Generalization ဝါးလုံးသိမ်း

အကုန်သိမ်းပြီး ကောင်းတယ်၊ မကောင်းဘူးလို့ပြောတာ အပြစ်မလွတ်ကြောင်း တခါမကရေးဘူးတယ်။ ကုလားလို့ ခြုံပြောတာ၊ ဘင်္ဂါလီလို့သုံးတာ၊ မွတ်ဆလင်လို့သိမ်းကြုံးပြောတာတွေကို အရင်ကရေးထားပါသေးတယ်။ စစ်တပ်ကိုပြောတာမှာလည်း အထူးသတိထားသင့်ကြပါတယ်။

ဝါးလုံးသိမ်းပြောလိုက်တာက မှားတတ်တယ်။ အကဲဖြတ်ချက်တခု၊ မှတ်ချက်တခုကို ယျေဘုယျ ပြောချလိုက်တာမှာ အနှောင့်အသွား မလွတ်တတ်ပါ။ တချို့က အဲတာကို အလေးအနက်ယူတတ်တယ်၊ တချို့ကတော့ သာမန်သဘောထားတယ်။ တချို့က ပြောတဲ့သူကို အပြစ်လိုက်ရှာနေတာမို့ မှင်နီတားလိုက်တယ်။

သုတေသနလုပ်တာတွေတောင်မှ အားလုံးမှန်တယ်လို့ ပြောမရပါ။ အမေရိကမှာလုပ်ထားတဲ့ ဆေးသုတေသန ရလဒ်တွေကို မြန်မာပြည်ကလူနာတွေတိုင်းမှာ မသင့်တတ်တာမျိုးရှိတယ်။ ကျွန်တော်လည်း မှားဘူးပါတယ်။ ဆေးပညာစာတွေရေးတဲ့အထဲမှာ အသဲကင်ဆာဖြစ်ရင် ၆ လထက် မသက်မရှည်ဘူးလို့ရေးတာကို ထောက်ပြခံရဘူးတယ်။ ဒေလီကို တိုင်းတပါးကနေ ဆေးကုလာတဲ့မြန်မာပြည်က လူနာတွေကို ငွေလိမ်သူက ကုလားရွှေတွေလို့ ရေးမိတာကို ပြန်ပြင်ရဘူးပါတယ်။

ယုတ္တိဗေဒ ကောက်ချက်ချတာကို သင်ဘူးကြမှာပါ။ ခွေးသည်သေမျိုးဖြစ်၏။ မောင်ဘသည်သေမျိုးဖြစ်၏။ ထို့ကြောင့် မောင်ဘသည်ခွေးဖြစ်၏။

နုတ်တရာစာတလုံး၊ သတိထားသုံးကြရပါမယ်။ ဒေါသလျှောက်ထွက်သွားတာတော့ရှိမှာပေါ့။ (ဆိုက်ဝါး) ခေါ်တဲ့ ဝါဒဖြန့်ချိရေးမှာတော့ နစ်နစ်နာနာစကားလုံးတွေကို တမင်ရွေးသုံးကြတယ်။ စစ်ပွဲတိုင်းမှာ ဝါဒဖြန့်တာကို နှစ်ဖက်လုံးက သုံးကြပါတယ်။ နှစ်ဖက်လုံးမှာ လိုက်ပါကြသူတွေများတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၂-ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး