တပည့်မရှား တပြားမရှိ

ပို့စ်တခု တွေ့တယ်။ တပည့်လည်းမရှား၊ တစ်ပြားမကလည်းရှိသည့်ဆရာ တဲ့။

ကွန်မင့်ရေးလိုက်တယ်။ ဒီအသုံးစကား ပေါ်စက တပည့်မရှား တပြားမရှိ။ ပေါ်လစီသတ်ပုံအတိုင်းသာ ရေးလိုရင် တစ်ပည့်မရှား တစ်ပြားမရှိ။ ကွန်မင့်ရေးပြီးမှ တူမတယောက်မှန်းသိတယ်။

ဇန္နဝါရီလ (၁၆) ရက်နေ့ဟာ မြန်မာနိုင်ငံဆရာများနေ့လို့ ဝီကီပီးယားမှာ ရေးသွင်းထားပါတယ်။ ဟုတ် မဟုတ် မသိပါ။ ကျွန်တော်သိတာက နေ့တိုင်းမှာ အာစရိယကျေးဇူးရှိတယ်။ ဆရာများနေ့ကို ရက်အမျိုးမျိုးမှာကျင်းပကြတယ်။ အောက်တိုဘာ ၅ ရက်မှာ နိုင်ငံ (၂ဝ) မှာ ကျင်းပတယ်။ ဖေဖေါ်ဝါရီ ၂၈ ရက်မှာ (၁၁) နိုင်ငံမှာကျင်းပတယ်။ တခြားနိုင်ငံတွေက ရက်တမျိုးစီမှာ ကျင်းပကြတယ်။

ဆရာ
ကျွန်တော်သင်ထားတဲ့ အသိပညာ၊ နှမ်းစေ့ပမာ။ ကျွန်တော်တတ်တဲ့ ဆေးပညာ၊ သလေးစပါးလောက်သာ၊ ကျွန်တော် လုပ်နိုင်တဲ့ နိုင်ငံရေး၊ ရွေးစေ့ထက်တောင် သေးပါတယ်ဆရာ။ ဒါပေမဲ့ဆရာ ဆန်စေ့ကို ထမင်းချက်၊ ဆီထွက်အောင် နှမ်းကိုကြိတ်၊ ကိုယ့်ဝိတ်ကို ရွေးစေ့နဲ့ချိန်ကြည့်၊ အတိအကျ ရတဲ့အဖြေဟာ ကျွန်တော်ပါဆရာ။ ဘာဖြစ်နေနေ ကျွန်တော် တွေးတာ ရေးတာဟာ ဆန်ကုန်မြေလေး မဖြစ်ရေးပါဆရာ။

ဆရာရေးခိုင်းတဲ့ တယောက်အားနဲ့ယူသော်မရ စာစီစာကုံး ခေါင်းစဉ်မှာ စသတ်မပါ။ နားထောင်ဖူးတဲ့ တယောက် တလက် တအား သီချင်းစာသားမှာ စသတ်မပါ။ ကျွန်တော်ရေးတဲ့မြန်မာစာ မလိုတဲ့တတွေမှာ စသတ်မပါ။

သူများတွေဆီမှာ ခက်တာတွေကို လွယ်တာပြောင်းလာ၊ ကျွန်တော်တို့မှာ အရာရာ အပိုအဆာတွေတိုးတိုးလာ။ ကျွန်တော် တယောက်အားနဲ့သာ ယူနေမိသလားဆရာ။

ဒေါက်တာတင့်ဆွေ
၃၀-၉-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ