TB Medicines Side Effects (တီဘီ) ဆေးတွေ နဲ့ ဘေးထွက်-ဆိုးကျိုးတွေ
၁။ ဆရာ ကျွန်တော်သားမှာ တီဘီရောဂါရှိနေတယ်လို့သိရပါတယ်။ ကလေးက ၂ နှစ်နဲ့ ၂ လရှိပါပြီဆရာ။ တီဘီဆေး တိုက်ရမယ်လို့ပြောပါတယ်။ တီဘီဆေးတွေက ပြင်းတယ်လို့ကြားဘူးပါတယ်ဆရာ။ တီဘီဆေးတွေရဲ့ ကောင်ကျိုး ဆိုးကျိုးလေးတွေ သိချင်ပါတယ်ဆရာ။
၂။ ကျနော့်ရဲ့သားကြီးဟာ အခုချိန်မှာ ကလေးတီဘီရောဂါဆေးသောက်သုံးနေရပါတယ်။ ကျနော်တို့က့ မှာ နေပါတယ်။ ဒီကလေးဟာကျနော့်ရဲ့သားဦးပါ။ ၅ နှစ်ခွဲရှိပါပြီ။ သူ ၃ နှစ်သားလောက်ထိ ဝဝကစ်ကစ်နဲ့ ချစ်စရာကောင်းပြီး နောက်ပိုင်းနှစ်တွေမှာ မကြာခဏချောင်းဆိုး နှာစေးဖြစ်ပြီး ပိန်လာပါတယ်။ တော်တော်လေးဂရုစိုက်တဲ့ကြားက ၅ နှစ်သားအထိ လိုအပ်တဲ့ အလေးချိန်မတက်လာတဲ့အတွက် အထူးကုဆရာဝန်ကြီးနဲ့ပြတော့ လည်ပင်းဘယ်ညာက အကြိတ်လေးတွေရယ် ဓါတ်မှန်ပေါ်က အဖြူရောင်အဆုတ်အကြိတ်တွေရယ် သွေးဖြူဥများတယ်လို့ သွေးစစ်ချက်ရယ် အားလုံးပေါင်းလို့ ကလေးတီဘီ သတ်မှတ်ပါတယ်။ ပထမနှစ်လမှာ Parazinamide 500 ၃ စိတ်၊ Lungracin 150 ၁ တောင့်၊ Isoniazid 100 ၁လုံးခွဲတိုက်ရပါတယ်။ ကိုယ်လေးချိန် 16.5 kg ကနေ 17.5kg နောက်လမှာ 18.3kg ဖြစ်လာပါတယ်ခင်ဗျာ။ ဒီဆေးတွေကအရမ်း ပြင်းလားခင်ဗျာ။ ၆ လတိုက်ပြီးရင် လည်ပင်းနဲ့ အဆုတ်က အကျိတ်တွေ လုံးဝပျောက်နိုင်ပါသလားခင်ဗျာ။ ဒီရောဂါကြီးက ကြီးလာရင် ပြန်ဖြစ်နိုင်ပါသလားခင်ဗျာ။ အရပ်မရှည်နိင်တော့ဘူးတို့ အသားနီမဲမယ်တို့ မှတ်ဥာဏ်ထိတယ်တို့ ဆိုတာဟုတ်ပါသလားခင်ဗျာ။ သူ့ညီမလေးကို ကူးနိုင်သလားခင်ဗျ။
၃။ ကျွန်တော့်ကောင်းမလေး အဆုတ်မှာ ဓါတ်မှန်ရိုက်တာ အဆုတ်မှာ Spot တွေ့လို့ သလိပ်စစ်ပါတယ်ခင်ဗျား။ သလိပ်မှာတော့မတွေ့ပါဗျား။ TB ဆေးတော့သောက်ရပါတယ်။ သလိပ်မှာပိုး မတွေ့ရင် မကူးစက်ဘူးလား၊ ကူးစက်ပါလား ခင်ဗျား။
ဆေးတွေကြောင့် အသားအရေအရောင်ပြောင်းနိုင်ပါတယ်။ ဆေးအရှိန်ကုန်ရင် ရင်းစားပြန်ရမယ်။ သူများကို မကူးစက်ပါ။ ဖြစ်ထားတဲ့အကျိတ်ဟာ လုံးဝ ပျောက်မသွားတာလဲရှိနိုင်တယ်။ ပိုးတွေသေသွားဘို့သာ ဆေးတွေကလုပ်ပေးတယ်။ အကျိတ်ကြီးလာတာက ရောဂါကိုတုန့်ပြန်မှုအရဖြစ်တာပါ။ အနာပျောက်ပေမဲ့ အမာရွတ်ကျန်နေရစ်တဲ့သဘော ကျန်နေနိုင်တယ်။ ခွဲထုတ်ချင်လဲရတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပါတ်လည်အောင်တိုက်ရင် နောင်မှာ ပြန်မဖြစ်ပါ။
သလိပ်မှာပိုးမတွေ့ရင် သူများကိုမကူးစေပါ။ ဆေးတွေကို တိတိကျကျသောက်ရပါမယ်။ ပျောက်ပါတယ်။ (တီဘီ) ရောဂါဟာ သူ့အလိုလို မပျောက်ပါ။ ဆေးမကုဘဲနေရင် ရောဂါနဲ့ သေဆုံးနိုင်တယ်။ ဆေးကို မှန်မှန် မသောက်ရင်လဲ သက်သာယုံတော့ ရှိမယ်၊ ရောဂါပြန်ဖြစ်ပြီး ဆေးကုဘို့ မလွယ်တာဖြစ်လာမယ်။ (တီဘီ) ရောဂါကို ပိုးသေဆေးတွေ တမျိုးမက သုံးရတယ်။ (တီဘီ) ပိုးကနေ ဆေးမယဉ်စေဘို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ၆ လကနေ ၉ လ အထိ ပေးရတာများပြီး တချို့ကို ၁၂ လအထိ ပေးရတယ်။ (တီဘီ) ဆေးတွေဟာ တခြား ဆေးတွေနဲ့စာရင် စိတ်ချရတယ်။ ဘေးထွက်-ဆိုးကျိုးတွေတော့ သေခြာပေါက်ရှိပါတယ်။ တချို့က သာမန်ဖြစ်ပြီး တချို့ကတော့ ပိုဆိုးတယ်။ ဆေးတွေက တကယ်စွမ်းပါတယ်။
(တီဘီ) ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေ
• အစာစားချင်စိတ်နည်းမယ်၊
• ပျို့မယ်၊ အန်မယ်၊
• ကိုယ်ပူမယ်၊ (၃ ရက်မကဖျားနိုင်တယ်)
• ဗိုက်အောင့်မယ်၊
• လက်ချောင်း-ခြေချောင်းတွေ နဲ့ ပါးစပ်နေရာတဝှိုက်မှာ ကျင်မယ်၊ ထုံမယ်၊
• အရေပြားမှာ အနီစက်တွေပေါ်မယ်၊
• သွေးထွက်လွယ်မယ်၊
• အဆစ်တွေနာမယ်၊
• ခေါင်းမူးမယ်၊
• မျက်စိကြည့်ရတာ မကောင်းဖြစ်မယ်၊
• နားထဲ အသံတွေမည်နေမယ်၊ နားအကြားမကောင်းဖြစ်လာမယ်။
• ဆီး၊ တံတွေး နဲ့ မျက်ရည်တွေ ဝါမယ်။ ကိုယ်အတွင်းထဲက အရည်တွေလဲ ဝါနေမယ်၊
• နေရာင်ဒဏ်ကို မခံနိုင်ဖြစ်မယ်၊ Sunscreen သုံးပါ။
• Rifampin ဆေးနဲ့ ကိုယ်ဝန်တားဆေး တွဲသောက်ရင် ဒါမှမဟုတ် ကိုယ်ဝန်တား-အရေပြားအောက် ထားရတဲ့ဆေးချောင်း သုံးရင် ကိုယ်ဝန်တားစေတဲ့အစွမ်း နည်းစေမယ်။
• Rifampin ဆေးနဲ့ Methadone ဆေး တွဲသောက်ရင် ဆေးဖြတ်လက္ခဏာတွေ ပိုများစေတယ်။
• TB (တီဘီ) ဆေးသောက်နေရင် အရက်မသောက်ရပါ။
Streptomycin, Ethambutol, Pyrazinamide, Rifampin နဲ့ Isoniazid (INH) ဆေးတွေကို အများဆုံး သုံးတယ်။
• Streptomycin ထိုးဆေးက Ototoxicity နားကိုထိခိုက်စေနိုင်တယ်။ အသက်ကြီးသူတွေနဲ့ ကျောက်ကပ် သိပ်မကောင်းရင် သိတာမယ်။ နားထဲမှာ အသံတဝီဝီ မည်နေမယ်။ ဆီးနည်းမယ်။ ဆီးထဲမှာ အနယ်ပါတတ်တယ်။ အရေပြား အနီစက်တွေ ထွက်နိုင်တယ်။ ဆေးဖြတ်ရင် ပြန်ကောင်းပါတယ်။
• Ethambutol ကနေ မျက်စိကို ဒုက္ခပေးနိုင်တယ်။ Optic neuritis ခေါ်တယ်။ ဆေးဖြတ်ရင် ပြန်ကောင်းပါတယ်။ အဖျားပိုင်းနေတဲ့ အာရုံကြောတွေထိခိုက်လို့ ထုံတာ-ကျင်တာဖြစ်မယ်။
• Pyrazinamide ကနေလဲ အသဲကို အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ အဆစ်နဲ့ ကြွက်သားတွေနာမယ်။ ဆိုးလှတာတော့ မဟုတ်ပါ။ ဂေါက်ရောဂါ ရှိရင်တော့ ပိုဆိုးနိုင်တယ်။
• Rifampin ကနေလဲ အသဲကို အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဝါတာတွေဖြစ်တယ်။ ဒါကြောင့် အရက်မသောက်ရတာဖြစ်တယ်။
• Isoniazid ကနေလဲ အသဲကို အနည်းနဲ့အများ ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဝါတာတွေဖြစ်တယ်။ ဒါကြောင့် အရက်မသောက်ရတာဖြစ်တယ်။
ဘေးထွက်-ဆိုးကျိုးတွေရှိပေမဲ့ ဆေးတွေကို စနစ်တကျသောက်ရပါမယ်။ ပျောက်ပါတယ်။ ဆေးဝါးဗေဒအရသာ စုံစေ့အောင်ရေးရတာပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment