Ogre (2) တပ်မတော်တွင်း ဆင်းရဲတွင်းနက်သလား

ကျွန်တော့် ဖရင်းမဟုတ်သူတယောက် ရေးထားတခု ဖတ်ရပါတယ်။ စစ်တပ်ရှေ့တန်းမှာ ဆင်းရဲပုံတွေတွေဟာ အရပ်သားတွေ လမ်းဘေးဘဝထက် နိမ့်ကျတယ်လို့ပါတယ်။ ဖွဲ့စည်းပုံထဲပါပေမဲ့ စစ်သည်တွေမှာ မရသေးတာလည်း ရေးတယ်။ နိုင်ငံရေး ပါတီတွေ တာဝန်မဲ့တာရေးပြီး နာမည်မထည့်ပေမဲ့ ဒေါ်စုရဲ့ တပ်မတော်စည်းရုံးရေးက အပေါစားလို့ သတ်မှတ်တာလည်း ဖတ်ရပါတယ်။ စစ်တပ်အပေါ်မှာ အမုန်းစကားတွေရေးနေကြတာကို ခံပြင်းလွန်းလို့ ရေးတာဖြစ်မှာပါ။

• မြန်မာ့တပ်မတော်ကိုပြောကြရင် အထက်ကစာထဲမှာရေးထားတဲ့ သနားစရာဘဝတွေကနေ စိန်စီသောည မင်္ဂလာ အခန်းအနားအထိ အကုန်အကြုံးဝင်ပါတယ်။
• စစ်တပ်အတွက် ကိုယ်ပိုင်စီးပွါးရေးကို ဦးအောင်ကြီးလက်ထက်ကတည်းက ထူထောင်ခဲ့ပါတယ်။ စစ်အစိုးရ နှစ်ဆက်မှာ ပိုထူးခြားပြီး ကြီးကြီးကျယ်ကျယ်လုပ်လာတယ်။ စစ်တပ်ပိုင်စီးပွါးရေးလုပ်ငန်းကြီးတွေဟာ တိုင်ပြည်ထဲမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးလို့ပြောနိုင်တယ်။ Union of Myanmar Economic Holdings Limited (UMEHL) ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွါးရေးဦးပိုင်လီမိတက်နဲ့ Myanmar Economic Corporation (MEC) မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်းတွေကို တပ်မတော်ကပဲပိုင်တယ်။
• ဦးပိုင်ကရတဲ့ အကျိုးအမြတ်တွေကို စစ်တပ်မိသားစုတွေကို ဘယ်လိုခွဲဝေပေးမယ်လို့ သတ်မှတ်ထာပါတယ်။ အတိအကျ % ကို နောက်မှာတင်ပြပါမယ်။ ဖိုင်ရှာမတွေ့သေးလို့ပါ။
• စစ်တပ်ပိုင်ပညာရေးအင်စတီကျူးရှင်းကြီးတွေက အပျံစားတွေပါ။ အရပ်သား သားသမီးတွေမှာ ကျောင်းတွေ ပိတ်ထားတုံးမှာ စစ်ဗိုလ်သားသမီးတွေက ဒီဂရီတွေရနိုင်ကြတယ်။
• စစ်တပ်ကနေ သိမ်းထားတဲ့မြေဧကပေါင်းများလှတယ်။ မြေတွေကို တပ်အတွက်နဲ့ တပ်ထွက်ဗိုလ်ချုပ်တွေရဲ့ စီးပွါးရေးအတွက် သုံးတာတွေချည်းဖြစ်ပါတယ်။
• ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ကျပ်ငွေ ၂၇၅ဝ ဘီလီယံ တောင်းထားတယ်။ ဘတ်ဂျက်ရဲ့ ၃၃% ဝန်းကျင်လောက်ရှိမယ်။ ဝန်ကြီးဌာန ၃၄ ခုအတွက် ကျပ်သန်းပေါင်း ၆ သန်းကျော်ထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနက အများဆုံးဖြစ်တယ်။ အရင်က အစိုးရဘတ်ဂျက်တစ်ခုလုံးရဲ့ ၂၉% ရှိခဲ့ရာက ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်မှာတော့ ၂၃% သတ်မှတ်ခဲ့ပြီး ကျပ်ငွေ ၂၂၈၂ ဘီလီယံ အသုံးပြုခဲ့တယ်။ ဒါပေမယ့် ကမ္ဘောဒီးယားက ၁၄ %၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတွေကတော့ ၁၃ % ဝန်းကျင်သာ သုံးစွဲပါတယ်။

• နိုင်ငံရေးပါတီတွေဆိုတာ ကနေ့အခေါ် တစည၊ အရင် မဆလပါတီက ၂၆ နှစ်တာနဲ့ လက်ရှိပြည်ခိုင်းဖြိုးပါတီက ၄ နှစ်ကြာ အာဏာရယူပြီး စစ်တပ်အပါအဝင် တိုင်းသူပြည်သားတွေ အကျိုးစီးပွါးကို ဆောင်ရွက်ပိုင်ခွင့်ရကြတာပါ။ စစ်အစိုးရတွေက ၂၂ နှစ်ကြာခဲ့ပါတယ်။ တခြားဘယ်ပါတီမှ လုပ်ခွင့်မရကြသေးပါ။
• ဒေါ်အောင်ဆန်းစုကြည်ကနေ ကျမလည်းတပ်မတော်ကိုချစ်ပါတယ်လို့ပြောတာဟာ အပေါစားဝါဖြန့်တာလို့ အမြင်ရှိသူကို ရှင်းပြနေလည်း အကျိုးဖြစ်မယ်တော့မယ်မထင်လို့ မရေးတော့ပါ။

• ကျွန်တော်ရေးချင်တာ စစ်တပ်နဲ့ အရပ်သားအပြိုင်အဆိုင်သဘောမဟုတ်ပါ။ တိုင်းသူပြည်သားတွေချည်းဖြစ်လို့ ခွဲပြောတာ၊ ခွဲပြီးအခွင့်ထူးရယူတာ၊ ခွဲပြီးချစ်တာမုန်းတာတွေကို မလိုလားပါ။
• မနေ့ကရေးခဲ့သလို အသားစားဘီလူးဟာ တိုက်ပုံဝတ်ထားထား၊ ယူနီဖေါင်းဝတ်ထားထား စားမယ်။ စစ်သားနဲ့ အရပ်သား ဗူဗူချင်းသာ မဟုတ်ပါလားဗျာ။ ဘီလူးဆိုတာ မကောင်းဆိုးဝါးစနစ်ဖြစ်တယ်။ စစ်တပ်အပေါ်မှာ အမုန်းစကားတွေ ရေးကြသူတွေကလည်း ဆင်ခြင်ပိုင်းခြား ရေးသားသင့်ကြပါတယ်။ ကျွန်တော်တို့အားလုံးဟာ အစားခံကြဘို့ရာ တန်းစီနေကြရသူတွေချည်းသာဖြစ်ပါတယ်။ ဘီလူးကို ဝိုင်းဝန်းနှိမ်နင်းကြရပါမယ်။

ဒေါက်တာတင့်ဆွေ
၁၄-၂-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး