မောင့်တောအုပ်မှာ

ငှက်ပြာဝတ်ရည် သောက်ယစ်ရီတတ်
နှင်းဆီဖြူလဲ့ ပျံ့သင်းဖွဲ့တတ်
ဝါသွဲ့ ရွက်ကြွေ လိပ်ပြာပွေတတ်
မြစ်ရေချောင်းစ တေးညင်းမြတတ်
မိန်းမလှသူယောင် မျက်တောင်ခတ်တတ်
ကျမ်းတတ်ဇော်ဂျီ ဖိုဝင်မီတတ်
ကြံစည်သမျှ ဖြစ်မြောက်ရသည့်

မောင့်တောအုပ်မှာ
လာလှဲ့နေလှဲ့  အိပ်မက်လှဲ့ဟု
သဲ့သဲ့ခေါ်ငင် မပြီပြင်လည်း
ထင်ထင်ကြားလိုက် တိမ်မူးခိုက်ဝယ်
မိုက်မှားကြမ္မာ တွန်းပို့ ရာသို့ 
ထွက်ခွါလွင့်ပါး ရပ်တပါး၌
ရွေ့လျားရသီ ထပ်ခဲ့သည်။

မောင့်တောအုပ်မှာ
ချမ်းသာအေးမြ နေချင်လှလည်း
လမ်းစပျောက်ပျက် ရှာပြန်ခက်ပြီ
ပင့်သက်မောတွေ မျက်ရည်ဝေဆဲ
မနေပျော်လည်း လာလိုက်ခဲ့ဟု

သဲ့သဲ့ခေါ်သံ ကြားရပြန်၏
မြဲမြံနွယ်နှောင် လူတို့ ဘောင်၌
ယောင်မှားဧည့်သည် မပျော်ကြည်ဘူး
မဆည်နိုင်တော့ နွမ်းပျော့ခွေညှိုး
လမ်းမှားတိုးဆဲ တိုးတိုးတမျိုး
ချိုးငယ်ပြောသည့်

မောင့်တောအုပ်မှာ
ငှက်ပြာဝတ်ရည် သောက်ရစ်ရီသတဲ့
ဝါသွဲ့ ရွက်ကြွေ လိပ်ပြာပွေသတဲ့
မြစ်ရေချောင်းစ တေးညင်းမြသတဲ့
မိန်းမလှသူယောင် မျက်တောင်ခတ်သတဲ့
ကျမ်းတတ်ဇော်ဂျီ ဖိုဝင်မီသတဲ့
ကြံစည်သမျှ ဖြစ်မြောက်လှသတဲ့
နှမ မသိ ရှိမည်လား။  ။

၁၉၇၃ ဖေဖေါ်ဝါရီလထုတ် ရှုမဝမဂ္ဂဇင်းမှာ ကြည်အေးရေးတဲကဗျာ။ စာသားကို သတ်ပုံမပြင်ပဲတင်ပေးသူ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး