိုးရ ထိန်းချုပ်ထားသည့် ဦပိုင်လီမိတက်သည် ဗမာပြည်တွင် ဤစက်မှုဇုံများ၊ အဓိက အထည်ချုပ်စက်ရုံ အများအပြားနှင့် နီးနီးကပ်ကပ် ဆက်နွယ်နေသည်။ ဦးပိုင်က အပြည့်အဝပိုင်ဆိုင်သည့် ပျဉ်းမပင်စက်မှုဇုံ၌လည်း အထည်ချုပ်စက်ရုံ အများအပြားရှိသည်။ ၁၉၉၆ ခုနှစ်တွင် ကလေးလုပ်သားများကို အသုံးပြုထားသည့် ဆောက်လုပ်ရေးလုပ်သားများဖြင့် ဤဇုံကို တိုးချဲ့ပြုပြင်ခဲ့သည်။ ဦးပိုင်နှင့်ဖက်စပ်လုပ်ထားသည့် မြန်မာ့မြေယာနှင့်ဖွံ့ဖြိုးရေးလီမိတက်သည် မြန်မာပြည်၌ စက်မှုလုပ်ငန်းဆိုင်ရာအိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်း အများအပြားကို လုပ်ကိုင်နေသည်။

ဦးပိုင်သည် ဒေဝူး (Daewoo)၊ ယူနီမစ်(Unimix)၊ Segye၊ Triumph တို့နှင့် ၎င်းတို့ ဗမာပြည်မှ မောင်းမထုတ်မီ ဖက်စပ် လုပ်ကိုင်ခဲ့သည်။ ထို့ပြင် ဦးပိုင်သည် ဒေဝူး နှင့် Segye တို့အတွက် ဘဏ္ဍာငွေထောက်ပံ့သည့် စီမံကိန်းကို လုပ်ကိုင်ခဲ့သည်။

ပျဉ်းမပင် စက်မှုဇုံအတွက် မင်္ဂလာဒုံရှိ တပ်ရင်းတရင်းမှ မြေဧက (၆၅ဝ) ခန့်ကို အငှားချထားခဲ့သည်။ ပျဉ်းမပင် စက်မှုဇုန်သည် တပ်မတော်က ပုံဖော်သည့် ဒေသဖြစ်သည်။ ဦးပိုင်က ဖက်စပ်လုပ်ငန်းမှ အမြတ်ရပြီး၊ စစ်တပ်က လျှပ်စစ်၊ ရေ၊ မြေငှားခြင်း စသည့် အရင်းအမြစ်များ ပေးခြင်းတို့မှ ငွေရသည်။ အိုးအိမ်ဦးစီးဌာနနှင့် စက်မှု (၁) က စက်မှုဇုံတွင် လည်ပတ်နေသည့် စီးပွားရေးဖက်စပ်လုပ်ငန်းက ထိုအရင်းအမြစ်များမှ ဝင်ငွေရသည်။

အဝတ်အစားချုပ်သည့် စက်ရုံတခုအား ကွယ်ဝှက်ရိုက်ထားသည့် ဘီဘီစီ ၏ စုံစမ်းစစ်ဆေးမှုတခုတွင် အထည်ချုပ် စက်ရုံအားလုံးကို စစ်အစိုးရက ထိန်းချုပ်ထားသည် ဟု နအဖ အရာရှိတဦးက အခိုင်အမာ ပြောဆိုထားသည်။ မြန်မာ အထည်ထုတ်လုပ်သူများ အသင်းက ကိုယ်စားပြုနေသည့် စက်ရုံ ၉၅% သည် နိုင်ငံတော်ပိုင် ဖြစ်သည် ဟု အစီရင်ခံ ထားသည်။ ကုန်ပစ္စည်း ၇၅%ကို အမေရိကန်က တင်သွင်းပြီး ၂၅% ကို ဥရောပက တင်သွင်းသည်ဟု ဤအသင်းက အစီရင်ခံခဲ့သည်။

၂ဝဝ၂ ဇန်နဝါရီလ ၎င်းတို့မဆုတ်ခွာမီ Triumph International ၏ စက်ရုံသည် စစ်တပ်ပိုင်မြေပေါ်တွင် တည်ရှိသည်။ စက်ရုံကို ကလေးအလုပ်သမားများအပါအဝင် အဓမ္မလုပ်သားများဖြင့် ပြုပြင်တိုးမြှင့်ထားသည်။ Triumph သည် သူ၏ ထုတ်ကုန်အားလုံးနီးပါးကို ပြည်ပသို့ တင်ပို့ပြီး ပို့ကုန်အားလုံးအတွက် စစ်အစိုးရအား အခွန် ၅% ပေးဆောင်သည်။ ထို့ပြင် ငှားရမ်းခများနှင့်ကူးသန်းရောင်းဝယ်ရေးခွန်များကို ဦးပိုင်သို့ တိုက်ရိုက် ပေးဆောင်ခဲ့သည်။

ဗြိတိသျှ-အမေရိကန်ဆေးရွက်ကြီးလုပ်ငန်း (British American Tobacco-BAT) ၏ မြန်မာပြည်ကုမ္ပဏီခွဲမှာ Rothmans of Pall Mall Myanmar ဖြစ်သည်။ ဦးပိုင်နှင့် ၆ဝ/၄ဝ ဖက်စပ်လုပ်ကိုင်သည်။ ပျဉ်းမပင်စက်မှုဇုံတွင် တည်ရှိသည်။ ကလေးလုပ်သားများဖြင့် တိုးချဲ့ပြုပြင် ထားသည်။ ဦးပိုင်၏အခွဲတခုဖြစ်သည့် မြဝတီကုန်သွယ်ရေးကုမ္ပဏီက BAT က ထုတ်လုပ်သည့် စီးကရက်များကို ဖြန့်ဖြူးပေးသည်။

မြန်မာပြည်ရှိ BAT စက်ရုံမှ ၂ဝဝဝ-ဝ၁ ခုနှစ်တွင်ရသည့်အမြတ်မှာ အမေရိကန်ဒေါ်လာ ၁.ဝ၆ သန်းဖြစ်သည်။ ၆ဝ-၄ဝ ခွဲလျှင် စစ်အစိုးရနှင့်ဆွေမျိုးများက တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄ သိန်းရသည်။ ဤငွေသည် အေကေ အလက် ပေါင်း နှစ်သောင်း ဝယ်လို့ရသည်။ စီးကရက် ၂ဝ%သည် အိမ်နီးခြင်းနိုင်ငံများသို့ တင်ပို့ရန် ဖြစ်သည်။ စီးကရက်ပို့ကုန်အပေါ် စစ်အစိုးရကနောက်ထပ် ပို့ကုန်ခွန် ၁ဝ% ရသည်။

Myawaddy Trading သည် ဦးပိုင်၏ လူသိအများဆုံး ကုမ္ပဏီ ဖြစ်သည်။ ၎င်းသည် စားသုံးဆီ၊ ဒီဇယ်၊ မော် တော်ကား၊ သံမဏိတို့တင်သွင်းပြီး ပဲနှင့်ပဲမျိုးစုံ၊ စီးကရက်နှင့် ဘီယာဗူးများကို တင်ပို့သည်။ နိုင်ငံခြားငွေကြေး လဲလှယ်မှု လုပ်ငန်းနှင့်လည်း ချိတ်ဆက်ထားသည်။

မြဝတီဘဏ်လီမိတက်သည် မြဝတီ၊ မုံရွာ၊ တောင်ကြီး၊ ဖားကန့်နှင့် ဘုရင့်နောင်တို့တွင် ဘဏ်ခွဲများရှိပြီး အလုပ်သမား ဦးရေ စုစုပေါင်း (၃၉၁) ယောက်ရှိသည်။ ဤဘဏ်၌ ခွင့်ပြုအရင်းငွေ authorized capital ကျပ် သန်း (၅ဝဝဝ) နှင့် paid-up capital (ထုတ်ပေးရောင်းချပြီးသော အစုရှယ်ယာများမှ ရရှိငွေရင်း) ကျပ် သန်း (၄ဝဝဝ) ရှိသည်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် ဘတ်စ်ကား နှင့် ထရပ်ကားပေါင်း (၁၆၅၉)စီး ပိုင်သည်။ စုစုပေါင်း ဘတ်စ်ကား (၄၇၃) စီးကို ပါရမီသယ်ယူပို့ဆောင်ရေး အမည်ဖြင့် ရန်ကုန်ရှိမြို့တွင်း ဘတ်စ်ကားလိုင်းများတွင်အသုံးပြုနေသည်။ အခြား (၃၅၇) စီးကို ရှမ်းမလေး၊ ရွှေမန်းသူ၊ နှင့်ပုသိမ်သူ စသည့် နာမည်အမျိုးမျိုးဖြင့် အဝေးပြေးခရီးသွားလုပ်ငန်းနှင့် ပို့ဆောင်ရေးလုပ်ငန်း၌ အသုံးပြုနေသည်။ ထရပ်ကား (၅၂၇) စီးကို ကုန်စည်ပို့်ဆောင်ရေးအတွက် အသုံးပြုသည်။ မန္တလေးတွင် ဘတ်စ်ကားနှင့်ထရပ်ကား (၂၄၆) စီးကို ငှားရန် နှင့် ပို့ဆောင်ရေးအတွက် အသုံးပြုသည်။ ဘတ်စ်ကား (၅၆) စီးကို နေပြည်တော်၌သုံးသည်။ ထို့ပြင် ဗန္ဓုလပို့ဆောင်ရေးလုပ်ငန်းက အစိုးရဌာနအသီးသီးနှင့် တသီးပုဂ္ဂလများသို့ ဘတ်စ်ကား (၃၆၉) စီး ရောင်းချခဲ့သည်။

မြဝတီခရီးသွားလုပ်ငန်းက မန္တလေး၊ မိုးကုတ်နှင့် မူဆယ်အကြား လေကြောင်းခရီးသွားလာရေးအတွက် MI-17 ဟယ်လီကော်ပတာများဖြင့် မြဝတီလေကြောင်းလိုင်းလုပ်ငန်းကို လုပ်ကိုင်သည်။ သို့သော် လေကြောင်း ခရီးသွားလာရေး လုပ်ငန်းကို ၁၉၉၇ ခုနှစ်တွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းသို့ လွှဲပြောင်းပေးခဲ့သည်။ မြဝတီခရီးသွားလုပ်ငန်းက မြန်မာပြည်တွင် package tours (ဝန်ဆောင်မှု အမယ်စုံပါသည့်ခရီးသွားခြင်း) ကို လုပ်ကိုင်သည်။

နဝဒေးဟိုတယ်နှင့် ခရီးသွားလီမိတက်က Central Hotel, Ngwe Saung Beach Hotel, Mogok Motel ဆိုသည့် ဟိုတယ် (၃) ခုနှင့် နဝဒေး ဟိုတယ်နှင့်ခရီးသွားအေဂျင်စီဆိုသည့် ခရီးသွားအေဂျင်စီတခုကို လုပ်ကိုင်နေသည်။
ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ဆက်သွယ်လုပ်ကိုင်ရန် မြန်မာဗိသုကာဆောက်လုပ်ရေးလုပ်ငန်းကို ထူ ထောင်ခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် ဤကုမ္ပဏီသည် ပုသိမ်လေယာဉ်ကွင်း ခေတ်မီအောင်ပြုပြင်ရေး လုပ်ငန်းကို အပြီးသတ် ဆောင်ရွက်ခဲ့သည်။ သို့သော် ဦးပိုင်လီမိတက်က အပြည့်အဝပိုင်သည့် ကုမ္ပဏီ (၄) ခုကို အခြားကုမ္ပဏီများနှင့်ပူးပေါင်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများရှိသည်။

၂ဝဝ၆-ဝ၇ ဘဏ္ဍာရေးနှစ်ကုန်တွင် ဦးပိုင်၌ ကုမ္ပဏီခွဲ (၉) ခုရှိသည် ။ ထိုအချိန်က ကုမ္ပဏီ (၁၆)ခု ကို ဖျက်သိမ်းပြီး ဖြစ်သည်။ Myanmar Segye International Ltd. ကို ကိုရီးယား Segye Coporation ၏ လုပ်ငန်းခွဲအဖြစ် တည်ထောင် ခဲ့သည်။ Myanmar Daewoo International Ltd. ကိုလည်း ကိုရီးယားဒေးဝူးကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲအဖြစ် တည်ထောင်ခဲ့သည်။ ဤကုမ္ပဏီ၂ ခု သည် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းတွင် ၎င်းတို့စတင်လုပ်ကိုင်သည့် ပထမဆုံး အမျိုးအစားလုပ်ငန်းဖြစ်သည်။

Rothmans of Paul Mall Myanmar Pte. Ltd. သည် စင်္ကာပူနိုင်ငံ၏ Rothmans Myanmar Holding Pte. Ltd. နှင့်ဖွဲ့စည်းထားသည့် ကုမ္ပဏီခွဲတခုဖြစ်သည်။ ဤကုမ္ပဏီ၏ လူသိအများဆုံး ထုတ်ကုန်မှာ လန်ဒန်စီးကရက်ဖြစ်သည်။
 မြန်မာဘီယာချက်စက်ရုံလီမိတက်သည်လည်း Fraser&Neave ဟုခေါ်သည့် စင်္ကာပူနိုင်ငံ ကုမ္ပဏီခွဲတခု ဖြစ်သည်။ ဤကုမ္ပဏီက မြန်မာဘီယာကို ထုတ်လုပ်ပြီး အပြည်ပြည်ဆိုင်ရာဆု အများအပြားရရှိခဲ့ပြီး စားသုံးသူများအကြား အလွန်ကျော်ကြားသည်။ ၂ဝဝ၃-ဝ၄ ဘဏ္ဍာရေးနှစ်တနှစ်ထဲမှာပင် မြန်မာဘီယာချက် စက်ရုံ လီမိတက်သည် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၉့၉ သန်းနှင့်မြန်မာကျပ်ငွေ ၄၆၂့၄၇ သန်း မြတ်ခဲ့သည်။

ခေါင်မိုးသံပြားနှင့်သံပြားဗြောင်များ ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် Myanmar Posco Steel Co. Ltd. ကို ကိုရီးယားအခြေစိုက် Pohon Iron and Steel Co. Ltd. ဖြင့် ပူးပေါင်းဖွဲ့စည်းခဲ့သည်။ သွပ်ရေလောင်းသံပြားဗြောင် ထုတ်လုပ်သည့် အခြားစက်ရုံတခုမှာ Myanmar Nouveau Steel Co. Ltd. အောက်တွင်ရှိပြီး၊ ပြည်တွင်း Myanmar One Co. Ltd. ၏ ကုမ္ပဏီခွဲတခု ဖြစ်သည်။ ဤကုမ္ပဏီ ၂ ခုသည် အမြတ်ငွေ မဖော်နိုင်ချေ။

paid-up capital အမေရိကန်ဒေါ်လာ (၃.၅) သန်း မြှုပ်နှံထားသည့် The First Automotive Co. Ltd. ကို မြန်မာနိုင်ငံ၌ အပေါ့စား ထရပ်ကားများနှင့် မော်တော်ကားများ တပ်ဆင်ရန် ဂျပန်နိုင်ငံ၊ Mitsugi ကုမ္ပဏီနှင့် ပူးပေါင်းဖွဲ့စည်းခဲ့သည်။ ပထမဆုံး၊ စလယ်ဆုံး တပ်ဆင်မှုပြပွဲ အခမ်းအနားကို ၁၉၉၉ခုနှစ် ဒီဇင်ဘာ လ (၁၇) ရက်နေ့တွင် ကျင်းပခဲ့သည်။ ၂ဝဝ၄ ခုနှစ် မတ်လကုန်အထိ ကားအစီးပေါင်း (၅၃၆)စီး ရောင်းချခဲ့သည်။ အမေရိကန်ဒေါ်လာ (၁့ဝ၆) သန်းနှင့်ကျပ်ငွေ (၄၃့၅၃) သန်း အမြတ်ရခဲ့သည်။

ဟံသာဝတီ ဂေါက်ကွင်းနှင့်မြို့တော်ကလပ်သည် ဂျပန်နိုင်ငံ၊ Nikko Shoji Co. Ltd. ဖြင့် ဖွဲ့စည်းထားသည့် ကုမ္ပဏီခွဲတခု ဖြစ်ပြီး၊ ပဲခူးဒေသ၌ (၈) ခန်းပါ ကြယ်၃ ပွင့် ဟိုတယ်တခု နှင့်ဂေါက်ကွင်းတကွင်း တည်ဆောက်ရန်ဖြစ်သည်။ အမျိုးသား ဖွံ့ဖြိုးမှုကော်ပိုရေးရှင်းကို မြန်မာရွှေကြယ်ကုမ္ပဏီလီမိတက်ဟု အမည်ရသည့် ပြည်တွင်းကုမ္ပဏီဖြင့် ဖွဲ့စည်းခဲ့သည်။ ၎င်း၏အဓိကစီးပွားရေးဆောင်ရွက်မှုမှာ ဥယျာဉ်၊ အိမ်ခြံမြေအကောင် အထည်ဖော်ခြင်းနှင့် လမ်းဆောက်လုပ်ရေး တို့ဖြစ်သည်။ ဤကုမ္ပဏီကို ဖျက်သိမ်းမည့် အကြောင်းရင်းများအနက် အဓိကအကြောင်းရင်း တရပ်က အနောက်နိုင်ငံ အစိုးရများက မြန်မာပြည်အပေါ် ပြဋ္ဌာန်းလိုက်သည့် ရင်းနှီးမြှုပ်နှံမှု ပိတ်ဆို့ခြင်းကြောင့်ဖြစ်သည်။ တခြားဖြစ်နိုင်ဖွယ် အကြောင်းတခုမှာ အကြီးစားစီးပွားရေးပေါ်လစီများနှင့် မြန်မာပြည်၏ စီးပွားရေးပတ်ဝန်းကျင် ညံ့ဖျင်းမှုများနှင့် ဆက်စပ်သည့် အဆောက်အအုံ ဖွဲ့စည်းမှုဆိုင်ရာ ပြဿနာများ ဖြစ်နိုင်သည်။ ၂ဝဝ၆-ဝ၇ ဘဏ္ဍာရေး နှစ်အကုန်တွင် ဦးပိုင်တွင် တွဲဖက်ထားသည့် ကုမ္ပဏီ (၇) ခုရှိရာ၊ (၄) ခုကို ဖျက်သိမ်းခဲ့သည်။

Mercury Manufacturing Co. Ltd. သည် ဦးပိုင်နှင့်တွဲဖက်လုပ်ကိုင်သည့် မြန်မာပုဂ္ဂလိက ကုမ္ပဏီတခု ဖြစ်သည်။ ၎င်း၏အဓိက စီးပွားရေးမှာ ပလပ်စတစ်ပစ္စည်းများ ထုတ်လုပ်ခြင်း ဖြစ်ပြီး စိုက်ပျိုးရေးအတွက် အများဆုံး အသုံးပြုသည်။
Hwa Fhu International Ltd. ကို ဟောင်ကောင်အခြေစိုက် ကုမ္ပဏီတခုကပိုင်ပြီး ပြည်ပပို့ရန် အထည်များ ထုတ်လုပ်ခြင်းတွင် ပါဝင်သည်။ ဦးပိုင်က မြန်မာဟွာဖူထံမှ မြေသုံးစွဲမှု အာမခံကြေး နှစ်စဉ် အမေရိကန် ဒေါ်လာ (၃၁၄,၇၃၇) ဒေါ်လာရသည်။

Myanmar Samgong Industrial Co. Ltd. ကို ကိုရီးယားအခြေစိုက် ကုမ္ပဏီတခုက တည်ထောင်ခဲ့သည်။ ကုမ္ပဏီက မြေသုံးစွဲခွင့် အာမခံကြေးအဖြစ် ဦးပိုင်ကို နှစ်စဉ်အမေရိ ကန် ဒေါ်လာ (၃ဝ,၇၈ဝ) ပေးရသည်။ အသင့်စား ခေါက်ဆွဲထုပ်ဖြင့် လူသိများသော Mamee Double Decker Ltd. ကို မလေးရှားအခြေစိုက် ကုမ္ပဏီတခုက လုပ်ကိုင်သည်။ ဦးပိုင်က မြေသုံးစွဲခွင့်အာမခံကြေးအဖြစ် နှစ်စဉ် အမေရိကန်ဒေါ်လာ (၅၁,ဝ၃၄) ရသည်။
ဦးပိုင်နှင့်တွဲဖက်လုပ်ကိုင်သည့် တခြား ထင်ရှားသောကုမ္ပဏီတခုမှာ Myanmar Tokiwa Corporation ဖြစ်ပြီး ခဲတန်နှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်သည်။ ဦးပိုင်က ထိုကုမ္ပဏီမှ မြေသုံးစွဲခွင့်အာမခံကြေးအဖြစ် နှစ်စဉ် အမေရိကန်ဒေါ်လာ (၃၈,၄၈၄) ရရှိသည်။

လက်ဝတ်ရတနာ လုပ်ငန်းတွင်ပါဝင် လုပ်ကိုင်နေသည့် Myanmar Kurosawa Trust Co. Ltd. က ဦးပိုင်အား အဆောက်အဦးသုံးစွဲခွင့် အာမခံကြေးအဖြစ် နှစ်စဉ် အမေရိကန်ဒေါ်လာ (၁၈,ဝဝဝ) ပေးရသည်။ Diamond Dragon Co. Ltd. သည် ဦးပိုင်နှင့် တွဲဖက်လုပ်ကိုင်နေသည့် ပြည်တွင်း ကုမ္ပဏီတခုဖြစ်ပြီး မြေ သုံးစွဲခွင့်အာမခံကြေးအဖြစ် ဦးပိုင်အား လစဉ် ကျပ်ငွေ (၂၃ဝ,ဝဝဝ) ပေးရမည် ဖြစ်သည်။

၁၉၉၉ ခုနှစ်ဧပြီလနှင့် ၂ဝဝ၄ခုနှစ် မတ်လအတွင်း ဦးပိုင်၏ တွဲဖက်ကုမ္ပဏီများက အစိုးရအား အကောက်ခွန် ကျပ်ငွေ (၁၂၂၉.၄၄) သန်း (သို့မဟုတ် အမေရိကန်ဒေါ်လာ ၄့၂၅ သန်းနှင့် ကျပ် ငွေ ၁၂ဝ၃့၉၈သန်း) ပေးခဲ့သည်။ ၂ဝဝ၆-ဝ၇ ဘဏ္ဍာရေးနှစ်တနှစ်အတွင်းမှာပင် တွဲဖက်လုပ်ကိုင်သည့် ကုမ္ပဏီများက အကောက်ခွန် အမေရိကန်ဒေါ်လာ (၃့၎) သန်းနှင့် ကျပ်ငွေ(၁၅့၁၇) သန်း ပေးခဲ့သည်။

ဦးပိုင်နှင့်၎င်း၏ အခွဲများ၊ တွဲဖက်ကုမ္ပဏီများသည် ကုန်သွယ်ရေးဆောင်ရွက်မှုများတွင် ပါဝင်လုပ်ကိုင်နေသည်။ အကြီးဆုံးကုန်သွယ်ရေး မိတ်ဖက်မှာ စင်္ကာပူ၊ ဂျပန်၊ မလေးရှား၊ တရုတ်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့ဖြစ်သည်။ လူသိအများဆုံး သွင်းကုန်များမှာ စားသုံးဆီ၊ ဓါတ်ဆီနှင့်ဒီဇယ် ဆီနှင့်မော်တော်ကားတို့ဖြစ်ပြီး၊ ပို့ကုန်များမှာ စီးကရက်၊ ပဲနှင့်ပဲမျိုးစုံနှင့် ကျောက်မျက်ရတနာ၊ ထို့ပြင် အဝတ်အထည်တို့ ဖြစ်သည်။ အဝတ်အထည်သည် အမြဲထိပ်ဆုံးတန်းမှာ ရှိနေသည့် ပို့ကုန်ဖြစ်သည်။ ထို့ပြင် ဦးပိုင်သည် ပြည်ပမှ ကားတင်သွင်းသည့် အဆမတန်များပြားသည့် ဝင်ငွေများဖြင့် လည်ပတ်လုပ်ကိုင်နေသည့် ကုမ္ပဏီအနည်းစုလေးထဲမှ တခုဖြစ်သည်။ အက်ဆက် (Assets) ပိုင်ခွင့်များနှင့် Liabilities (ချေးငွေစာချုပ်တမျိုး) အရ ဦးပိုင်နှင့်သူ၏ကုမ္ပဏီခွဲများနှင့် တွဲဖက်ကုမ္ပဏီများသည် အထင်ကြီးစရာကောင်းသည်။

၂ဝဝ၆-ဝ၇ ဘဏ္ဍာရေးနှစ်တွင် ဦးပိုင်နှင့်၎င်း၏အပြည့်အဝပိုင်ဆိုင်သည့် ကုမ္ပဏီများ၌ စုစုပေါင်း အက်ဆက်ပိုင်ခွင့် ပေါင်စတာလင် (၁၇.၇၂)သန်း၊ အမေရိကန်ဒေါ်လာ (၁၁၉.၁၅) သန်းနှင့် ကျပ် ငွေ (၄၅၄,၇၁၇.၇၄) ရှိပြီး ကုမ္ပဏီခွဲ များနှင့် တွဲဖက်ကုမ္ပဏီများတွင်  ပေါင်စတာလင် (၁၉.၆၉) သန်း၊ အမေရိကန်ဒေါ်လာ (၁ဝ၇.ဝ၄)သန်း နှင့်ကျပ်ငွေ (၁၆၄၉၃.၁၈) သန်း ရှိသည်။

၁၉၉၇ ခုနှစ် စီးပွားရေးအကြပ်တည်းကြောင့် ခဏတာ စီးပွားရေးကျဆင်းပြီးနောက်ပိုင်း ၂ဝဝ၅ ခုနှစ် တွင် ဦးပိုင်သည် ၎င်း၏စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို တိုးချဲ့လာခဲ့သည်။ ဘိလပ်မြေစက်ရုံသစ်၊ သင်္ဘောကျင်းတခုနှင့် ထောက်ပံ့ ပို့ဆောင်ရေးကုမ္ပဏီတခု အပါအဝင် စက်ရုံသစ်များ တည်ဆောက်ရန် စီစဉ်ထားသည်။ ၂ဝဝ၇ နှစ်လည်တွင် အစိုးရ ဘတ်ဂျက်လိုငွေအား ဖြေရှင်းပေးရန် စက်မှု (၂)အောက်ရှိ စက်ရုံများကို ဦးပိုင်ကဝယ်ခဲ့သည်။

ဒေါက်တာတင့်ဆွေ
(မှတ်ချက်။ ဦးဗလ ရေးသားချက်တွေကို အခြေခံထားခြင်းသာဖြစ်ပါတယ်။ စာတမ်းက ၂၅ မျက်နှာရှည်လို့ အပိုင်းခွဲတင်ပါမယ်။)

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ