Ocean of Fire မီးပင်လယ် ကျယ်ပါဘိ

NLD ပါတီမှာ အမတ်လောင်းရွေးချယ်မှုမှာ ပြောစရာတွေများလို့ အများကြီးပြောနေကြတယ်။ အထုတ်ခံရသူတွေလည်း မနည်းပါ။ ကျွန်တော်က ပါတီတာဝန်ရှိသူတွေထက်အရင်စောပြီး လာမယ့်ရွေးကောက်ပွဲအတွက် ပါတီအောင်နိုင်ရေး လုပ်နိုင်တာလုပ်ပါမယ်လို့ ဆိုရှယ်မီဒီယာမှာရော တရားဝင်စာပါရေးထားခဲ့တာ ၂ နှစ်ရှိပါပြီ။

ပါတီကနေထုတ်တာနဲ့ပတ်သက်ပြီး NLD သမိုင်းမှာ အစွန်းတွေက ဦးတင်ဦးနဲ့ ဒေါ်စုတို့ထိန်းသိမ်းခံနေရချိန်ကတည်းကနေ စတယ်။ ကျွန်တ်ာလည်း ပြည်ပထွက်ရလို့ NLD ကနေအထုတ်ခံထားရတယ်ထင်တယ်။

ပြည်ပမှာ ထပ်အထုတ်ခံရပါသေးတယ်။ NLD/LA ထဲမှာပါ။ တိတိကျကျဆိုရင် အနောက်ပိုင်းတိုင်းမှာပါ။ ၁၉၉၁-၉၂ မှာ NLD/LA အနောက်ဖက်ဒေသ ထူထောင်ကတည်းက ပြည်ပကို အတူထွက်လာခဲ့သူ ပုလဲ (၁) အမတ် ဦးသန်းစိန်နဲ့ ကျွန်တော်တို့က ဦးဆောင်ပါတယ်။

၂ဝဝ၅ ခုနှစ်မကုန်ခင်မှာ အဖွဲ့တွင်းအငြင်းပွားမှုတွေ လူကြားမကောင်းအောင်အထိဖြစ်ပါတယ်။ နောက်ဆုံးမှာ ကျွန်တော့်ကို ဥက္ကဋ္ဌတာဝန်ကနေ ဖယ်ရှားတယ်ဆိုတဲ့အထိဖြစ်ပါတယ်။ ပါတီဗဟိုကတော့ လုပ်ထုံးလုပ်နည်းနဲ့မညီလို့ အရေးမယူပါ။ ဦးသန်းစိန်နဲ့ ကျွန်တော်တို့မပါပဲ နောက်ထပ်လူသစ်တွေ ရွေးကြပါတယ်။ ဒီမိုကရေစီအရ လှို့ဝှက်မဲပေးနည်းပါပဲ။ ၂ဝဝ၆ ဖေါ်ဖေါ်ဝါရီလကတည်းက ကျွန်တော်ဟာ NLD/LA အနောက်ပိုင်းတိုင်းနဲ့ သက်ဆိုင်ခြင်းမရှိတော့ပါ။

ခုချိန်မှာတော့ ကိုယ့်ကိုတိုက်ခိုက်သူတွေ၊ စွပ်စွဲသူတွေ၊ ဆန့်ကျင်ဖက်မှာပါသူတွေ၊ အဲလိုပါတီတခုမှာ အရှက်ရစရာကို အားပေးကူညီခဲ့သူတွေကို ဥပေက္ခာအထိမပြုနိုင်ပေမယ့် ပေယျာလကန်တော့ပြုနိုင်လာပါတယ်။ အဲလိုဖြစ်ဖို့ရာ နှစ်တွေ နည်းနည်းတော့ကြာပါတယ်။ ဒါက တဦးချင်းခံစားမှုပါ။

ပြောချင်တာက ပါတီ။ အဖွဲ့တွင်းစွဲချက်တင်ပြီး ဖယ်ရှားခံရတဲ့ကျွန်တော်ဟာ စင်ပြိုင်အစိုးရထဲမှာ ဆုံးခန်းတိုင်တဲအထိ ဆက်ရှိနေနိုင်ခဲ့တယ်။ မဟာမိတ်အဖွဲ့အစည်းတွေထဲမှာလည်း ဆက်ပါနေနိုင်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် NLD/LA ဗဟိုက အဖွဲ့တခုစေလွှတ်ပြီး ဒေါ်စုအပါအဝင် NLD ခေါင်းဆောင်မှုနဲ့ သွားတွေ့ပါတယ်။ ကျွန်တော်ကိုလည်း အဖွဲ့ထဲမှာပါဖို့ ဖိတ်ခေါ်ပေမယ့် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် မလိုက်ဖြစ်ပါ။

၂ဝ၁ဝ ခုနှစ်လောက်ကလည်းကစပြီး NLD ဗဟိုနဲ့ရော ကိုယ့်မြိ့နယ်ပါတီနဲ့ပါ ကနေအထိ ထိစပ်မှု နေ့ရောညပါ ရှိပါတယ်။ နေကောင်းကြလားရေးတာမဟုတ်ပါ။ ၂ဝ၁၅ မှာ ကျွန်တော် ၂ဝဝ၆ တုံးကလိုအဖြစ်မျိုးခံရသူတွေ ရှိနိုင်ပါတယ်။ နိုင်ငံရေး ပြက္ခဒိန်ဆိုတာ ကုန်ဆုံးတယ်မရှိပါ။

၁၉၈၉ တုံးက (ဖရန့်စစ် ဖူကူယားမား) က သမိုင်း၏နိဂုံး အက်ဆေးရေးခဲ့ပါတယ်။ အနောက်တိုင်းပုံစံ ဒီမိုကရေစီစနစ်ဟာ သမိုင်းရဲ့အဆုံးမှတ်ဖြစ်တယ်လို့ ပြောပါတယ်။ (သောမတ်စ် မိုး)၊ (ဟေဂယ်လ်)၊ (ကားလ် မတ်စ်) တို့ရဲ့ အယူအဆတွေနဲ့ တမူကွဲထွက်လာတာပါ။ အဲတာလည်း (သီအိုရီ) ပါပဲ။ ၂ဝဝ၃ မှာ အီရတ်စစ်ပွဲဖြစ်တော့ (ဖူကူယားမား) ကိုယ်တိုင် သူ့အယူအဆကို မွမ်းမံရပါတယ်။

ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ့်ပါတီတွင်းမှာပြောရတာ ပိုခက်ပါတယ်။ ဒါပေမယ့် အခက်အခဲတွေ ကျော်လွှားဖို့ဆိုတာ အဆန်းမဟုတ်တော့ပါ။ အဲတာ မီးပင်လယ်မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၅-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ