Guided missile အဝေးထိန်းဒုံးကျည်နဲ့ပစ်ခြင်း

Sayar I'm့ အင်္ဂလိပ်လိုရေးပါတယ်။ ရန်ကုန်က နိုင်ငံခြားသတင်းဌာနတခုကဖြစ်ပါတယ်။ Black ribbon movement ကိုသိချင်ပါတယ်တဲ့။ ပြည်တွင်းနေဆရာဝန်တွေက ပြောရဲဆိုရဲနည်းကြလို့တဲ့။ အဲတာနဲ့ ရေးပြီးသာတွေကို တစုတစည်းထဲ စုပြီးပို့လိုက်ပါတယ်။ သိလိုသေးလည်း မေးပါလို့။

စောစောက Fake account လူပြောသလို ကျွန်တော်က ကျည်ကွယ်မျက်ကွယ်နေတာမို့။ ကျည်ကွယ်မျက်ကွယ်ဆိုလည်း မလွတ်ပါ။ မကြမီကကွယ်လွန်သွားတဲ့လူကြီးတယောက်ကို မိုင်ထောင်ပေါင်းများစွာဝေးတဲ့ဆီကနေ အမည်စာရင်းထဲ ထည့်တာခံရတယ် မဟုတ်ပါလား။ ပစ်မှတ်ရွေးပြီး ချက်ကောင်းထိအောင်ပစ်တဲ့နည်တွေပေါ်နေပြီ။ ကျွန်တော်ကလည်း အဲဒီနည်းနဲ့ပစ်နေတာ။ ကျွန်တော့်ဒုံးကျည်ကလည်း အနက်ရောင်ပဲ။

(၁) Black ribbon ဖဲကြိုးနက်
အရေးပါလှတဲ့ သင်္ကေတတခုဖြစ်တယ်။ ဝမ်းနည်း၊ သေဆုံး၊ ထိခိုက်မှုတွေအတွက် အောက်မေ့ဘွယ်အဖြစ်သုံးတယ်။ ဝမ်းနည်းခြင်းအထိန်းအမှတ် လက်မောင်းမှာ အနက်စပတ်ထားတာနဲ့ဆင်တူတယ်။ နိုင်ငံရေးမှာလည်းသုံးတယ်။ မြန်မာပြည်မှာတော့ ကျန်းမာရေးမှာစသုံးနေပြီ။

နိုင်း-အလဲဗင်း ခေါ်တဲ့ နယူးယော့ကုန်သွယ်ရေးတာဝါကြီးကို အကြမ်းဖက်သမားတွေဖြိုချခံတုံးကလည်း သုံးခဲ့တယ်။ ၂ဝ၁ဝ ဆောင်းရာသီအိုလံပင်ပွဲတော်တုံးက ဂျော်ဂျီယာအလံမှာ ဖဲကြိုးအနက် တပ်ထားခဲ့တယ်။ ၁၈-၇-၂ဝ၁၄ နေ့က ပျက်ကျသွားတဲ့ မလေးရှားလေကြောင်းပိုင်လေယာဉ်အတွက် ဒတ်ခ်ျမှာ ဖဲကြိုးနက်သုံးကြတယ်။ ၁၉၉၇ ခုနှစ်က ဗြိတိန်မှာ မင်းသမီးဒိုင်ယာနာ သေဆုံးတော့လည်းသုံးခဲ့တယ်။

ဥရောပတချို့နိုင်ငံတွေမှာ Black Ribbon Day ဖဲကြိုးနက်နေ့လို့ရှိတယ်။ စတာလင်ဝါဒနဲ့ နာဇီဝါဒကြောင့် ဘေးဒဏ်သင့်ခွရသူတွေကို အောက်မေ့ဝမ်းနည်းပြီး နှစ်စဉ် သြဂုတ်လ ၂၃ ရက်နေ့မှာကျင်းပကြတယ်။
၂ဝဝ၅ သြဂုတ်လ အမေရိက ကက်ထရီနာ ဟာရီကိန်းမုန်တိုင်းနဲ့ ၁၅-၈-၂ဝဝ၇ ပီရူး မြေငလျင်အတွက် ဖဲကြိုးနက်ကို ဝတ်ဆင်ခဲ့ပေမယ့် ၂ဝ၁၅ မြန်မာ့ရေဘေးကာလမှာတော့ ဆရာဝန်တွေကနေ ဖဲကြိုးနက်ကင့်ပိန်းလုပ်နေကြတယ်။ သမိုင်းတွင်စေပါမယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၅

(၂) Prescription ဆေးညွှန်းစာ
ဆရာဝန်လောက ဗွက်ထနေတာလေး ရေးပါအုံးတဲ့။ ဗွက်ဆိုတာ အပေါ်က မိုးကျရွှေကိုယ်တွေကျလာလို့ပါ။ မိုးသည်းသည်းရွာတော့ ရေတွေလျှံတယ်။ လူတွေအိမ်တွေရေနစ်တယ်။ မိုးများတာသာမက သဘာဝတရားကြီး ဖျက်ဆီးခံထားရလို့ မိမြန်မာနှစ်ခါနာတယ်။

ဆေးကျောင်းကပြီးတော့ ဟောက်ဆာဂျင်အလုပ်ကို မေမြို့စစ်ဆေးရုံမှာတာဝန်ကျတယ်။ ကျွန်တော့်မှာ ကံဆိုး-ကံကောင်း လောကဓံက အမြဲတွဲနေတာ သိသာတယ်။ စစ်ဆေးရုံမှာတာဝန်ကျသူတွေ စစ်မှုထမ်းဥပဒေအရ စစ်ဆရာဝန် ၃ နှစ်တာ ခေါ်တဲ့ထဲမှာ ပါသွားနိုင်တယ်လို့ မှတ်ထင်ထားတာမို့ စိုးရိမ်ခဲ့ရတယ်။ ကံတရားက ဖယ်မပါတယ်။ သူငယ်ချင်း မေမြို့သူကို မေမြို့မှာပဲ ဟောက်စ်လုပ်စေချင်တော့ သူ့မိဘတွေကလူကြီးတွေသွားပြောနိုင်တာနဲ့ မန္တလေးဆေးရုံကြီးကသူ့နေရာမှာ ကျွန်တော်က ပြောင်းပေးတာခံရတယ်။ ဟောက်ဆာဂျင်မှာ ထရန်စဖါကျတာ ကျွန်တော်ပဲရှိမလား အသားလွတ် ဂုဏ်ယူလိုက်သေးတယ်။

ဆေးကျောင်း ၇ နှစ်မှာ အတူတူ တစုတည်းသွားလာ၊ တဝိုင်းတည်းစားသောက်ခဲ့သူတွေထဲက စစ်ထဲဆက်ဝင်သူတွေ ရှိတယ်။ ဟေ့ကောင်ပဲခေါ်ကြတယ်။ သူတို့ကလည်း အခင်အမင်မပျက်ကြပါ။ ဒါကပုဂ္ဂိုလ်ရေး။

စစ်တက္ကသိုလ်မှာ ဆရာအောင်သင်းက မြန်မာစာသွားသင်ရဖူးတယ်။ သဘာဝကျတယ်။ အငြင်းမပွါး လေးစားခံရတယ်။ အခုတော့ ကျန်းမာရေးဌာနမှာ စစ်ရေးပြလာသင်မယ်တဲ့။ ကျန်းမာရေးဦးစီးဌာနကို ဖေါင်ကြီးသင်တန်းကျောင်း လုပ်တော့မလားမသိပါ။

မေမြို့ဆောင်းတွင်းကာလ စစ်ဗိုလ်ဆရာဝန်တွေက ရေနွေးနဲ့ရေချိုးရချိန်မှာ အရပ်သား အလုပ်သင်ဆရာဝန်တွေ ရေအေးနဲ့သာချိုးခဲ့ရကြောင်းရေးပါတယ်။ အခု အုတ်အော်သောင်းနင်း ကျန်းဦးစီးဌာန ချနင်းခံရတဲ့သတင်းမှာ ဘာမဆိုင်ဘာမဆိုင် ပြည်ထောင်စုဝန်ကြီးဆိုသူကနေ နွေးနွေးထွေးထွေးကြိုဆိုပါတဲ့။ ဆရာဝန်တွေက ဆေးညွှန်း ပရက်စခစ်ပရှင်းတွေရေးပေးကြတယ်။ ဆာလ်ဖြူရစ်အက်စစ်တဲ့၊ လစ်ခရီဇောလ်တဲ့၊ ကာဘောလစ်အက်စစ်တဲ့။
ကျန်းမာရေးဌာနအတွက် ကယ်ဆယ်ရေးတွေလိုနေပါတယ်။ လူသန့်ဆေးပြား ဘယ်မှာရမလည်း။

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၅

(၃) Prescription လူသန့်ဆေးပြားအလိုရှိသည်

(၄) Selection board ရွေးချယ်ရေးဘုတ်အဖွဲ့
ခုံပေါ်မှာလက်မထောင်ထား လက်မထိပ်ကို အပ်စိုက်ပြီးတူနဲ့ထု။ (တပင်ရွှေထီး စစ်သားစုဆောင်းရေးနည်းလမ်း)
မင့်အသက် ဘယ်နှစ်နှစ်ရှိရှိ စစ်ထဲဝင်ခဲ့။ (စစ်အစိုးရလက်ထက် စစ်သားစုဆောင်းရေးနည်းလမ်း)

မင်းက မုံရွာကဆိုရင် မုံရွာနဲ့ မန္တလေးကြားက ဘူတာစဉ်ကိုရွတ်ပြ။ (ရာထူးဝန်အဖွဲ့ကနေ လက်ထောက်ဆရာဝန် ရာထူးအတွက် မေးခွန်း)

မင်းကို တပ်ထဲမှာမလိုတော့ဖူး၊ ကျန်းမာရေးဦးစီးဌာနသွား။ (၂ဝ၁၅ ရာထူးခန့်ထားရေးစနစ်)

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၅

(၅) Boat people တလှေတည်းစီးများ
ဖဲကြိုးနက်ကင့်ပိန်းကို ဆက်မလုပ်တော့ဖူးဆိုတဲ့သတင်းလေးတခုလည်း ဖတ်ရတယ်။ ဝှိုက်ကပ်သိမ်းသလိုဖြစ်မလား တန်းမြင်မိတယ်။ ပွဲဆူနေချိန်မှာ ခဏတာငြိမ်သာပေးလိုက်ဆိုတဲ့နည်းနာရှိတယ်။

ကျွန်တော် လိုက်ခ်လုပ်လို့မနိုင်တာ ဒီကင့်ပိန်းပါ။ ကျွန်တော် လက်မြှောက်အရှုံးပေးရတယ်။
တက်မမြှောက်ကြနဲ့လို့ ဗိုလ်ချုပ်ပြောတာသတိရတယ်။

လူနာအခြေအနေက အသက်ကယ်ပြီးယုံသာရှိသေးတယ်။ နာတာရှည်ဖြစ်နေတဲ့ရောဂါကို ပျောက်အောင် ဆက်ကုပေးကြရအုံးမယ်။

ဒေါက်တာတင့်ဆွေ
၁၁-၈-၂ဝ၁၅

(၆) Shwepyiaye ရွှေပြည်အေး
ဖဲကြိုးနက်လှုပ်ရှားမှုအကြောင်း RFA ရေဒီယိုနဲ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတဦးတွေ့ဆုံမေးမြန်းခန်း
ဖြေကြားသာသူက ချိုချိုသာသာ ပြေရာပြေကြောင်းလေးတွေပြောပါတယ်။ အဲလိုခေါ်ခန့်တာ ၁၃ ဦးသာရှိတယ်။ သုံးရာကျော်မဟုတ်ပါ။ ပြန်လည်စဉ်းစာပါမယ် စသဖြင့်။

၁၉၆၇ ဇွန်လမှာဖြစ်ခဲ့တဲ့ တရုပ်-ဗမာအရေးအခင်းတုံးက မကျေနပ်ကြတဲ့ ဆေးမန်းကကျောင်းသားတွေနဲ့ ဝ/သမန်းက ကျောင်းသားတွေ မန္တလေးမြို့ (အေ) လမ်းရဲ့တောင်ဖက်နဲ့ မြောက်ဖက်မှာစုနေကြရတယ်။ (အေ) လမ်းပေါ်မှာတော့ စစ်ကားတွေ၊ ရဲကားတွေအပြည့်ရှိနေလို့ သန်းကောင်ကျော်အထိ နှစ်ဖက်အုပ်စုကပေါင်းလို့မရကြဘူး။ ခဏနေတော့ ဗိုလ်မှူးတယောက်ကနေ ကျောင်းသားတွေကို လေပြေထိုးပြီး၊ ရွှေပြည်အေးတရားဟောပါတယ်။ ကိုယ့်ကျောင်းကို ပြန်ကြဘို့ပါ။ စကားပြောကောင်းပါတယ်။ ကျောင်းသားတွေက မပြန်ကြပါ။ ဖမ်းချင်လည်းဖမ်းပါဆိုတော့ လင်းကာနီးမှာ အချုပ်ကားတွေရောက်လာတယ်။ အချုပ်ကားတွေပေါ်မတက်နိုင်ဘူးဆိုတော့ တီအီး-အလဲဗင်းစစ်ကားတွေ ရောက်လာပါတယ်။ ကျွန်တော်လည်း စီးဖူးသွားတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၈-၂ဝ၁၅

(၇) Attention please!
ပို့စ်တခု = အားလုံးသတိရှိကြပါ။ Black Ribbon Campaign စခဲ့တဲ့သူတွေကို လိုက်နေတယ်လို့ ခိုင်လုံတဲ့သတင်းက ကြားသိရပါတယ်။

တရားခံရှာတာဆို ကျွန်တော့်နာမည်ပြောပေးပါ။ ချီးကျူးဂုဏ်ပြုဘို့ဆိုရင် တကယ့်လူတွေကိုသာပြောပါ။

ဒေါက်တာတင့်ဆွေ
၁၁-၈-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး