Food plate သုံးဆောင်ပါ

ဂျာနယ်တခုမှာ ဖေါ်ပြထားတဲ့ကျွန်တော်ရေးတဲ့စာကို မိတ်ဆွေတဦးက ဓါတ်ပုံရိုက်ပို့လို့ တမြန်နေ့လောက်ရပါတယ်။ ဒိအရင်ကလည်း အမျိုးတွေ အသိတွေကနေလှမ်းပြောတော့ ကိုယ့်စာတွေပါတာကိုသိရတယ်။

ကျွန်တော့်စာတွေကို ခွင့်တောင်းပြီး သုံးပေးကြတာရှိသလို မသိပဲသုံးနေကြတာက ပိုများတယ်။ သုံးချင်ပါတယ်ပြောတိုင်း အများဖတ်စေ သိစေချင်လို့ရေးတာ ယူသုံးပါလို့ ပြောခဲ့ပါတယ်။ ကျမတို့က ထုတ်ကာစမို့ စာရေးခမပေးနိုင်ပါဆိုလည်း ရပါတယ်ခင်ဗျားပြောပါတယ်။

ဝဘ်ဆိုက်ဆိုလို့ ကျွန်တော်သဘောတူထားတာ HIM ခေါ်တဲ့ HIV ပညာပေးတခုကိုသာဖြစ်တယ်။ သူ့မှာ NGO အကူအညီရတုံးက စာတပုဒ်ဘယ်လောက်ဆိုပြီး ပေးဖူးတယ်။ အခုတော့ သူလည်းငွေမရပေမယ့် ဆက်လုပ်နေရတာမို့ ကျွန်တော့်စာတွေလည်း အားလုံးအမဲ့ဖြစ်သွားပြီ။

နောက်ပိုင်းမှာ စာရေးပေးဖို့တောင်းတာလည်းရှိတယ်။ စာရေးခပေးမယ်ပြောတာလည်းရှိတယ်။ ပေးတာလည်း ရှိသလို မှတ်ထားပါမယ်လည်းရှိတယ်။ ကျွန်တော်ကတော့ မမှတ်အားပါ။ တချို့က အတော်စနစ်ကျတယ်။ လကုန်တာနဲ့ အယ်ဒီတာကနေ ငွေစာရင်းဌာနကို အကြောင်းကြားတဲ့ အီးမေးလ်ကော်ပီကို ကျွန်တော့်ဆီပါပို့တယ်။

မိတ်ဆွေတယောက်နေ သူ့အသိဂျာနယ်တခုကို ကျွန်တော့်စာတွေသုံးဖို့နဲ့ သူများပေးတာထက်ပိုပေးအောင်ပါ ပြောပေးသေးတယ်။ ကျေးဇူးတင်ပါတယ်။ သုံးလား မသုံးလားတော့ ခုထိမသိသေးပါ။

စာရေးခပေးတာထက် အရေးကြီးတာရှိလာတယ်။ ဘယ်မီဒီယာမှာ ဖေါ်ပြမလည်း။ မီဒီယာကို ဘယ်သူပိုင်ထားလို့ ဘယ်မူနဲ့လုပ်နေတာ မတူကြပါ။ မိတ်ဆွေရင်းတွေက စေတနာနဲ့အသိပေးလာတယ်။ ကျွန်တော်ရေးတာတွေကို ဟိုလိုဟာ သည်လိုဟာတွေကနေယူသုံးခံရရင် အထင်လွဲ အထင်သေးခံရမှာကို စိုးရိမ်ပေးတယ်။ ကျွန်တော်က စာပေနယ်ကိုမသိပါ။ သိဖို့လည်း မကြိုးစားသေးပါ။ မိတ်ဆွေကောင်းတွေတော့ ရှိပါတယ်။

စာအုပ်ထုတ်ဖို့ကြိုးစားနေတာ ၃-၄ နှစ်ရှိပြီ။ စစ်အစိုးရလက်ထက်ကတည်းကပါ။ စာရေးဆရာမဟုတ်လို့ ကျွန်တော့်မှာ ကလောင်နာမည်မရှိပါ။ နာမည်ဝှက်နဲ့ထုတ်ဖို့နဲ့ သတ်ပုံကိုလည်း စစ်အစိုးရအလိုကျသာလုပ်မှ ထုတ်ဝေခွင့်ရမှာကိုပါ ကျိတ်မှိတ်သဘောတူခဲ့ရဖူးတယ်။ မထုတ်ဖြစ်ပါ။ နောက်မှာလည်း ၃-၄ ယောက်နဲ့ အဆက်ရတယ်။ အောင်သွယ်တွေ ကျေးဇူးနဲ့ပါ။ အဲတာတွေလည်း ခုထိအဆင်မပြေသေးပါ။

နောက်ဆုံးပဲပြောရမလား ကမ်းလှမ်းလာသူတဦးရထားပြီ။ စာအုပ်တိုက်ကိုလည်း သဘောကျတယ်။ သတ်ပုံသာမက အယ်ဒီတာကာင်းတွေလည်းရှိတယ်။ အခု ကျွန်တော်ကနေ စစ်ဆေးစုဆည်းပြီး ပို့ပေးရမယ်။ အချိန်ရှာနေပါတယ်။

သပိတ်ထဲလောင်းတော့ ဆွမ်း။ ဖက်ခွက်နဲ့ဆို သဘင်သည်စားဖို့။ ငှက်ပျောရွက်နဲ့ကျွေးတော့ ချစ်တီးထမင်းခေါ်ကြတယ်။ ခုခေတ်မှာ (ပေါ်လီအက်သလင်း) အိတ်နဲ့ (ပေါ်လီစတိုင်ရင်း) ထည့်စရာခွက်တွေသုံးကြတယ်။ ကျွန်တော်ကတော့ ကြွေပန်းကန်လေးနဲ့သာ ကျွေးချင်နေတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ