Spelling Comments (2) သတ်ပုံမှား ကွန်မင့်များ (၂)

ကွန်မင့် = အကို၊ အမလို့ရေးတာ သဘောမကျပါဆရာ။ သတ်ပုံကျမ်းအတို်င်း အစ်ကို၊ အစ်မလို့ရေးတာပဲ ကြိုက်ပါတယ်။ သတ်ပုံကျမ်းကိုပြင်စေချင်ပါတယ်။ ဒါဆိုရင်တော့ လို်က်ပြင်ရေးပါမယ်ခင်ဗျား။ တစ်ယောက်လို့ရေးတာ ဘာဖြစ်လို့ မှားတယ်ဆိုတာ အချိန်ရရင်ရှင်းပြပါလားဆရာခင်ဗျား။

- မူလလက်ဟောင်း မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅၊ စာမျက်နှာ ၂၇၈ မှာ မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီးအောက်မှာ အကိုအကြီးဆုံးဦးဘဝင်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မသမာသူတို့၏လက်ချက်ဖြင့် ကျဆုံးခဲ့လေသည်လို့ ရိုက်နှိပ်ထားပါတယ်။

- အနန္တသူရိယအမတ်ရေးခဲတဲ့ အမျက်ဖြေလင်္ကာလေးပိုဒ်အစမှာ သူတည်းတယောက် ကောင်းဘို့ရောက်မူ၊ တယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်းလို့ ဖြစ်ပါတယ်။ တစ်တွေမဟုတ်ပါ။

- တ တလုံးတည်းကနေ တစ်ရယ်လို့ဖြစ်လာတာကလည်း ဗိုလ်ချုပ်နေဝင်းကြောင့်ဖြစ်ပါတယ်။ ဥပမာ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၇၊ စာမျက်နှာ ၂၉၂-၂၉၃ မှာ အမျိုးသားပညာရေးလောကတွင် ဦးဖိုးကျားသည် ကျော်ကြားသောခေါင်းဆောင်ကြီး တဦးဖြစ်သည်။ မြန်မာစာပေလောက၌ ထင်ရှားသောပုဂ္ဂိုလ်တဦးလည်းဖြစ်သည်။ ပုသိမ်မြို့ တိုင်တရာ စကောကရင် ကျောင်းတွင် ဆက်လက်ပညာသင်ကြားလို့ ရိုက်နှိပ်ထားပါတယ်။ ခေါင်းဆောင်ကြီးတစ်ဦး၊ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးလို့ မဟုတ်ခဲ့ပါ။ ဒါပေမဲ့ ၂ဝ၁ဝ၊ အောက်တိုဘာလထုတ် မြန်မာသစ်ရသစုံမဂ္ဂဇင်း၊ စာမျက်နှာ ၉၉ မှာ သာရဝေါစိုးကြည် ရေးသားတဲ့ အမျိုးသားပညာဝန်ဦးဖိုးကျားဆောင်းပါးမှာ ကျောင်းနာမည်ဟာ တိုင်တစ်ရာ ဖြစ်သွားရတော့တယ်။ မြန်မာသစ်ရသစုံမဂ္ဂဇင်းဟာ စာပေတန်ဘိုးအတွက် အားထားရတဲ့ အတန်းအစား ဖြစ်တယ်ထင်ပါတယ်။ မလွန်ဆန်နိုင်တဲ့ခေတ်က ထုတ်ဝေတာဖြစ်လို့နေမှာပါ။ မြန်မာ့ပညာရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူရဲ့ ကျောင်းနာမည်ကိုပြောင်းခိုင်းကတည်းက အမျိုးသားပညာရေးဟာ ကျဆင်းဆုတ်ယုတ်လာတာ ဖြစ်တယ်။

- ဗန်းမော်တင်အောင်ရဲ့ဝတ္ထု ဘုန်းမောင်တယောက်ထဲရယ်ကနေ ဘုန်းမောင်တစ်ယောက်ထဲရယ်ဖြစ်မှသာ ပြန်ထုတ်လို့ ရတော့တယ်။ အလားတူ မင်းဆွေရဲ့ ဒါးက ဓါးဖြစ်မှရတယ်။ စစ်ကိုင်းဦးဘိုးသင်း ငမဲကနေ ငမည်း ဖြစ်လာပြီး၊ မြတ်ထန်ရဲ့ နှောင်းတမြေ့မြေ့က နှောင်းတမြည့်မြည့်ဖြစ်လာရတယ်။
- မူရင်းစွယ်စုံကျမ်းမှာ ထိုင်းလင်းနိုင်ငံလို့ ခေါင်းစဉ်တပ်ထားပြီး၊ မြန်မာတို့က ယိုးဒယားနိုင်ငံလို့ခေါ်ကြောင်းရေးထားတယ်။ နှစ်ခုလုံး မှန်တဲ့သဘောပါ။ ကျွန်တော်တို့ အလယ်တန်းကျောင်းသား ပထဝီနဲ့ သမိုင်းစာအုပ်တွေမှာ Siam (ဆိုင်ယမ်) လို့ ရေးပါတယ်။ နောက်မှာ Thai/Thailand ဖြစ်လာပါတယ်။ အဲတာကို စစ်အစိုးရ လက်ထက်ကစပြီး၊ ယိုးဒယားလို့သာ ရေးမယ်လို့ အမိန့်နဲ့သတ်မှတ်လာခဲ့တယ်။ နိုင်ငံခြားရေးပေါ်လစီအရဖြစ်တယ်။ ကိုယ့်နိုင်ငံအမည်ကိုသာ ကိုယ်က သတ်မှတ်နိုင်ပေမဲ့ သူများတိုင်းပြည်ကိုသတ်မှတ်တာ မသင့်ပါ။ ထိုင်းတွေကလည်း ကျွန်တော်တို့နိုင်ငံနဲ့လူမျိုးတို့ကို (ဖါးမ) (ဖါးမား) လို့ခေါ်ကြတယ်။ ဖါမတော့ မဟုတ်လောက်ပါ။

- ကျနော်၊ ကျမကို ပိုပြီးလူကြိုက်များလာတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကို နှိမ့်ချတဲ့အနေနဲ့ ရေးတာပါ။ ဆြာလို့ရေးတာ ရှေးကျတယ်။ ဗေဒင်ဆရာ၊ သိုက်ဆရာကိုသာ သုံးပါတယ်။ မိုဃ်းလို့ရေးတာလည်းမှားတယ်။ She ကို (သူမ) လို့ပြန်တာကို မကြိုက်သူတွေကများတယ်။ (ရေသူမ) သာရှိတယ်။ အဲတာတောင် စာလိုတော့ရေးတယ်။ တကယ့် (မားမိတ်) ဆိုတာ မရှိပါလို့။

- သမ္မတဆိုတာလည်း ပြောစရာရှိတယ်။ မူလလက်ဟောင်း မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၃၊ စာမျက်နှာ ၁၈-၂၁ မှာ သမတများ၊ နိုင်ငံတော်လို့သာ ပေါင်းပါတယ်။ မနှစ်လုံးဆင့်တဲ့ သမ္မတဆိုတာ တပူပေါ်နှစ်ပူဆင့်တဲ့ခေတ်က စခဲ့တာပါ။

- ကနေ့ထုတ်ဝေနေတဲ့ သတ်ပုံကျမ်းတွေ၊ အွန်လိုင်းသတ်ပုံဆိုက်တွေမှာကိုကြည့်ပါလားလို့ ကွန်မင့်တခုက ဆိုလာတယ်။
- ကနေ့ထုတ်ဝေခွင့်ရတဲ့ သတ်ပုံစာအုပ်၊ အဘိဓာန်စာအုပ်၊ ပုံနှိပ်စာအုပ်တိုင်းမှာ ပြင်ထားတဲ့သတ်ပုံတွေသာ တွေ့ရပါမယ်။ ကျွန်တော်ကတော့ စစ်အစိုးရတွေမတက်ခင်က အစိုးရထုတ်စာအုပ်တွေကိုသာ မှန်တယ်ထင်နေတယ်။ မြန်မာစာကိုတော့ ၁၂ တန်းအထိသာ သင်ခဲ့ရသူပါ။
- ကနေ့ဆရာ-ဆရာမတွေကို အပြစ်တင်တာ မသင့်လှပါ။ ပညာထက် အာဏာကအစွမ်းထက်တဲ့ခေတ် မကုန်သေးပါဗျာ။ အာဏာနဲ့ အရာရာကို မှားမှားမှန်မှန် အမိန့်နဲ့လုပ်ထားပါတယ်။ ပညာတတ်တွေထဲမှာလည်း အကြံပေးခန့်စာမျှော်သူတွေက များပြီး၊ ဒေါက်တာသန်းထွန်းလို့လူမျိုးက ရှားလှတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး