Hakha (2) ဟားခါး (၂)

(က)
- ဟားခါးကို တသက်မှာ တခါတိတိရောက်ဖူးတယ်။ ၁၉၉ဝ ဒီဇင်္ဘာလမှာ မြန်မာပြည်ကနေထွက်ပြေးရစဉ်က ပုလဲ-ဂန့်ဂေါ-ဟားခါး-အိန္ဒိယနယ်စပ်ခရီးစဉ်တုံးက ဟားခါးမှာတညအိပ်ရတယ်။ တညဆိုတာ ညပိုင်းမှာရောက်ပြီး မလင်းခင်ထွက်ရာပါ။ ဒါပေမယ့် အိမ်ရှင်အဖမ်းခံရတယ်။
- အခုနေရတဲ့ အင်ဒီယာနာပိုးလစ်မြို့မှာ ချင်းပြည်နယ်ကလူတွေက အများဆုံးနဲ့ အဲဒီထဲမှာ ဟားခါးတွေက (တသောင်း) အများဆုံး။ ကျွန်တော့်ကြောင့် ဟားခါးကအိမ်ရှင်အဖမ်းခံရတာကို သိတဲ့သူတော့မရှိပါ။

(ခ)
- ၂ဝ-၂-၂ဝဝ၁၃ ချင်းအမျိုးသားနေ့မှာ ဟားခါးကို သမတလာတော့ ရိုးရာဝတ်စုံတွေနဲ့ကြိုကြတဲ့ဓါတ်ပုံတွေ မြင်ခဲ့ရတယ်။
- ၂ဝ၁၃ ဇန္နဝါရီလဆန်းမှာ ဒေါ်စု ဟားခါးကိုလာတဲ့အခါ တည်းခိုခန်းကိုမတည်းရဘူးလို့တားခဲ့တာ နောက်တလခွဲမှာလာမယ့် သမတခရီးစဉ်အတွက် ကြိုတင်ဘွတ်ကင်လုပ်ထားတာဖြစ်နိုင်တယ်။

(ဂ)
- ရေဘေးသတင်းတွေလှိုင်နေတုံးမှာ ဖေ့စ်ဘွတ်မိတ်ဆွေ (ရန်ကုန်နေ ဗမာအမျိုးသမီးတဦး) က ဟားခါးရေဘေးအတွက် အလှူပစ္စည်းတွေပို့ပေးတဲ့အကြောင်း ဝမ်းမြောက်ဝမ်းသာ သတင်းပေးတယ်။ ဟားခါးမှာ ရေကြီးတာမဟုတ်ပါ၊ မိုးကြီးလို့ မြေပြိုတာပါလို့ မိုင်ရှစ်ထောင်ကျော်မှာနေရတဲ့ကျွန်တော်က ပြန်ပြောမှ အလှူရှင်ကသိသွားတယ်။
- အခုလာတဲ့သတင်းတွေအရ ဟားခါးမှာမြေပြိုတာဆိုးလွန်းလို့ တချို့ရပ်ကွက်တွေ နေရာရွေ့ရမလိုတဲ့။ ကျွန်တော့်အိမ်ရှင် လွတ်မြောက်ပါစေ။ အကူအညီတွေအလုံအလောက်နဲ့ အချိန်မီရောက်ပါစေ။

(ဃ)
- ကျွန်တော် အိန္ဒိယကိုစရောက်တဲ့ မီဇိုရမ်ပြည်နယ် စိုင်ဟားမြို့က ဟားခါးနဲ့ အမြင့်ပေတူလောက်ရှိလို့ အေးတာလည်း တူတယ်လို့ မှတ်သားထားရတယ်။ တိမ်တွေက လူတွေအောက်မှာ။
- ဟားခါးကအထွက် မလင်းခင်မှာ တီဗီတာဝါစိုက်ထားတဲ့တောင်မှာ လုံခြုံရေးတွေရှိလို့ တောင်ခါးပမ်းကနေ ခက်ခက်ခဲခဲ အရဲစွန့်ပြီး ဖြတ်ကျော်ခဲ့ရတာကို အခုထိသတိရဆဲပါ။

ဒေါက်တာတင့်ဆွေ
၁၇-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး